အမွှေပါရဂူနှင့် စကားစမြည်

Friday, October 28, 2011

.





သားစိုး (ဓာတ်ပုံ - popularmyanmar.com)

သားစိုးကို ၂၀၀၆ ခုနှစ်မှစတင်၍ ရောသမမွှေ စီးရီးနှင့် မြန်မာသံစဉ်တေးသီချင်းများကို မွှေနှောက်လာခဲ့သူ၊ “မွှေ” စီးရီးများ ဆက်တိုက်ထွက်ခဲ့သူ အဖြစ်ပရိသတ်အများ သိရှိ အားပေးလာခဲ့သည်။ ယခုအခါ မြန်မာသံစဉ် အမွှေ သီချင်းများကို အင်္ဂလိပ် ဘာသာသို့ ပြန်ပြီး အမေရိကားတွင် ဖြန့်ချိရန် စီစဉ်နေကြောင်းလည်း သိရသည်။ ၎င်း တေးစီးရီးကို Devil has the best tune ဟူ၍ အကြမ်းဖျဉ်းအမည် ပေးထားကာ အီလက်ထရို နတ်ဒိုးများ၊ အီလက်ထရို ဟစ်ပ်ဟော့ပ် စသည်တို့ ပေါင်းစပ် ပါဝင်မည်ဟု သိရသည်။ သားစိုးသည် ၂၀၀၆ ခုနှစ်တွင် ရောသမမွှေ၊ ၂၀၀၇ ခုနှစ်တွင် ရောချင်ရော မရောချင်နေ၊ ၂၀၀၈ ခုနှစ်တွင် အမွှေ၊ ၂၀၀၉ ခုနှစ်တွင် မွှေလို့မ၀လို့၊ ၂၀၁၀ တွင် ရောတယ် မွှေတယ် စသည့် စီးရီးများ ထွက်ရှိခဲ့ပြီး ယခုအခါ “အောင်ပါစေ” အမည်ရှိ စီးရီးကို စီစဉ်နေသည်။


ပရိသတ်များက အမွှေပါရဂူအဖြစ် သတ်မှတ်ထားသော သားစိုးကို ဧရာဝတီသတင်းထောက် သဲသဲက ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။ ။ “အမွှေပါရဂူ” ဆိုပြီး ကိုသားစိုးကို ပရိသတ်တွေက ပြောနေကြတာ ကြားရတယ်။ ဂန္ထ၀င် မြန်မာသံစဉ်တွေကို မွှေနှောက်နေတဲ့အပေါ် ပရိသတ်ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ။ အကောင်းမြင်တဲ့ သူတွေ၊ အကောင်းမမြင်နိုင်တဲ့ သူတွေကို ကိုသားစိုး ဘာပြောချင်လဲ။

ဖြေ။ ။ အဓိကကတော့ သီချင်းတွေကို ရောသမတဲ့အခါမှာ ဒါတွေကို ပရိသတ် နားခံနိုင်အောင် ကျွမ်းကျွမ်းကျင်ကျင် လုပ်ပေးနိုင်တယ်၊ ကျနော့်ဖန်တီးမှုက ပရိသတ်နားထဲမှာ ဘယ်တော့မှ မရိုးဘူး၊ ဒါကြောင့်မို့ “အမွှေပါရဂူ” ဆိုတဲ့ ပရိသတ်ပေးတဲ့ ဘွဲ့ကို ရတာပါ။ အဲဒီအတွက်လည်း ကျေနပ်ပါတယ်။

ဘုရားပွဲတွေ၊ ဘုံကထိန်ပွဲတွေမှာ ကျနော့်သီချင်းတွေချည်း ဖွင့်ကြတာကို ကြည့်ခြင်းအားဖြင့် ကျနော့်ရဲ့ လုပ်နိုင်မှု စွမ်းရည်ကို ပရိသတ်က အသိအမှတ်ပြုတဲ့ သဘောပေါ့။ ဒါက မြန်မာသံစဉ်တွေကို ဖျက်ဆီးနေတာ မဟုတ်ပါဘူး။ ရေစီးကြောင်းကို တားဆီးလို့ မရပါဘူး။ ကျနော် မြန်မာသံကို အခုလိုမျိုး ဖော်ထုတ်နေလို့သာ လူငယ်တွေရဲ့ နားထဲမှာ ဆက်ပြီး ရှိနေတာပါ။
ကျနော်သာ မဖော်ထုတ်ဘူးဆိုရင် မြန်မာသံဆိုတဲ့ဟာက ပြတိုက်ထဲမှာ ထားရမလို ဖြစ်နေပြီ။ ဘယ်သူမှလည်း သေသေချာချာ နားမထောင်တော့ဘူး။ မြို့ပေါ်မှာရော၊ ကျေးလက်မှာရော၊ အကုန်လုံးပေါ့။

ကျနော့်ကို ဝေဖန်တဲ့သူတွေကို ပြောချင်တာက ဒါက မြန်မာ့ဂီတရဲ့ ခေတ်ပေါ်ဂီတ အမျိုးအစား၊ မြန်မာ့ဂီတက နောက်ထပ် တဆင့် တိုးတက်လာတယ်ဆိုတာကို လက်ခံရမှာ။ ကျနော့်ကို ဟိုတနေ့က လူတယောက်က လှမ်းပြီး စကားပြောတယ်။ အရင်တုန်းက ဘုရားပွဲတွေ၊ ကထိန်တွေ၊ သင်္ကြန်ပွဲတွေဆိုရင် အင်္ဂလိပ်သီချင်းတွေပဲ ဖွင့်ပြီး ပျော်ကြတယ်၊ ကကြတယ်။ ကျနော်လုပ်မှပဲ မြန်မာတွေက မြန်မာသီချင်းနဲ့ ကလို့ရတော့တယ် ဆိုပြီး ကျေးဇူးတင်စကား လာပြောတယ်။

ကျနော့်ကို ဝေဖန်တဲ့သူတွေကိုလည်း တချက် စဉ်းစားစေချင်တာက မြန်မာသီချင်းတွေနဲ့ အရင်တုန်းက ဒါမျိုးတွေ မရှိခဲ့ဖူးပါဘူး။ ကျနော်လုပ်မှ ဖြစ်လာတယ်။ ဒ့ါအပြင် မြန်မာတနိုင်ငံလုံးက လက်ခံတဲ့အတွက်ကြောင့် ဒီကိစ္စကို မကောင်း ပြောကြသူတွေတချက် နားလည်စေချင်တယ်။ ဒီလိုမျိုး မကောင်းပြောလို့လည်း ကျနော်လုပ်နေတဲ့ အလုပ်တွေကို ရပ်တန့်မှာ မဟုတ်ဘူး။ ပိုပြီးတော့ ဆက်လုပ်သွားမှာပါ။ မသေမချင်းလုပ်သွားမှာပါ။

မေး။ ။ အမေရိကားမှာ ဖြန့်မယ်ဆိုတဲ့ စီးရီးလုပ်ဖြစ်တာက ဈေးကွက်အရ လုပ်ချင်တာလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံသား တယောက်အနေနဲ့ ကိုယ်ဖန်တီးထားတဲ့ အနုပညာကို ကမ္ဘာကို ချပြချင်လို့လုပ်တာလား။ ဒီအခွေကို မြန်မာပြည်မှာကော ဖြန့်ဖြစ်မှာလား။

ဖြေ။ ။ အဓိက ကတော့ မခံချင်စိတ်နဲ့လည်း ပါပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားဆိုရင် နိုင်ငံခြားသား အများစုက နှိမ်ချင်ကြတယ်။ နိုင်ငံခြားသား တချို့က ကူညီချင်ကြပေမယ့် အများစုက သူတို့အမြင်မှာ မြန်မာဆိုတဲ့လူမျိုးက သိပ် အသုံးမကျဘူးလို့ ထင်နေကြတာ။ နောက်ပြီးတော့ ကမ္ဘာကသိတဲ့ မြန်မာ့ပညာရှင် ဖြစ်စေချင်ပါတယ်ဆိုတဲ့ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့စကားကို ဂီတနဲ့ အကောင်အထည် ဖော်ပြချင်ပါတယ်။

အရင်တုန်းက စိစစ်ရေးကြောင့် ဒီအခွေကို မြန်မာပြည်တွင်းမှာ ဖြန့်ဖို့အစီအစဉ် လုံးဝ မရှိခဲ့ဘူး။ အခုတော့ စိစစ်ရေးက ပြောင်းလဲမယ်လို့ ပြောတယ်။ ဘာပြောင်းလဲ မလဲတော့ မသိဘူး။ ပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီး မြန်မာပြည်တွင်းမှာ ဖြန့်သင့်မဖြန့်သင့် စဉ်းစားရမှာပဲ။

ပြီးတော့ စိစစ်ရေးတင်တဲ့ကိစ္စမှာ တခြားအဆိုတော်တွေကတော့ ထူးခြားမှု ရှိလာတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော် ကတော့ မသိသေးဘူး။ ကျနော်အရင် တင်ထားတာတွေကိုတော့ ပိတ်တယ်၊ အခုနောက်ပိုင်းတော့ ဘယ်လိုတင်ရမလဲ ဆိုတာ ကျနော်မသိသေးဘူး။ အရင်ကတော့ မြန်မာ့ဆိုင်းတွေနဲ့ မတွဲရဘူး ပြောလာလို့ ဆိုင်းသမားတွေ ကိုယ်တိုင်က ကျနော်သုံးတဲ့ ဆော့ဖ်ဝဲလ်တွေ သုံးလာတယ်။ သူတို့ဆိုင်းလောကကို ဒီလိုမျိုး နည်းပညာတွေနဲ့ ညှိရင် ရပါလား၊ ဒါက တကယ် ကောင်းတဲ့ လုပ်ရပ်ပါလားလို့ မြင်လာကြတယ်။

မေး။ ။ ကိုသားစိုး အမေရိကားနဲ့ ချိတ်ဆက်ပြီး ပညာရေးဝန်ဆောင်မှု လုပ်ငန်း လုပ်နေတယ်လို့ သိရတယ်။ အဲဒီလို လုပ်ရတဲ့ ရည်ရွယ်ချက် သိပါရစေ။

ဖြေ။ ။ ကလေးတွေကို ကျောင်းကောင်းကောင်း တက်စေချင်လို့ပါ။ ကျနော် တကယ့် စေတနာအရင်းခံနဲ့ လုပ်တဲ့ကိစ္စပါ။ အဲ့ဒီကျောင်းက ကျနော့်ညီ ဗုံဗုံကိုယ်တိုင်လည်း တက်နေတယ်။ ကျနော့်အမျိုးသမီးလည်း အဲဒီကျောင်း ထွက်ပဲ။ အမေရိကားမှာ တကယ်ကိုကောင်းတဲ့ ကျောင်းတကျောင်းနဲ့ ချိတ်ပေးတာပါ။ ကျနော်တို့ ကျောင်းသွားတက်တုန်းကလိုမျိုး မခံစားစေချင်လို့ပါ။ အဓိကကတော့ ဒါပါပဲ။

မေး။ ။ ပညာရေးနဲ့ပတ်သက်ပြီး လူမှုရေး လုပ်ငန်းတွေလုပ်နေတယ်လို့လည်း ကြားတယ်။ ဘယ်မှာလုပ်တာလဲ။ အခု နောက်ပိုင်း အနုပညာရှင်တွေက လူမှုရေးလုပ်ငန်းတွေလုပ်လာတာ တွေ့လာရတယ်ဆိုတော့ ကိုသားစိုးရဲ့ အမြင်ကို ပြောပါဦး။

ဖြေ။ ။ ကျနော်ကတော့ မှော်ဘီဘက်မှာ ပညာမသင်နိုင်တဲ့ ကျောင်းသားလေးတွေကို ကျောင်းထား ပေးထားတယ်။ သူတို့အတွက် လိုအပ်တာလေးတွေ ထောက်ပံ့ပေးတယ်။ ကျောင်းသား ၂၀၀ ကျော်ပါပြီ။ အတိအကျတော့ မမှတ်မိဘူး။

လူမှုရေးလုပ်ငန်းကတော့ ဘယ်သူဖြစ်ဖြစ် တကယ်လုပ်ရင် တကယ်ကောင်းပါတယ်။ အနုပညာသမားတွေ မူးယစ်ဆေးဝါး ဘက် အမှားမလိုက်ဘဲ ဒီလိုမျိုး ဖြစ်လာတယ်ဆိုတာ ကောင်းပါတယ်။ ရှေ့က အစဉ်အလာရှိတဲ့ အနုပညာရှင်တွေက ဦးဆောင်ပြီး လုပ်သွားတဲ့ အတွက်လည်း ပိုကောင်းပါတယ်။ ကျနော့်အနေနဲ့ကတော့ လူမှုရေး လုပ်ငန်းတွေ အမြဲ လုပ်ဖြစ်ပါတယ်။ ၂၀၁၀ တုန်းကဆိုရင် နယူးယောက်မြို့မှာ မြန်မာပြည်က HIV ဝေဒနာသည်အတွက် ဦးကျော်သူတို့ ဖွင့်ထားတဲ့ ဂေဟာရှိတယ်။ အဲဒီဂေဟာအတွက်ကို တယောက်တည်း သီဆိုပြီး ကခဲ့ဖူးပါတယ်။ ဒေါ်လာ ၁၃၀၀၀ လောက်ရခဲ့တယ်။ ဒါကတော့ မနှစ်က လုပ်ခဲ့တဲ့ဟာပေါ့။ ဒီနှစ်ကတော့ ကလေးတွေကို ကျောင်းထားပေးတယ်၊ နောက်ထပ်လည်း လုပ်သွားမှာပါ။ ဒါကလည်း လူလူချင်း တတ်နိုင်သမျှ ကူညီဖေးမသွားရမှာပဲ။ အနုပညာရှင်တွေ ပါဝင်လာတဲ့အတွက်ကြောင့် သာမန်လူတွေပါ စိတ်ဝင်စားပြီး ပါလာရင် ပိုကောင်းပါတယ်။

မေး။ ။ အမွှေဆိုတဲ့ နာမည်တွေနဲ့ တလျှောက်လုံးထွက်လာခဲ့ပြီးမှ အခုနောက်ဆုံးထွက်တဲ့ အခွေမှာ အမွှေဆိုတဲ့နာမည် ဘာလို့ မပါတာလဲ။

ဖြေ။ ။ အမှန်က ပါချင်တယ်ဗျ။ ဒါပေမယ့် သင်္ကြန်ခွေအတွက် ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူးလေ။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ ကျနော့်ရဲ့ ကျန်းမာရေး မကောင်းလို့ ၁ နှစ်ခွဲလောက်ကြာသွားတယ်။ ဒီအခွေရဲ့ အရင် နာမည်က ငွေမြင်ရင် လင်လုပ်မည်ဆိုပြီး ပေးထားတာ။ အဲဒီစာသားကို အမျိုးသမီးထုက မကြိုက်ကြဘူးဖြစ်နေတဲ့အတွက် အောင်ပါစေဆိုပြီး လုပ်လိုက်တာပါ။

မေး။ ။ လက်ရှိ မြန်မာ့ ဂီတလောကအပေါ် ကိုသားစိုးရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ မြန်မာ့ဂီတ လောကမှာတော့ ဖန်တီးမှုတွေကတော့ အားပိုကောင်းလာပါတယ်။ ဒါပေမယ့် ဂီတ ထုတ်လုပ်မှု ပိုင်းမှာတော့ ခိုးကူးကြောင့် တော်တော်ကို စုတ်ပြတ်သက်နေပါတယ်။ လူဦးရေ ၆၅ သန်းရှိတဲ့ တိုင်းပြည်မှာ မူရင်းခွေက ၂၀၀၀ ပဲရောင်းရတယ်။ ခိုးကူးလောကက ဘယ်သူတွေ လုပ်တယ်ဆိုတာ သိပါတယ်။ အဲဒီထဲမှာ ၀န်ထမ်းတွေလည်း ပါနေတယ် ဆိုတာ သိတယ်။ ဘယ်ဝန်ထမ်းက ဘယ်လိုမျိုး လုပ်နေတယ်ဆိုတာလည်း အကုန် အသေးစိတ်သိတယ်။ အဲဒီကိစ္စတွေ ကိုလည်း သမ္မတဆီ တင်ပြဖို့ စီစဉ်နေပါတယ်။ ကိုယ်လုပ်တဲ့ဟာ ကိုယ်ခံရမှာပဲ။ အဲဒီတော့ လုပ်စရာရှိတာတွေ မြန်မြန် လုပ်ထား၊ မကြာခင် အဖမ်းခံရမယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ခိုးကူးခွေနဲ့ ပတ်သက်လို့ ဂီတအစည်းအရုံးက ဘာတွေဆောင်ရွက်ပေးလဲ။ ဂီတအစည်းအရုံးကိုကော ဘယ်လို အကြံပေးချင်လဲ။

ဖြေ။ ။ ဂီတ အစည်းအရုံးကလည်း ဘာမှ လုပ်မပေးဘူး။ ပိုက်ဆံတောင်းဖို့ပဲ စဉ်းစားနေတာ။ ကျန်တာ ဘာမှ မစီစဉ်ပေးနိုင်ဘူး။ FM တွေကနေ ပိုက်ဆံတွေကို ဘယ်လောက် ဖြတ်မယ်ဆိုပြီးပဲ စဉ်းစားနေတာ။ တကယ့် ခိုးကူကိစ္စ လုပ်ပေးဖို့၊ ဂီတလောကကြီး တိုးတက်အောင် လုပ်ပေးဖို့ကို သူတို့နဲ့ ဘာမှ မဆိုင်သလိုပဲ၊ အလကားနေ ထိုင်နေကြတယ်။

ဂီတအစည်းအရုံးကို ဧရာဝတီ မဂ္ဂဇင်းကနေ တဆင့် ပြောချင်တယ်၊ လခမယူဘဲ လူကြီးတွေက ၀င်အလုပ်လုပ်မယ်လို့ ပြောတယ်၊ အဲဒါမျိုးတွေ မလုပ်ပါနဲ့၊ လခယူပြီး ထိုက်သင့်တဲ့ ၀န်ဆောင်မှု ပေးပါလို့။ ။





.

5 comments :

  1. Anonymous said... :

    ခိုးကူး၊ ခိုးကူး၊ ဆိုပြီး သူတို့ကပဲ ပြောနေ၊ ညည်းနေရသေးတယ်။ အဆိုတော်တွေ၊ ထုတ်လုပ်သူတွေ၊ တေးရေးသူတွေ၊ ဘာသူ ညာသူတွေက ခိုးကူးဘိုးအေတွေ အရင်ဖြစ်နေကြ တာကိုတော့ ဘာမှ မထည့်ပြောကြဘူး။ အားလုံး အခွင့်ရေးတူညီစွာ ခိုး၊ ခိုးကြရင်း တန်းတူညီမျှ ပီတိဝေငှ ဂုဏ်ယူကြပါစို့လားကွယ်...

  1. Anonymous said... :

    ဖြတ်ညှတ်ကပ် အဆင့်လောက်လုပ်တာနဲ့ နိုင်ငံတကာတွေဘာတွေ လုပ်မနေပါနဲ့ မင်းလဲ သူများတွေ ဖန်တီးထားတာကို ခိုးကူးတာပါပဲ မင်းတို့ ကိုယ်ပိုင် အစအဆုံးလုပ်တာ ဘာများ ဟုတ်တိပတ်တိ ရှိလို့လဲ ပိုက်ဆံခိုးမှ ပစ္စည်းခိုးမှ သခိုးမဟုတ်ဘူးကွ အဲဒါလဲ သူခိုးပဲ

  1. Anonymous said... :

    အပေါ်ကလူပြောတာ၊မှန်လိုက်လေဗျာ။
    ဖြတ်ညှပ်ကပ်နဲ့ခိုးကူးတာဘာမှမကွာဘူး။
    ပိုက်ဆံချမ်းသာလို့နိုင်ငံခြားစောစောထွက်ပြီး
    ဟိုကလူတွေလုပ်သလို၊ဗမာပြည်မှာလုပ်တာ
    ကိုယ်ပိုင်talentမဟုတ်ဘူးဆိုတာ
    အဲဒီပေါကြောင်ကြောင်အကောင်သိဖိုကောင်း
    တယ်။

  1. Anonymous said... :

    ကိုယ့် အဆင့် ကို မသိ USA မှာသွားမွေ ချင်တဲ့ သားစိုး ကို USA က DJ များက အလွယ်တကူ မွှေနိုင်ရန် အိမ်သာ ပုံး ခပ်ကြီးကြီး စီစဉ်ပေးထားပါကြောင်း၊၊၊၊၊၊၊၊၊၊၊

  1. Anonymous said... :

    တိုင်းပြည်အပြင်ထွက်ဖူးပြီး ဗဟုသုတလေး တစ်ထွာတစ်မိုက်နဲ့ လူတွင်ကျယ်လုပ်နေတာ မသိတဲ့သူတွေကတော့ အဟုတ်ကြီးထင်မပေါ့ကွာ ကလေးကြိုက် ခွေးကြိုက်လောက် ဖြစ်တာကို ကိုယ့်ကိုကိုယ် အဟုတ်မှတ်နေတယ် ဒါကလည်း အမှိုက်ရှိတဲ့နေရာ ခွေးချီးပါတဲ့ သဘောပါ သူများဖန်တီးထားတဲ့ အနုပညာကို စော်ကားပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်ပဲ အစွမ်းရှိရင် အစအဆုံး အကုန်လုပ်ပါ ရှက်တက်ရင်တော့ တော်တော်ရှက်ဖို့ကောင်းတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved