ဇော်ပိုင်၊ အောင်လ (ဓာတ်ပုံများ - ဧရာဝတီ)
ထိုင်းဘုရင်မင်းမြတ် သက်တော် ၈၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲတော်ကို ထိုင်းတနိုင်ငံလုံးမှာ ကျင်းပကြပါတယ်။ မွေးနေ့က ဒီဇင်ဘာ ၅ ရက်နေ့ပါ။
ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့မှာတော့ ပွဲတော်ကို ဒီလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ပြုလုပ်ပါတယ်။ ဒါက မဲဆောက်ရဲ့ နှစ်စဉ် ထုံးစံပါပဲ။
ခါတိုင်းနှစ်တွေလိုပဲ ဒီနှစ်မှာလည်း မြို့နယ်အုပ်ချုပ်ရေးဌာန ၀န်းကျင်ကို လမ်းပိတ်ပြီး ကျင်းပပါတယ်။ ဒီနေ့တော့ နောက်ဆုံးနေ့ပေါ့။
မနေ့ညကတော့ ပွဲတော်ရဲ့ စင်တင်တေးဂီတ ဖျော်ဖြေမှုကို ပရိသတ် အကြိုက်တွေ့ခဲ့ပါတယ်။
အဆိုတော်တွေကတော့ နာမည်ကျော် ဇော်ပိုင်၊ လတ်တလော ရေပန်းစားလာတဲ့ အောင်လတို့ပါပဲ။ မဲဆောက်ဒေသရောက် မြန်မာပြည်သားတွေအတွက် ရန်ကုန်ကနေ တကူးတက လာကြသူတွေပါ။
ပွဲတော်ဖြစ်မြောက် ရေးအဖွဲ့က စီစဉ်တဲ့ ဒီစတိတ်ရှိုးကို လာရောက် အားပေးတဲ့ မဲဆောက်ဒေသက မြန်မာအလုပ်သမား ၂၀၀၀ ကျော် ရှိပါလိမ့်မယ်။
မနေ့ညကကျင်းပခဲ့တဲ့ ဇော်ပိုင်နဲ့အောင်လတို့ရဲ့ပွဲကို ဘာပြဿနာမှမရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာပဲ ဒီလ ၅ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ မြန်မာ လူငယ် အဆိုတော် ဂျေမီ နဲ့ ဥာဏ်လင်းအောင်တို့ရဲ့ စင်မြင့် တင်ဆက်မှုမှာတော့ ပွဲတော်လာ မြန်မာလူငယ်တွေ အုပ်စုလိုက် ထိုးပွဲနဲ့ ရိုက်ပွဲတွေ ဖြစ်ခဲ့၊ ပွဲတော်လုံခြုံရေးအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
~
0 comments :
Post a Comment