ထုတ်ပြန်ကြေညာချက် - ရိုးသားစစ်မှန်မှုမရှိသော အကျဉ်းသားလွှတ်ပေးမှု

Saturday, October 15, 2011


သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်၊

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရမှ ထုတ်ပြန်လိုက်သော နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် ဒုတိယအကြိမ်အတုအယောင် လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာကာ နိုင်ငံတကာအသိုင်းအဝန်းအား နှစ်သိမ့်ရန် ကြိုးစားလိုက်ခြင်းပင်ဖြစ်သည်။ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၁ ခုနှစ်တွင် အကျဉ်းသား ၆,၃၅၉ ဦး လွှတ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုအချိန်အထိ အကျဉ်းသားမည်မျှအား လွှတ်ပေးပြီးဖြစ်သည်ဟူသည့် တိကျသောအရေအတွက်အား လူသိရှင်ကြား သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အေအေပီပီ အနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက် အကျဉ်းသားလွတ်မြောက်မှုအား စောင့်ကြည့် မှတ်တမ်းပြုစုရာတွင် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအရေအတွက်သည် ယခုအချိန်အထိ စုစုပေါင်း ၂၀၇ ဦးသာ ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးဂမ္ဘီရတို့ကဲ့သို့ မြန်မာပြည်နိုင်ငံရေးတွင် အဓိကကျသော နိုင်ငံရေးအကျဉ်းသားတော်တော်များများ လွတ်မြောက်လာခြင်းမရှိပါ။ နိုင်ငံတကာ ဖိအားများလျှော့ချရန်အတွက် အထူးသဖြင့် မြန်မာနိုင်ငံ အာဆီယံဥက္ကဌ ဖြစ်ရေး၊ ကမ္ဘာ့ကုလသမဂ္ဂကြီး၏ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မတိုင်မီနှင့် မြန်မာနိုင်ငံအပေါ် စီးပွါးရေးဆိုင်ရာ ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရန်အတွက် ရည်ရွယ်ကာ အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် ရိုးသားစစ်မှန်မှုမရှိပါ။

ယခင်စစ်အစိုးရအဆက်ဆက်မှ လွှတ်ငြိမ်းချမ်းသာခွင့်ပေးမှုများသည်လည်း ကမ္ဘာ့နိုင်ငံများ၏ ဖိအားများ လျော့ကျစေရန်အတွက်ရည်ရွယ်ကာ အမှန်တကယ်ပြောင်းလဲမှုကို ပြုလုပ်ရမည်ထက် အတုအယောင် လွတ်ငြိမ်းချမ်းသာခွင့်အား အသုံးပြုခဲ့ခြင်းသာဖြစ်ပါသည်။ အောက်တိုဘာလ ၁၂ ရက် အကျဉ်းသားလွတ်မြောက်မှုသည်လည်း ယခင်လွတ်ငြိမ်းချမ်းသာခွင့်များနှင့် ခြားနားမှုမရှိပါ။ ယနေ့အထိ ဦးသိန်းစိန်အစိုးရမှ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ တည်ရှိနေမှုအား အသိအမှတ်ပြုခြင်း မရှိပါ။ ယင်းကဲ့သို့ အသိအမှတ်မပြုမှုသည် ဦးသိန်းစိန်အစိုးရမှ ဒီမိုကရေစီ အပြောင်းအလဲများအတွက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နေပါသည်ဟုဆိုခြင်းအား ရိုးသားပွင့်လင်းမှုမရှိကြောင်း စိတ်စေတနာမမှန်ကြောင်း ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားများအဖြစ် အသိအမှတ်မပြုပဲ သာမန်ကာ လျှံကာ လွှတ်ပေးခြင်းသည် မြန်မာအစိုးရအနေဖြင့် ထိုသူများ၏ ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် ၄င်းတို့၏ဂုဏ်သိက္ခာအား အသိအမှတ် မပြုခြင်းပင်ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စစ်မှန်စွာ ဦးတည်နေပါသည်ဟု ပြောဆိုနေမှုနှင့် ဆန့်ကျင်ကာ ရိုးသားခြင်းမရှိသော ကြိုးစားအားထုတ်မှု တစ်ရပ်ပင် ဖြစ်ပါတော့သည်။

ပိုမိုဂုဏ်သိက္ခာရှိသော ချည်းကပ်မှုတရပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများတည်ရှိမှုကို အသိအမှတ် ပြု၍ ထိုနိုင်ငံရေးအကျဉ်းသားအားလုံးအား ချွင်းချက်မရှိလွှတ်ပေးရန် လိုအပ်ပါသည်။ ထို့အတွက် နိုင်ငံရေး အကျဉ်းသားအားလုံးအား ခြွင်းချက်မရှိလွှတ်ပေးရမည့်အပြင် ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မြန်မာပြည်နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ရန်နိုင်ရန်အတွက် ၄င်းတို့အား မတရားချမှတ်ထားသည့် ရာဇဝတ်ပြစ်မှု မှတ်တမ်းများအား အပြီးအပိုင် ပယ်ဖျက်ပေးရပါမည်။

ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းအနေဖြင့် နိုင်ငံတကာ အသိုင်း အ၀ိုင်းအား ဦးသိန်းစိန်အစိုးရမှ နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုကာ ၎င်းတို့အားလုံးအား ဂုဏ်သိက္ခာနှင့်အညီ ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်အတွက် ကြိုးစားဆွဲဆောင်ရန် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

3 comments :

  1. Anonymous said... :

    လုံးဝမှန်ကန်ပါကြောင်း.AAPP အားထောက်ခံအတည်ပြု့အပ်ပါသည်။


    နေလက်

  1. Zaw Zaw - said... :

    Not agree with your announcement.
    This can be negative effective.
    Dont be too anxious. Slow and steady win the race. Look back past 20 years. Learn from history and experiences. The main thing is to reduce no of PP and not to increase no of PP. You need to analysis how many PP increase and decrease after U Thein Sein took power. On the past years, we surf the political web sites, blogs to know about our country using proxy servers and nothing can get from local journals. Now it already reversed. Local journals are more interesting than these web sites. The person who lived in jail know more about jail. The same, the person who lived in country know more about country.
    So we feel saturation is better and better.
    Wait and see... Be positive.

  1. Anonymous said... :

    ko ko char
    နိုင်ငံရေးအကျဉ်းသားရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သိချင်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေကို သေချာသဘောပေါက်ရင် နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာကို သဘောပေါက်သွားကြမှာပါ။ ဥပမာ- ကျွန်တော်က လမ်းမပေါ်ထွက်ပြီး အစိုးရကိုဆန့်ကျင်မယ်၊ ဆဲမယ်။ အစိုးရကကျွန်တော့်ကို ဖမ်းမယ်။ အမှုဖွင့်မယ်၊ ဥပဒေအကြံပေးချက်နှင့်အညီ ရုံးတင်တရားစွဲမယ်။ ဒါဆိုရင် ကျွန်တော်က ဒီမိုကရေစီသူရဲကောင်းဖြစ်သွားမယ်၊ ခင်ဗျားတို့ပြောတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သွားမယ်ပေါ့လေ။ကျွန်တော်ဆိုလိုတာက(အစ်ကိုမင်းကိုနိုင်တို့တွေလုံးဝမပါဝင်ပါ) ပြစ်မှုဆိုင်ရာဥပဒေနဲ့ထောင်ဒဏ်ကျခံရသူတွေဟာ အားလုံးအတူတူ ပါဘဲ။ သိက္ခာသာကွာခြားသွားတာပါ။မုဒိမ်းမှု၊ လူသတ်မှု၊ လှည့်ဖြားမှုနဲ့ထောင်ဒဏ်ကျတဲ့သူတွေထက် နိုင်ငံခြားငွေတရားမ၀င်ကိုင်ဆောင်မှု၊ပုံနှိပ်အက်ခြိုးဖောက်မှု စသည့်ဖြင့် ထောင်ဒဏ်ကျခံနေရသူတို့က သိက္ခာရှိသေးတယ်လို့ဆိုလိုတာပါ။ ခင်ဗျားတို့အားကျတဲ့ ဒီမိုကရေစီရှေ့ဆောင် အမေရိကန်တောင် အကြမ်းဖက်သမား အဓိပ္ပာယ်သတ်မှတ်ချက်တွေကို သူကိုယ်တိုင်တောင် သေချာရှင်းမပြနိုင်ပါဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတာကို အားလုံးကလက်ခံခဲ့မယ်ဆိုရင် KNU,KIA,ABSDF,SSA,တို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သမားတွေအဖြစ် ခင်ဗျားတို့ကလက်ခံမှာလား။ ကျွန်တော်က ကပ်ဖဲ့တိုက်ပြီးပြောနေခြင်းမဟုတ်ပါ။ အစိုးရဘာလုပ်လုပ် မျက်စိမှိတ်ပြီးအော်နေမဲ့အစား သေချာသိအောင်ကြိုးစားပါ။ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved