.
နိုင်ဝင်းဆွေ၏ ဝတ်စုံသစ် ဇာတ်ကောင်များနှင့် ကျနော်
မောင်သစ်ဦး
စာအုပ်အမည် - မသိန်းရှင်ဆီပို့ပေးပါ
စာရေးသူ - နိုင်ဝင်းဆွေ
ထုတ်ဝေခုနှစ် - ပထမအကြိမ်၊ ၁၉၇၁ ခုနှစ် ဇွန်လ
စာပေတိုက် - သင့်စာပေ
(၁)
၁၉၇၂ - ခု၊ တောင်ဥက္ကလာပ။
ကျနော်က ခြံဝင်းထဲသို့အထုပ်တစ်ထုပ်ဆွဲပြီး ဝင်လာသူကို ကြည့်နေမိသည်။ သူက ကျနော့်ရှေ့မှဖြတ်ကာ တဲပေါက်ဝတွင် ရပ်လိုက်သည်။ လူတွေအားလုံး သူ့ကို ဝိုင်းကြည့်မိကြ၏။
“ကျနော်က အမဲသားဟင်း ချက်ကျွေးချင်လို့ ဈေးထဲဝင်နေတာနဲ့ကြာသွားတာ”
သူက ပြောပြောဆိုဆို လက်ထဲက ဖက်ဖြင့်ထုပ်ထားသည့်အထုပ်ကို မြှောက်ပြလိုက်၏။ ကျနော်က ဇဝေဇဝါဖြစ်နေစဉ် ကျနော့်ဘေးက ‘ကိုစန်းမောင်’ကသူ့ကို မေးငေါ့ပြရင်း “နိုင်ဝင်းဆွေဆိုတာ သူပေါ့ကွ”ဟု ပြောလိုက်၏။ ကျနော်က သူ့ကို ဝင်လာကတည်းက သတိထားမိသည်။ အသားခပ်ညိုညို။ အရပ်အမောင်း အနေတော်။ ပုဆိုးကို ခပ်တိုတိုဝတ်ထား၏။ သူ့မျက်လုံးများက အရောင်တလက်လက်။
ကျနော့်စိတ်ထဲ“နိုင်ဝင်းဆွေ”၏ ပုံပန်းသဏ္ဌာန်ကို သူ့ကိုမမြင်ဖူးခင်ကတည်းက မှန်းဆပြီး ပုံဖော်နေခဲ့မိ၏။ သူ၏ “မဟူရာမေတ္တာ” ကို ဖတ်ကာ သူ့ကို အသက် ၅ဝ ကျော်ခန့်။ နှုတ်ခမ်းမွေး၊ မျက်မှန်၊ တုတ်ကောက်နှင့် လူတစ်ယောက်၏ ပုံပန်းသဏ္ဌာန်မျိုးဟု ယူဆခဲ့၏။ “မသိန်းရှင်ဆီပို့ပေးပါ”ကို ဖတ်ပြီးသောအခါ သူ့ပုံပန်းသဏ္ဌာန်မှာ ကျနော့်မျက်စေ့ထဲ ပြောင်းသွားပြန်၏။ ဘောင်းဘီရှည်ပွပွ။ ဆံပင်စုတ်ဖွားဖွား။ ရထားပေါ်က ဆင်းလာနေသည့် သူ့ဝတ္ထုထဲက ဇာတ်ကောင် ‘ရင်မောင်’၏ ပုံပန်းသဏ္ဌာန်နှင့်နှိုင်းယှဉ်ကာ သူသည် အသက် ၂ဝ ခန့်အရွယ် ဖြစ်သွားရပြန်၏။ ယခု သူနှင့်စတင်တွေ့ရှိလိုက်ရတော့ သူက အသက် ၃ဝ ဝန်းကျင်။
ရိုးသားစွာဝန်ခံရမည်ဆိုလျှင် ထိုစဉ်က မိုးဝေမဂ္ဂဇင်းစာမျက်နှာပေါ်က ကဗျာဆရာလူငယ်များ တွေ့ဆုံခဲ့ကြသည့် “စာပေဆည်းဆာ”ကိစ္စအပေါ် ကျနော့်မှာ ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ခြင်း မရှိခဲ့ပါ။ အထူးသဖြင့် စားရေးဆရာ ‘နိုင်ဝင်းဆွေ’နှင့် တွေ့ဆုံသိကျွမ်းချင်သည့် စိတ်ဆန္ဒကသာ ကျနော့်ကို လွှမ်းမိုးထားခဲ့၏။ သူသည်ကား ကျနော့်အပါ် နှစ်ပေါင်းများစွာ ခွန်အားကောင်းကောင်းနှင့် လွှမ်းမိုးထားချေ၏။
(၂)
“မသိန်းရှင်ဆီပို့ပေးပါ”ဝတ္ထု၏ အမည်ကိုယ်နှိုက်က ထိုခေတ်ထိုအခါက ဝတ္ထုခေါင်းစဉ်များနှင့်မတူဘဲ ထူးခြားလျက် ရှိနေ၏။ အချစ်၊ ပန်းပွင့်၊ လိပ်ပြာ၊ အိပ်မက် အစရှိသည့် သင်္ကေတအနံ့အသက်တို့ဖြင့်သာ ထုံမွမ်းလျက်ရှိနေသည့် ဝန်းကျင်တွင်“မသိန်းရှင်ဆီပို့ပေးပါ”ဝတ္ထုခေါင်းစဉ်သည် လမ်းခွဲထွက်လိုက်သလို ဖြစ်နေ၏။ ထိုစဉ်က ဆယ်ကျော်သက်အရွယ် ဟူသမျှက သည်လိုခေါင်းစဉ်မျိုးနှင့် ဝတ္ထုဆိုလျှင် ကောက်ယူမြည်းစမ်းကြည့်ဖို့ကိုပင် ဝန်လေးနေပေလိမ့်မည်။ သို့သော် ထိုစဉ်က ‘နိုင်ဝင်းဆွေ’သွားတာ လာတာဟူသမျှ သူ့နောက်က လူငယ် ၁ဝ ဦးခန့် အမြဲတမ်းပါ၏။ သူ၏ ဝတ္ထုတချို့နှင့်ပတ် သက်ပြီး စကားမရှိစကားရှာကာ မိတ်ဖွဲ့လာကြသည့် ဓနရှင်၏သမီးပျိုတို့ကလည်း မနည်း။ ပညာတတ် တက္ကသိုလ်က ဆရာ၊ ဆရာမများအထိ သူ့ဘေးတွင်ဝိုင်းဝိုင်းလည်နေခဲ့ရ၏။
‘နိုင်ဝင်းဆွေ’၏ ဖြစ်ပေါ်တိုးတက်မှုများကလည်း စိတ်ဝင်စားဖို့ကောင်းပါသည်။ မဂ္ဂဇင်းစာမျက်နှာများပေါ်က သူ၏ ရှေးဦးမဆွ ဝတ္ထုတိုများမှာ မြေရှင်ပဒေသရာဇ်အတွေးအခေါ်များနှင့် နပန်းလုံးနေခဲ့၏။ ထို့နောက် ရသ ရာဇဝင်ဝတ္ထု ။ ထို့နောက် ဘဝသရုပ်ဖော်။ “မသိန်းရှင်ဆီပို့ပေးပါ”ဝတ္ထုသည် ထိုခေတ်ထိုအခါက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့် ပေါ်ပေါက်လာရသည့် လူမှုအနိဋ္ဌာရုံများစွာအနက်က “မှောင်ခိုစီးပွားရေးစနစ်”ကို ရသဝတ္ထုပုံစံနှင့် မှတ်တမ်းတင်လိုက်သည့် သဘော။ ၁၉၆ဝ လွန်၊ ၇ဝ ပြည့်ဝန်းကျင်ကာလ မိုးခေါင်ရေရှားရပ်ဝန်းဒေသတဝိုက်က လူထု၏ မချိမဆံ့ညည်းညူသံများအဖြစ် ကျနော်တို့ကြားခဲ့ကြရ၏။ ယခု “မသိန်းရှင်ဆီပို့ပေးပါ”ဝတ္ထုထုတ်ဝေခဲ့သည်မှာ နှစ်ပေါင်း ၃ဝ ကျော်ခဲ့ပြီ။ ထိုဝတ္ထု ကျောထောက်နောက်ခံပြုရာ မိုးခေါင်ရေရှားရပ်ဝန်းဒေသ လူထု၏ညည်းညူသံများ တိတ်ဆိတ် ငြိမ်သက်လာခဲ့ပါပြီလော ။
(၃)
“မသိန်းရှင်ဆီပို့ပေးပါ” ဝတ္ထုမှာ ရထားလိုက် လက်မှတ်စစ် ‘ရင်မောင်’နှင့် ထန်းလျက်မှောင်ခိုကုန် သယ်ပို့ပေးရသူ “ညိုညို”၏ မေတ္တာဘွဲ့ကို ရေးဖွဲ့ထားသည့်ဝတ္ထုဖြစ်၏။ မြေလတ်ဒေသ တောင်တွင်းကြီးနှင့်ကျောက်ပန်းတောင်း ရထားလမ်းပေါ်တွင် သူ့ဝတ္ထုကို ဇာတ်အိမ်တည်ထားခဲ့၏။ လက်မှတ်စစ်‘ရင်မောင်’က ထိုစဉ်က အကျင့်စာရိတ္တ ပျက်ပြားကြရသည့် အခြား ရထားလိုက်လက်မှတ်စစ်များလိုမဟုတ်ဘဲ မှောင်ခိုသမားများအပေါ် သနားကြင်နာတတ်သူ။ “ညိုညို”က ဖခင်လူမမာနှင့် လူမမယ်မောင်ငယ်အတွက် ‘မသိန်းရှင်’တို့လို မြို့ပေါ်က ပွဲရုံကုန်သည်များအတွက် မှောင်ခိုထန်းလျက်ကို သယ်ပို့ပေးရသူ“ကယ်ရီ”။ ကျနော်က ဝတ္ထု၏အစ၊ တောင်တွင်းကြီးဘူတာထဲ ရထားကြီး ဝင်လာစဉ် ညောင်ပင်ကြီးတစ်ပင်အောက် ထိုင်ခုံပေါ်တွင် ထိုင်ရင်း သူနှင့်အပေးအယူ ရှိထားသည့် လက်မှတ်စစ်‘ကိုရင်မောင်’ကို မျှော်ကြည့်နေတတ်သည့် “ညိုညို”၏ပုံပန်းသဏ္ဌာန်ကို စွဲလမ်းနေခဲ့မိ၏။
ထိုစဉ်က “မသိန်းရှင်ဆီပို့ပေးပါ” ဝတ္ထုနောက်ဆုံးခန်း။ ရထားကြိတ်မိသဖြင့် ပြတ်တောက်သွားသော “ညိုညို”၏ တဆတ်ဆတ်ခုန်နေသည့် ခြေလက်အင်္ဂါတချို့ကို“ကိုရင်မောင်”က သွေးရူးသွေးတမ်းနှင့် ပြန်ဆက်ဖို့ကြိုးစားနေသည့် မြင်ကွင်းကို ကျနော့်မှာကြေကွဲလို့မဆုံး၊ ဒေါသဖြစ်လို့မဆုံး။ သူ့ဝတ္ထုကိုဖတ်ပြီး သူနှင့်သိကျွမ်းရသည့် အခါ“မသိန်းရှင်ဆီပို့ပေးပါ ဝတ္ထုဇာတ်သိမ်းပိုင်းမျိုး မရေးပါနဲ့တော့ ကိုနိုင်ဝင်းရာ”ဟု ကျနော်က မဝံ့မရဲတောင်းပန်တော့ သူ့မျက်လုံးများက ရီဝေလျက်။
“မသိန်းရှင်ဆီပို့ပေးပါ”ဝတ္ထုသည်ကား ကျနော့်ရင်ထဲ နှစ်ပေါင်း ၃ဝ ကျော်တဲ့အထိ နည်းနည်းလေးမှ ညှိုးမှိန်သွားခြင်း မရှိနိုင်သေး။
(၄)
ယခုအခါ ဆရာနိုင်ဝင်းဆွေ အနိစ္စရောက်ခဲ့သည်မှာ ၇ နှစ်ပင်ပြည့်တော့မည်။ ၂၄၊ ၂၊ ၁၉၉၅ ခုနှစ်၊ ထိုင်း - မြန်မာ နယ်စပ်တစ်နေရာတွင် ကျနော်ချစ်မြတ် လေးနက်ရသော ဆရာ‘နိုင်ဝင်းဆွေ’သေဆုံးခဲ့ရ၏။ ‘နိုင်ဝင်းဆွေ’လို မှော်ဝင်လက်ရှိသူ စာရေးဆရာမျိုးကို ကျနော်တောင့်တမိသည်။ သူ့ကို (၁၉၆ဝ - ၁၉၇ဝ) ဆယ်စုနှစ် တစ်ခုအတွင်း စကားပြေအထူးချွန်ဆုံးစာရေးဆရာအဖြစ် ယူဆသူများလည်း ရှိခဲ့၏။
“မသိန်းရှင်ဆီပို့ပေးပါ”ဝတ္ထုကို ဖန်တီးရေးဖွဲ့သူ စာရေးသူ“နိုင်ဝင်းဆွေ”သည်ကား သက်ရှိထင်ရှားမရှိတော့ပါ။ သို့သော် သူ့ဝတ္ထုထဲက ‘ရင်မောင်’၊ ‘ညိုညို’၊ ‘ထွန်းမောင်’၊ ‘ကိုဖိုးကျော်’နှင့် ‘မသိန်းရှင်’လို လူပုဂ္ဂိုလ်များကား ယခုထက်ထိ သက်ရှိထင်ရှားရှိနေဆဲ။ သို့သော် ထိုဇာတ်ကောင်များသည် အဝတ်အစား အသစ်များဝတ်ကာ ကုန်စည်အသစ်များကို ကူးသန်းသယ်ယူ၊ ဆက်ဆံသင်းဖွဲ့ခြင်းဖြင့်သာ ယခင်နှင့်ယခု မတူသယောင် ထင်စရာသာရှိ၏။ အမှန်တကယ်တော့ အခွံသာပြောင်းပြီး အနှစ်သာရမှာမူ မဟောင်းနိုင်သေး။ ။
{ဒီဇင်ဘာ ၂၇၊ ၂ဝဝ၂ ရက်စွဲနဲ့ ဧရာဝတီအင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ စာအုပ်ဝေဖန်ချက် ဖြစ်ပါတယ်}
.
စာရေးဆရာအသက်ဘယ်လောက်လဲဆုံးပါးသွားပါလဲခင်ဗျ