ဝေဖန်ရေးသည် အသက်ဝိညာဉ်၊ ဝေဖန်ရေးသည် မောင်းနှင်ရေးခွန်အား
မောင်သစ်ဦး
စာအုပ်အမည် - ဝေဖန်ရေးအလှရှာပုံတော်
တွေဆုံမေးမြန်းတင်ဆက်သူ - မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
စာပေတိုက် - FUTURE စာအုပ်တိုက်
ထုတ်ဝေခုနှစ် - ၂ဝဝ၃ ခုနှစ် ဧပြီလ၊ ပထမအကြိမ်
တန်ဖိုး။ ။ ၄၅ဝ ကျပ်
(၁)
၁၉၈၃ ခုနှစ်က ဖြစ်သည်။ကျနော်နှင့် ကိုနေဝင်း (မာန်သစ်စာပေ)တို့ ၂ ဦး၊ ဖြူးမြို့တွင် စာပေဟောပြောပွဲ ပြုလုပ်နိုင်အောင် ကြိုးစားခဲ့ကြဖူးသည်။ အမှန်စင်စစ် ထိုနှစ်က ဖြူးမြို့တွင် စာပေဟောပြောပွဲ ပြုလုပ်နိုင်ခဲ့သည် မှန်သော်ငြားလည်း ကျနော်တို့ စတင်တိုင်ပင်ဆွေးနွေးခဲ့စဉ်က ၁၉၈၂ ခုနှစ်ကတည်းက ဖြစ်သည်။ သို့သော် ထိုနှစ်က ဖြူးတွင် စာပေဟောပြောပွဲ မလုပ်နိုင်ခဲ့။ ထိုစဉ် ကိုနေဝင်းက ဖြူးတွင်နေထိုင်ပြီး ကျနော်က ဖြူးနှင့် နာရီဝက်ခန့် စက်ဘီးစီးသွားလျှင်ရောက်သည့် ဇေယျဝတီမြို့တွင် နေထိုင်၏။
၁၉၈၂ ခုနှစ် ဖြူးမြို့တွင် စာပေဟောပြောပွဲကျင်းပနိုင်ဖို့ ကျနော်တို့ ၂ ယောက်တိုင်ပင်တော့ ကျနော်တို့၏ လူမှုရေးအနေအထားနှင့် ငွေကြေးအခက်အခဲကြောင့် ဖြူးမြို့က စာပေဝါသနာရှင်များကို ရုတ်တရက်စုစည်းဖို့ရာ ခက်ခဲခဲ့ကြ၏။ ဇေယျာဝတီမြို့မှာမူ သကြားစက်နှင့်အရက်ပျံစက်ရုံ ၂ ခုရှိနေပြီး၊ စက်ရုံ ၂ ခုစလုံး၏ “စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ငယ်”ခေါင်းဆောင်များမှာ ကျနော်နှင့်ရင်းနှီးကြသဖြင့် ထိုနှစ်က ဇေယျာဝတီစက်ရုံ ၂ ရုံကိုပင် အခြေခံကာ ဇေယျာဝတီမြို့ စာပေဟောပြောပွဲ ကျင်းပနိုင်ခဲ့၏။ ဖြူးမြို့တွင် မကျင်းပနိုင်ခဲ့။ ကိုနေဝင်းသည် ဇေယျာဝတီမြို့ စာပေဟောပြောပွဲအတွက် “လူအားငွေအား” ၂ ခုစလုံး အားသွန်ခွန်စိုက် အကူအညီပေးခဲ့၏။ ၁၉၈၃ ခုနှစ်တွင်မူ ဖြူးမြို့စာပေဟောပြောပွဲ ကျင်းပနိုင်ခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနား တစ်ခုလုံးအတွက် ကိုနေဝင်းသည် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ဖြူးမြို့စာပေဟောပြောပွဲကို ရုပ်ရှင်ရုံတွင် ကျင်းပအပြီး ည ၂ နာရီကျော်ခန့်တွင် စာရေးသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (စကားဝိုင်း) တစ်ခု ဆက်လက်ပြုလုပ်လိုသဖြင့် ကျနော်တို့က လူစုပြီး စောင့်နေခဲ့ကြ၏။ စာဆိုတော်နေ့ စာပေဟောပြောပွဲကျင်းပရေး ကော်မတီဝင်တချို့က “ဆွေးနွေးပွဲ”ကို ခွင့်မပြုချင်ကြ။ သို့သော် ကိုနေဝင်း၏ စီစဉ်ပေးမှုကြောင့် ကျနော်တို့ လူ ၂ဝ ခန့် စာရေးဆရာများတည်းခိုရာ ဖြူးမြို့စာတိုက်သို့ ရောက်လာခဲ့ကြ၏။ စာရေးဆရာများမှာ “ချစ်ဦးညို၊ မြသန်းတင့်၊ အောင်သင်း”တို့ ၃ ဦး ဖြစ်ခဲ့ကြ၏။
ကျနော်တို့က ကြိုတင်ဖတ်ရှုထား တိုင်ပင်ထားကြပြီးမှ ထိုစာရေးဆရာများကို လေးစားသမှုနှင့် မေးခွန်းများ မေးခဲ့ကြသည်မှန်သော်လည်း ကျနော်တို့အားလုံး၏ အခြေခံသဘောထားမှာ “စာရေးဆရာများကို စောဒက”ပြုဖို့ကိုသာ အခြေခံခဲ့ကြသည်ကို နောင်အခါ ဝန်ခံလာခဲ့ကြရ၏။
ထိုစဉ်က ကျနော်တို့သည် ဆရာချစ်ဦးညို၏ “နှင်းကေသရာချစ်တဲ့ သူရဲကောင်း”ဝတ္ထုကိုလည်းကောင်း၊ ဆရာမြသန်းတင့်၏ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထုကိုလည်းကောင်း၊ ဆရာအောင်သင်း၏ မဂ္ဂဇင်းများတွင် ပါရှိသည့် စာပေဝေဖန်ရေး ဆောင်းပါးများကိုလည်းကောင်း မေးခွန်းများမေးပြီး ဝေဖန်ခဲ့ကြ၏။ မှတ်မှတ်ရရ၊ ထိုညက ဆရာအောင်သင်းနှင့်ကျနော်တို့ ဆွေးနွေးပွဲ အဆင်မပြေချင်ကြပါ။ ဆရာက ကုလားထိုင်ပေါ်တွင် ငုတ်တုတ် ထထိုင်သည်အထိ၊ စားပွဲကို လက်သီးဖြင့် မသိမသာထုသည်အထိ၊ “ခင်ဗျားတို့မေးတဲ့ မေးခွန်းမျိုးတွေ ကျနော့်တပည့်တွေ မေးခဲ့တာကြာပြီ”ဆိုပြီး မကျေမလည်ဖြစ်သည်အထိ ကျနော်တို့နှင့် ဆရာအောင်သင်း နားလည်မှု လွဲခဲ့ကြရ၏။
အမှန်စစ်စစ် ကျနော်တို့ကိုယ်တိုင်က “ဝေဖန်ရေး”နည်းနာများကို စနစ်တကျ နားလည်ထားခဲ့ကြသူများ မဟုတ်ခဲ့ကြပါ။ စာရေးသူများနှင့် တွေ့ဆုံခွင့်ရရှိချိန်တွင် စာရေးသူများကို ဘယ်လိုဘယ်လို ထိုးနှက်လိုက်ရလျှင် ကောင်းမလဲဆိုသော မမှန်ကန်သည့် ဝေဖန်ရေးအခံဖြင့်သာ မေးခွန်းများ မေးခဲ့မိကြ၏။ “ဝေဖန်ရေး၏ ဝေဖန်ရေး”ဆိုသည့် စကားလုံးဆိုလျှင်မူ ကျနော်တို့တတွေ ကြားပင် မကြားဖူးခဲ့ကြသေးပါ။
(၂)
“ဝေဖန်ရေးအလှရှာပုံတော်”စာအုပ်ကို ဖတ်ရသောအခါ လွန်ခဲ့သောနှစ်ပေါင်း ၂ဝ ခန့်က ဆရာအောင်သင်းအပါအဝင် ချစ်ဦးညိုနှင့်မြသန်းတင့်တို့အပေါ် ဝေဖန်ခဲ့ပုံအမှားများအတွက် ပို၍ နောင်တ ရနေခဲ့မိ၏။ ယင်;စာအုပ်တွင်ပါရှိသည့် အောင်သင်း၊ မောင်စွမ်းရည်တို့နှင့် တွေ့ဆုံမေးမြန်းခန်းများက ကျနော့်နောင်တများကို ထပ်ကာထပ်ကာ ပိုမို နောင်တ ရစေ၏။ ထိုဆရာသမားများ၏ “မြန်မာစာပေအပေါ်ထားရှိသည့် စေတနာတော်”များသည် အရောင်အဝါ တောက်ပလွန်းလှပါသည်။
ကျနော်တို့က ထိုဆရာများ၏ စေတနာကို ဘေးချိတ်ပြီး ကျနော်တို့အသေကိုင်စွဲထားသည့် လူတန်းစားသမိုင်းအမြင်၊ လူတန်းစားတိုက်ပွဲနည်းနာ၊ လူတန်းစားဘက်လိုက်မှု အခြေခံပေါ်တွင်ရပ်တည်ကာ၊ ဆိုရှယ်လစ်သရုပ်မှန်ဝါဒတစ်ခုတည်းကိုသာ အသေဆုပ်ကိုင်ပြီး၊ စာရေးဆရာများကို စွဲချက်တင်ဖို့ကိုသာ အားသန်ခဲ့ကြ၏။ ဒီကြားထဲ æ ဆရာအောင်သင်းက “ကျနော် æ အကြောင်းအရာကို မပြောဘူး၊ အတတ်ပညာကိစ္စကိုပဲ ပြောမယ်”ဆိုပြီး တင်းလိုက်သည့်အခါ “အကြောင်းအရာက အဓိက အတတ်ပညာက သာမည”၊ “အကြောင်းအရာက အတတ်ပညာကို ပြဋ္ဌာန်းသည်”ဆိုပြီး ကျနော်တို့၏ အသိတရားများ ခြောက်သယောင်းနေမှုများမှာ ပိုမိုခြောက်သယောင်းသွားကြကာ ဆရာအောင်သင်းကို မကျေနပ်ခဲ့ကြ။
“ဝေဖန်ရေးအလှရှာပုံတော်”စာအုပ်တွင် ဆရာအောင်သင်းနှင့် ဆရာမောင်စွမ်းရည်တို့နှစ်ဦး၏ အခြေခံအမြင်များမှာ မတူကြပါ။ ဒါက အခုမှမဟုတ်၊ ယခင်ကတည်းက မတူခဲ့ကြပါ။ ဆရာကြည်မင်း၊ ဆရာမောင်ခိုင်လတ်(မော်ကျွန်း)နှင့် ဆရာမြင့်သန်းတို့သည်မူ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပိုမိုရှေ့တန်းရောက်သည့် ဝေဖန်ရေးဆရာများဖြစ်ကြပြီး၊ “အတတ်ပညာဆန်းသစ်ရေး”ကာလအတွင်း စာပေဝေဖန်ရေးဆရာများအဖြစ် ထင်ရှားလာကြသူများ ဖြစ်ပါသည်။ “မော်ဒန်စာပေ၊ မော်ဒန်လွန်စာပေ၊ ပဉ္စလက်သရုပ်မှန်စာပေ”အစရှိသည့် စာပေလှုပ်ရှားမှုများကို ယင်းဝေဖန်ရေးဆရာများကြောင့် ကျနော်တို့အဖို့ ပိုမိုနားလည် သဘောပေါက်စေရပါသည်။ ဝေဖန်ရေးဆရာများ၏ စေတနာကိုလည်း ပိုမိုလေးနက်လာစေရပါသည်။
(၃)
ဝေဖန်ရေးအလှရှာပုံတော် စာအုပ်ကိုဖတ်လျှင် ကျနော်တို့သည် ကျနော်တို့ဖတ်ရှုခဲ့ပြီးသောစာအုပ်များကို ပြန်လည်ဖတ်ရှုချင်စိတ် ပေါ်လာရ၏။ ဝေဖန်ရေးဆရာများစွန့်ကြဲလိုက်သည့် ပေတံများကိုကိုင်ကာ၊ မဖတ်ရှုရသေးသည့် စာအုပ်များကို အပူတပြင်း ဖတ်ရှုဖို့ စိတ်ထက်သန်လာကြရ၏။ မိမိတွင် ယခင်က ရှိနေခဲ့သည့် စံဟောင်များကိုပယ်ကာ၊ စံသစ်စံကောင်းများကို ကိုင်ကြည့်ချင်စိတ် ဖြစ်လာရ၏။ ခေတ်များစနစ်များ ပြောင်းလဲဆွဲကိုင်ရန် ဝန်မလေးကြတော့ပါ။ ထိုမှတဆင့် မိမိဘဝကို မိမိ ပြန်လည်သုံးသပ်ဖို့ရာ ပိုမိုရဲရင့်လာကြရ၏။
ဝေဖန်ရေးဆိုသည်မှာ စာပေလောကတွင်သာမဟုတ်၊ လောကအားလုံး၏ အသက်ဝိညာဉ်တမျှ ဖြစ်သည်ဆိုလျှင် လွန်အံ့မထင်ဟု ကျနော်ယူမိပေသည်။ ။
{ဧပြီ ၂၅၊ ၂ဝဝ၃ ရက်နေ့က ဧရာဝတီ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်}
.
.
0 comments :
Post a Comment