တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ

Friday, October 7, 2011

(ပုံ - ယေးလ် ဂလိုဘယ်)


(Yale Global Online မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “Burma delivers its first rebuff to China” သတင်းကို Yangon Chronicle သတင်းလွှာမှ ဘာသာပြန်သည်)
Link
တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ အာရှနိုင်ငံများက ပိုမို စိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအားလျှပ်စစ်တမံ စီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်းသစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဖက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတစ်ခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ်မှီခိုနေရခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလားဆိုသည့် မေးခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်း မရှိဘဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ-တရုတ် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ရေးထိုးလိုက်ပြီဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင်ပေးပို့ကာ နိုင်ငံမြောက်ပိုင်း၌ အကြီးစားရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည့် အမေရိကန်ဒေါ်လာ ၃. ၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံးတမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်း ကီလိုမီတာ မြေပြင်ကို ရေမြှုပ်သွားစေမည်ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလားဆိုသည့် အချက်မှာ မသဲကွဲသေးပါ။ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင်ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ်လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဖက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။

ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည် ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ်ပေါင်းများစွာအတွင်း မမြင်ခဲ့ဖူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံသည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင် စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများ၏ ကိရိယာသစ်တစ်ခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများလျှံထွက်နေသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ဧရာဝတီ ကယ်တင်ရေး’ အစည်းအဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ ကြီးထွားလျက်ရှိရာ၊ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်းဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမားများနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက်နိုင်ငံများ၏ ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာ ရောက်မည့်အဖြစ်ကို လိုလားမည် မဟုတ်ပါ။

မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့(တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့် ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာပိုများနေသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းနိုင်ငံကို ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ်ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ်ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံထောက်ပံ့ကူညီရန် ပြင်ဆင်လာကြတော့သည်။

၁၉၆၇ တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မတော် ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာ အဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ်ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ်ဆယ်စုနှစ် တစ်စုလုံးလုံး အင်ဒိုချိုင်းနား ကျွန်းဆွယ်အပြင်ဖက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီများ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ "ပြည်သူ့အသံ" ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူနန်ပြည်နယ်ဖက် အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများ (ဝ လူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၇၆ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိသွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအော ကူညီမှု ဇာတ်သိမ်းခန်းအစ ဖြစ်လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေး လှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင်စားခြင်း မရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တလာခဲ့ခြင်းဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တစ်ခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင်မူ တစ်ဆင့်ပြီးတစ်ဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း မြောက်များစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦး စီမံကိန်းများစွာတွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။

၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဖက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဖက်အကြံပေးများလည်း တစ်သုတ်ပြီးတစ်သုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည်လည်း တစ်ဟုန်ထိုးဖွံ့ထွားလာတော့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက်ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓါတ်ငွေ့ကို တရုတ်သို့ပို့မည်။ ပိုက်လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာ ရေလက်ကြားကို ရှောင်ရှား သယ်ယူမည့် ရေနံစိမ်း ပိုက်လိုင်းတစ်ခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓက တစ်ခုပင် ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာ စစ်ဖက် ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တစ်ချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသော စစ်ပွဲကို မမေ့နိုင်သလို ဗကပ အသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သူတို့၏ ရဲဘော် ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ပြန်လည် တူးဆွထားသည်။

သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက် အပြီးတွင် တရုတ်တို့က ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်း အစီရင်ခံစာတွင် တမံ အရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထားသည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များ ပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည်ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးထားသည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝံ့ဝံ့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေး ယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဆက်ဆံရေး ဟန်ချက် ညီအောင် ကြိုးစားနေခြင်းကို ထုတ်ဖော် ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဖူးသော ဘက်မလိုက် မူဝါဒကို ပြန်လည် ချဉ်းကပ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အချို့ အကဲခတ် စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာ အစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထားခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြနေကြသည့် "မြန်မာနိုင်ငံ၏ ယုံကြည် စိတ်ချ အားကိုးမှု" ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်း မဟုတ်ပါဟု မဟာဗျူဟာ လေ့လာရေး သုတေသန ပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းချပေးနေသူများက ပြသနေသော အထောက်အထား တစ်ခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယား နိုင်ငံများထံ ပြောင်းလဲ ဝယ်ယူကာ ယင်း၏ လက်နက် ဖူလုံရေး အစီအစဉ်ကို ခွဲဝေ ဖြန့်ကျက်ခဲ့သော အချက်ပင် ဖြစ်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်းအစား 'တရုတ်ဝှက်ဖဲ' ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။

မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦး ရေးသားကာ နေပြည်တော် ထိပ်ပိုင်းအဆင့်က ခွင့်ပြုခဲ့သည်ဟု ကြားသိရသော ဘန်ကောက်ပို့စ် သတင်းစာပါ 'ရေးသူအမည်မပါ' ဆောင်းပါးတစ်ပုဒ်တွင် "ကျွန်တော်တို့ နိုင်ငံကို တရုတ် သြဇာခံ ပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော် ကျွန်တော်တို့ နိုင်ငံကို ရွေးချယ်စရာ မရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကြပ် မပြုလုပ်သင့်ပါ" ဟု ဖော်ပြထားသည်။

ဤစကားစုတွင် အတင်းအကြပ် ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အစိုးရဖက်က အမြင်ကို ကြည့်ပါက တရုတ် ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ်ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ကာ အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု လျော့ပါး သွားရန် မျှော်လင့်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လို အုပ်ချုပ်သလဲဆိုသည်မှာ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ မြန်မာအစိုးရက မကြာခဏ ထုတ်ဖော် ပြောဆိုလျက် ရှိပေသည်။ မြန်မာ အစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။





2 comments :

  1. Anonymous said... :

    Who sign the contract?
    Who took bribe from chinese government?
    Who hidden the media to the public?
    Who buy the property in China?
    Who depend on the chinese government?
    Who bought the rubbish military weapons?
    So,that man have to take the responbility of this problem.

  1. Anonymous said... :

    who cares about you. this is our country future

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved