သတင်းတိုထွာ တွေးစရာ

Wednesday, December 21, 2011

အများသုံးအိမ်သာ ဗုံကွဲပြီး မြင်ကွင်း (ဓာတ်ပုံ - Eeleven Media Group)


မီဒီယာ ၃ ခု ၃ မျိုး

ဒီနေ့နေ့လည် ရန်ကုန်မြို့ လှည်းတန်းနားက အများသုံးအိမ်သာမှာ ဗုံးတလုံး ကွဲပါတယ်။ ဆိုရှယ်နက်ဝပ်တွေ အားကောင်းတဲ့ ခေတ်မို့လို့ ပြည်တွင်းမီဒီယာတွေကလည်း အင်တာနက်ကို သုံးပြီး ရသမျှသတင်းကို ဒိုင်းကနဲ ဒိုင်းကနဲ တင်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်မှာ မီဒီယာတခုက တဦးသေ၊ နောက်မီဒီယာတခုက အမျိုးသမီး တဦးသေ၊ အမျိုးသားတဦး ဒဏ်ရာရ၊ နောက်မီဒီယာတခုက အမျိုးသမီး ၂ ဦးသေ ဆိုပြီး အမျိုးမျိုးရေးကြလို့ စာဖတ်သူတွေလည်း မျက်စိလည်နေကြပါတယ်။ နောက်ဆက်တွဲ မေးကြတာကတော့ မြန်ဖို့ အဓိကလား၊ တိကျဖို့ အဓိကလား တဲ့။


ဆော်ဒီမှတပါး

မြန်မာအမျိုးသမီးတွေဟာ ဆော်ဒီနိုင်ငံမှတပါး တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်နိုင်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ပြောကြောင်း ပေါ်ပြူလာသတင်းဂျာနယ်မှာ ရေးထားပါတယ် (အီရန်တို့၊ အာဖဂန်တို့၊ မြောက်ကိုရီးယားတို့မှာ ရော :) )။ ဆော်ဒီက ရာသီဥတု၊ ယဉ်ကျေးမှု၊ ဥပဒေတွေဟာ မြန်မာတွေအတွက် မသင့်လျော်ဘူးလို့ ဆိုပါတယ်။ အမျိုးသမီးတွေကို အလုပ်လုပ်တဲ့နေရာမှာလည်း အိမ်ဖော်၊ ဖျော်ဖြေရေးနဲ့ သန့်ရှင်းရေးအလုပ်မျိုးတွေ လုပ်ခွင့် မပြုပါဘူးတဲ့ (တခြားအဆင့်မြင့် အလုပ်အကိုင်တွေအတွက် ပြည်တွင်းပညာရေးမှာ ဘယ်လောက် စွမ်းရည်ရှိအောင် သင်ကြားပေးထားသလဲဆိုတာ တွေးမိပါတယ်)။ (Source: Popular News)


ပြင်ဆင်မယ့် ကလေးသူငယ် ဥပဒေ

မြန်မာပြည်မှာ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ရေးဆွဲပါမယ်တဲ့။ ၁၉၉၃ ကတည်းက ရေးဆွဲခဲ့တဲ့ ဒီဥပဒေဟာ ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာကို အာဏာပိုင်တွေက သဘောပေါက်လာပါပြီတဲ့ (စောများစောနေသလား)။ ဒီသတင်းကို ဖတ်ပြီးတော့ ကလေးစစ်သားတွေ၊ အသက်မပြည့်သေးဘဲ လူကြီးထောင်မှာ ကျနေသူတွေကို သွားမြင်ယောင်မိပါတယ်။ (Source: Flower News)


ဆရာ၊ ဆရာမတွေအတွက် ဂုဏ်ထူးဆောင်ဘွဲ့

အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးမယ်လို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောလိုက်ပါတယ်။ အရည်အချင်းဆိုတာ ဘယ်လို သတ်မှတ်မယ်ဆိုတာတော့ မသိရပါဘူး။ အရည်အချင်းရှိ၊ စေတနာပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေအကြောင်း လူတွေက ပြောခဲ၊ ဖော်ပြခဲကြပေမယ့် မကောင်းတဲ့ ဆရာ၊ ဆရာမတွေ အကြောင်းကတော့ ဖေ့စ်ဘုတ်တွေ၊ ဘလော့ဂ်တွေမှာ ပလူပျံနေတာ တွေ့ရပါတယ်။ ဘယ်လို ဘွဲ့မျိုး ပေးမယ်ဆိုတာလည်း မသိရပါဘူး။ (Source: Popular News)


ပညာရေး အပြောင်းအလဲ

ရိုးရိုးဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ပညာသင်နှစ်တွေကို ၃ နှစ် လျှော့ချထားတာကနေ ၄ နှစ် ပြန်တိုးမယ်လို့ သတင်းတွေ ဖတ်ရပါတယ်။ ဒါကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တနှစ်ကို ဘွဲ့ရ ၁ သိန်းလောက် ထွက်နေပေမယ့် အရည်အချင်း မရှိတာများတယ်လို့ ပညာရေးအကြံပေး ဒေါက်တာ ထွန်းခင်က ပြောကြောင်း ပေါ်ပြူလာသတင်းဂျာနယ်မှာပဲ ရေးထားပါတယ်။ တက္ကသိုလ်တွေကို အစွန်အဖျားပို့၊ ပညာသင်နှစ်တွေ လျှော့ချ၊ ပညာရေးစနစ်ကြီး ဖရိုဖရဲဖြစ်ပြီးသကာလ အခုတော့ အရည်အချင်းမရှိတဲ့ ဘွဲ့ရတွေ မွေးထုတ်မိပြီလို့ အာဏာပိုင်တွေက သဘောပေါက်လာပုံ ရပါပြီ။ (Source: Popular News)





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved