နော်ဝေပါလီမန် (ဓာတ်ပုံ - ဖလစ်ကာ)
နော်ဝေပါလီမန်မှာ မနေ့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ လေဘာပါဘီက လွှတ်တော်အမတ် Laila Gustavsen က နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေး မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး တခြားအမတ်များကလည်း ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
Laila Gustavsen က နိုင်ငံခြားရေးဝန်ကြီးကို ထုတ်တဲ့ မေးခွန်း
“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေကိုတော့ အားတက်စရာအဖြစ် မြင်နေရပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု နှစ် ၅၀ နီးပါးအကြာ၊ နှစ် ၂၀ အတွင်း နိုင်ဝင်ဘာ ၂၀၁၀ မှာ ပထမဆုံးရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ခဲ့တယ်။ အဲဒီနောက် ဖြစ်ပေါ်ခဲ့တာတွေ အများကြီးပါ။ မြန်မာပြည်မှာ အရပ်သားအစိုးရ တက်နေပြီ၊ သမ္မတဦးသိန်းစိန်က ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စနေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်၊ စာပေဆင်ဆာမူဝါဒတွေ စပြီး လျှော့ပေးတယ်၊ အင်တာနက်သုံးစွဲမှုအပေါ် တင်းကြပ်တာတွေ မရှိတော့ဘူး။
တချိန်တည်းမှာပဲ မြန်မာပြည်ဟာ ပြီးပြည့်စုံတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ဒီမိုကရေစီအရေး လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ဖို့လိုသေးတယ်၊ ပြည်သူတွေ အထူးသဖြင့် နယ်စပ်ဒေသမှာ ရှိတဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ တိုးတက်ဖို့ လိုသေးတယ်။ ဒါတွေလုပ်ဖို့ ခက်နေပါသေးတယ်။ လူနည်းစုတွေနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့တွေဟာ စနစ်တကျ ဖိနှိပ်မှုတွေ ခံနေရပါသေးတယ်။ မြန်မာနိုင်ငံဟာ လမ်းအမျိုးမျိုးကို ဦးတည်သွားနိုင်တဲ့ အပြောင်းအလဲ အခြေအနေကို ရောက်ရှိနေပါတယ်။
ဒီအခြေအနေကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဘယ်လို မြင်ပါသလဲ။ ပြီးတော့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် နော်ဝေရဲ့ မူဝါဒအနေနဲ့ ဘယ်လို အပြုသဘော ကူညီထောက်ခံပေးနိုင်ပါမလဲ”
ဆွေးနွေးသူများ
နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre (လေဘာပါတီ)
လေဘာပါတီမှ Laila Gustavsen (အစိုးရပါတီ)
တိုးတက်ရေးပါတီမှ Morten Høglund (အတိုက်အခံပါတီ)
ကွန်ဆာဗေးတစ်ပါတီမှ Ingjerd Schou (အတိုက်အခံပါတီ)
ခရစ်ယာန်ပြည်သူ့ပါတီမှ Øyvind Håbrekke (အတိုက်အခံပါတီ)
လေဘာပါတီမှ Laila Gustavsen (အစိုးရပါတီ) ရဲ့ ဆွေးနွေးချက်ကို အကျဉ်းချုပ်ဖော်ပြရရင် ဒီလိုပါ။
၁၉၉၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ မြန်မာကို သပိတ်မှောက်ဖို့ နော်ဝေက ကုလသမဂ္ဂမှာ တင်ခဲ့တယ်၊ အခု မြန်မာပြည်က အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နော်ဝေရဲ့ မြန်မာပြည်အပေါ် မူဝါဒကို ပြန်ဆွေးနွေးဖို့ အချိန်ရောက်ပါပြီ။ ပထမက ရွေးကောက်ပွဲပါ။ ၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီ NLD အနိုင်ရတယ်။ ဒါပေမယ့် အာဏာမရဘဲ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ချခံရတယ်။ မနှစ်က ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ NLD က ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်တယ်။ ပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်လိုက်လို့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲ ဝင်လို့ ရသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်အတွက် လမ်းပွင့်သွားပြီ။
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေက ကျမတို့ကို အံ့အားသင့်စေတယ်။ နှစ် ၅၀ လောက် တလွဲအုပ်ချုပ်ပြီးနောက်မှာ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကောက်ကျ ကျန်ခဲ့တယ်။ အဲဒီဖွံ့ဖြိုးတိုးတက်မှုတွေ အပေါ်မှာ ကျမတို့ ဝမ်းသာသင့်သလို၊ တုံးတုံးအအ မဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။ အခြေခံလူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာလူထုတရပ်လုံး ခံစားနိုင်ဖို့ ဆိုတာကတော့ တော်တော်ကြီး လုပ်ယူရပါဦးမယ်။
နောက်ပြီး မစ္စ Laila Gustavsen ဆက်ပြောတာက နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ ဆိုးဝါးတဲ့ အခြေအနေ၊ အကူအညီ လိုအပ်နေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို နေအိမ်နဲ့ နီးရာ ပြောင်းရွေ့ပေးတယ်ဆိုရာမှာ မိသားစုတွေနဲ့ အမှန်တကယ် တွေ့ခွင့်ရ မရ၊ အငြင်းပွားစရာ ဖြစ်လာတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက် ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်းအရ လွှတ်ပေးရမယ့် နိုင်ငံရေး အကျဉ်းသား ၁၇၀၀ လောက် ကျန်ရှိနေချိန်မှာ NLD က ၅၂၅ ယောက်ပဲ ကျန်တယ်လို့ ပြောနေတဲ့ ကိစ္စတွေ ပါပါတယ်။
အပြောင်းအလဲတွေ ဘာကြောင့် ဖြစ်စေတာလဲဆိုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အာရပ် လူထုအုံကြွမှု၊ မြန်မာရဲ့ လူမှုရေး စီးပွားရေး နိမ့်ကျမှု၊ တရုတ်နဲ့ အနောက်နိုင်ငံတွေအကြား ချိန်ခွင်လျှာ၊ မြန်မာ့သယံဇာတ စတာတွေကို မစ္စ Laila Gustavsen က ရှင်းလင်း ပြောဆိုပါတယ်။
မေးစရာရှိလာတာက မြန်မာပြည်က မူဝါဒအသစ်တွေအပေါ် နိုင်ငံတကာက အပြုသဘောနဲ့ ဘယ်လို ထောက်ခံပေးရမလဲဆိုတာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ပြောချင်တဲ့ ရွေးချယ်စရာ ၄ ခုကတော့ ...
-မြန်မာနဲ့ အပြောင်းအလဲမရှိ ပုံမှန် ဆက်လက် ထိတွေ့ဆက်နေပြီး စောင့်ကြည့်နေဖို့၊
-ဒုတိယအနေနဲ့ ပိတ်ဆို့အရေးယူမှု (sanction) ရုတ်သိမ်းရေး အခြေအနေဖန်တီးဖို့၊ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရင် ပိတ်ဆို့မှု ရုပ်သိမ်းပေးမယ် ဆိုတာမျိုး။
-တတိယကတော့ ပိတ်ဆို့အရေးယူမှု တချို့ကို ကိုယ့်ဖာသာ ရုပ်သိမ်းဖို့၊ ဥပမာ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ချက်တချို့ ဖယ်ရှားပေးလိုက်ဖို့။
-နောက်ဆုံးတခုကတော့ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပစ်လိုက်ဖို့။
ထပ်ပြောချင်တာကတော့ နော်ဝေအနေနဲ့ တနိုင်ငံတည်း လုပ်သွားမလား၊ တခြားနိုင်ငံတွေနဲ့ အတူတူလုပ်မလားဆိုတာဖြစ်ကြောင်းနဲ့ တခြားသူတွေကို စောင့်နေဖို့ လိုမလို နိုင်ငံခြားရေးဝန်ကြီးရဲ့အမြင်ကို ပြောကြားဖို့ မစ္စ Laila Gustavsen က မေးခွန်းထုတ်သွားပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Støre က နှစ် ၂၀ ကျော်ကာလမှာ မြန်မာပြည်က အပြောင်းအလဲတွေက အားရဖွယ် အဖြစ်ဆုံးဖြစ်ကြောင်း၊ မျှော်လင့်ထားတာထက် အပြောင်းအလဲတွေ ပိုမြန်နေကြောင်း၊ အတိုက်အခံတွေ အနေနဲ့ အရင်ကထက် နေရာပိုရလာကြောင်း၊ မြန်မာပါလီမန်မှာလည်း နိုင်ငံရေးအကျဉ်းသား ကိစ္စလို အရင် ဆတ်ဆတ်ထိမခံတဲ့ အကြောင်းအရာတွေ ဆွေးနွေးလို့ ရလာကြောင်း ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးဟာ ဒီမိုကရေစီဖွံ့ဖြိုးရေးမှာ အရေးကြီးပြီး အနောက်နိုင်ငံတွေကို ယုံကြည်စေမှာ ဖြစ်ကြောင်း၊ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးတုန်းက မြန်မာအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်မှာတွေ ပြောခဲ့ကြောင်း၊ ကျနော်တို့ အနေနဲ့ ရည်မှန်းချက် မပျောက်ကြောင်း၊ အရင်က တောင်းဆိုထားချက်တွေကို ဆက်လက်တောင်းဆိုမှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
လွှတ်တော် အမတ်ရဲ့ မေးခွန်းနဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးက
“နော်ဝေဟာ မြန်မာနဲ့ နိုင်ငံရေးလမ်းကြောင်းအရ မကြာခဏ ပြောဆိုနေတဲ့ အနောက်နိုင်ငံတခုဖြစ်တယ်။ ကျနော့်အမြင်အရ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ အာဏာပိုင်တွေအပေါ် ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အပြောင်းအလဲအတွက် အပြုသဘော တွန်းအားပေးနိုင်မယ့် တုံ့ပြန်မှုတွေအတွက် အသင့်ပြင်ထားဖို့ အရေးကြီးပါတယ်။ နော်ဝေအနေနဲ့ ဥရောပသမဂ္ဂ ပိတ်ဆို့မှုအတိုင်း လိုက်နာဆောင်ရွက်ပါတယ်။ တတ်နိုင်သလောက် မြန်မာနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂနဲ့ ဘုံမူဝါဒ သဘောတူညီချက်တွေ ရှိနေချင်ပါတယ်။ လျှင်မြန်တဲ့ အပြောင်းအလဲတွေအပေါ် တုံ့ပြန်နိုင်ရေး ကျနော်တို့ဘက်က ပြောင်းလွယ်ပြင်လွယ် ဖြစ်ဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ အက်ရှတန်နဲ့ ပြီးခဲ့တဲ့ တပတ်ကပဲ ဘရပ်ဆဲလ်မှာ ဆွေးနွေးပြီးပါပြီ” လို့ ပြောသွားပါတယ်။
ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ နော်ဝေ အစိုးရဟာ ခရီးမသွားရေး ရင်းနှီးမြှုပ်နှံမှု မလုပ်ရေး ၁၉၉၇ ကတည်းက ပိတ်ပင်ထားကြောင်း၊ အခုလက်ရှိ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအရ ခရီးသွားလာမှု ပိတ်ပင်ခြင်းကို ပယ်ဖျက်ပေးလိုက်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကိစ္စသာမက မြန်မာပြည်တွင်းပြောင်းလဲမှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပယ်ဖျက်ရေးအတွက် စောင့်ကြည့်လေ့လာနေမှာ ဖြစ်ကြောင်း၊ နော်ဝေတနိုင်ငံတည်းက ရှေ့ကို လွန်ပြီး လုပ်ဆောင်လို့ မဖြစ်တာလည်း သတိပြုရမှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးက စွမ်းဆောင်ရည်မြင့်မားအောင် လုပ်ဆောင်ပေးရေး (capacity building) ကိုလည်း အဓိကထား ပြောသွားပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကုလတို့က လိုအပ်တာတွေကို မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် ကူညီဖို့ ဆိုပါတယ်။
မြန်မာအာဏာပိုင်တွေဘက်က အပြုသဘော ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုတယ်၊ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးချယ်စရာ အခက်အခဲတွေ တွေ့နေရတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီအတွက် လူတွေ ပေးဆပ်ရပေါင်းလည်း များနေပါပြီလို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
လွှတ်တော် အမတ် Laila Gustavsen က နော်ဝေအနေနဲ့ မြန်မာပြည်မှာ အားလပ်ရက် သွားရောက်ကြဖို့ အားပေးတာက စသင့်တယ်ဆိုတာကို ယုံကြည်ကြောင်း၊ နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးဖို့အထိ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
တိုးတက်ရေးပါတီမှ Morten Høglund (အတိုက်အခံပါတီ) က မြန်မာပြည်မှာ တိုးတက်မှုတွေ ရှိလာတာ အမှန်ဖြစ်ကြောင်း၊ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော် အမတ်တို့ ပြောသွားတဲ့အတိုင်း အလေးထားရမယ့်ကိစ္စတွေ ကျန်နေဆဲဖြစ်ကြောင်း၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အဆိုအရ နိုင်ငံရေးကျဉ်းသား ၁၇၀၀ လောက် ရှိနေသေးကြောင်း၊ ကချင်ဒေသမှာ မြန်မာတပ်တွေ ထိုးစစ်ကြောင့် လူ ၃ သောင်းလောက် ထွက်ပြေးနေရကြောင်း၊ ဒီနေ့ထုတ် Dagsavisen နေ့စဉ် သတင်းစာမှာ ဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး အဲရစ် ဆိုလ်ဟိမ်းရဲ့ မြန်မာပြည်အကြောင်း ဆောင်းပါးအဆုံးမှာ သူတို့တောင်းဆိုတာကို ကျနော်တို့ ပေးသင့်တယ် လို့ အဆုံးသတ်ထားကြောင်း၊ ဒါကအခြေအနေကို သူပုံဖော်လိုက်တဲ့ အနှစ်ချုပ် ဖြစ်ကြောင်း၊ ဒါပေမယ့် ကျနော့်အနေနဲ့ တောင်းဆိုတာကို ပေးတာက လမ်းကြောင်းမှန်လို့ မယူဆကြောင်း၊ ပိတ်ဆို့အရေးယူမှု ပြန်လည်သုံးသပ်ရေးကိုတော့ သဘောတူကြောင်း၊ ဒါပေမယ့် နော်ဝေ၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေကြား ဆွေးနွေးပြီးတဲ့ အထိ စောင့်လိုကြောင်း ပြောပါတယ်။
ကွန်ဆာဗေးတစ်ပါတီမှ Ingjerd Schou (အတိုက်အခံပါတီ) ကတော့ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် ၁ သန်းလောက် ရှိနေကြောင်း၊ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကရင်ဒုက္ခသည်တွေချည်း ၁ သိန်း ၃ သောင်း ၅ ထောင်ကျော် ရှိနေကြောင်း၊ အစိုးရက စစ်အသုံးစရိတ်တွေ အများအပြားသုံးနေကြောင်းနဲ့ သဘာဝသယံဇာတတွေကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့က ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြောင်း ပြောသွားပါတယ်။
သူ့အနေနဲ့ အထူးသတိထားပြီး အကကောင်းမြင်ဖို့ အကြောင်းပြချက်ရှိတယ်လို့ ယုံကြည်ကြောင်း၊ နော်ဝေအနေနဲ့ တခြားနိုင်ငံများနဲ့ အတူ ဒီမိုကရေစီရရှိရေး ဆက်လက် ဖိအားပေးဖို့ လိုကြောင်း၊ အကြောင်းပြချက် မရှိဘဲ ပိတ်ဆို့မှုတွေ မရုပ်သိမ်းသင့်ကြောင်းနဲ့ အခု အကြောင်းပြချက်ဆိုတာ မရှိသေးကြောင်း Ingjerd Schou က ကန့်ကွက်ပြောဆိုသွားပါတယ်။
ခရစ်ယာန်ပြည်သူ့ပါတီမှ Øyvind Håbrekke (အတိုက်အခံပါတီ) ကတော့ အစိုးရဟာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားခြင်း မဟုတ်တာ၊ ခုထိ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာ၊ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာတွေကို ထောက်ပြသွားပါတယ်။
့မြန်မာပြည်ကိုနော်ဝေးကကူညီပေးတာကျေးဇူးတင်တယ် တရုတ် India,Asean တိှု့ထက် ရင်းနှီးမြုပ်နှံလာယင် အခွင့်အရေး ပိုပေးသင့်တယ်