ဗွီအိုအေ မြန်မာပိုင်းဌာနမှူးနဲ့ ပြည်တွင်းမီဒီယာ အချို့တွေ့ဆုံ

Saturday, December 10, 2011

-----


ခင်နှင်းလွင်၊ ရန်ကုန်

ဒီဇင်ဘာ ၉၊ ၂၀၁၁

မြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးရန် အမေရိကန် အသံ (မြန်မာပိုင်းအစီအစဉ်) ရဲ့ ဌာနမှူးဖြစ်သူ ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံသို့ တပတ်ကြာ လာရောက်ခွင့်ရစဉ် အတွင်း ပြည်တွင်းမှ မီဒီယာမှ သတင်းထောက်နဲ့ အယ်ဒီတာ တချို့နဲ့ ယနေ့ မွန်းလွဲပိုင်းက တွေ့ဆုံစကား ပြောဆိုကြပါတယ်။

အဲလိုစကားပြောဆိုကြတဲ့ အထဲက စိတ်ဝင်စားဘွယ်ရာကောင်းတဲ့ အချက်အလက်အချို့ကို ပြောဆိုတဲ့အတိုင်း ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။ မြန်မာ နိုင်ငံနဲ့ ၂၃ နှစ်ကြာဝေးကွာနေသူ တဦး၊ မြန်မာပြည် အကြောင်း ထုတ်လွှင့်နေတဲ့ သတင်းဌာန တခုရဲ့ ဌာနမှူး အဖြစ်နဲ့ မြန်မာပြည် အကြောင်းကို အဝေးမှနေ ကြည့်ရှုနေရာက အခု အနီးကပ် ထဲထဲဝင်ဝင်ပြောဆိုကြည့်ရတော့ ဘယ်လို အမြင်တွေမြင်ပါသလဲဆိုတာ သူ့ရဲ့ပြောစကားတွေကို နားထောင်ကြည့်နိုင်ပါတယ်။

အခုခရီးစဉ် မဖြစ်ပေါ်ခင်မှာ ပြန်ကြားရေး ၀န်ကြီးဌာနကို ဆက်သွယ်ပြီး မြန်မာနိုင်ငံလာရောက်ချင်တဲ့ အကြောင်း လုပ်ငန်းကိစ္စဆွေးနွေးချင်တဲ့ အကြောင်း ပြောဆိုတော့ သူတို့ကလည်း ဖိတ်ခေါ်ပါတယ် ဆိုတာနဲ့ အခုခရီးစဉ် ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို သူကပြောရာမှာတော့

“မြန်မာနိုင်ငံအကြောင်း အသံလွှင့်နေတဲ့ အသံလွှင့်ဌာနတခု အနေနဲ့ မြန်မာနိုင်ငံသတင်းကို ကိုယ်တိုင်ကိုယ်ကျ လာယူနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ အပြင်မှာထိုင်ပြီး ယူနေရတယ်ဆိုတာက မဖြစ်သင့်ပဲ အချိန်တော်တော်များများမှာ လုပ်နေရတာ၊ အလားတူ ကျွန်တော်တို့ ငွေကုန်ကြေးကျခံပြီး ထုတ်တယ်၊ လုပ်တယ်၊ ပြည်တွင်းမှာ ကျွန်တော်တို့ လုပ်တာတွေကို ဒီနိုင်ငံမှာ FM တွေ ရှိတယ် ကျွန်တော်တို့ အခု လုပ်တာတွေကို နားထောင်ရင် မနက် အစောကြီးနားထောင်ရမယ်၊ ဥပမာ ပတ္တမြား FM က ကျွန်တော်တို့ ဟာကို ပြန်လွှင့်၊ ဒါက ကျွန်တော်တို့ရဲ့ သေနင်္ဂဗျူဟာ၊ ဥပမာ ပုဂ္ဂလိက သတင်းဌာနတွေ ချဉ်းကပ်တယ်၊ ချဉ်းကပ်တော့ ဘာဖြစ်လဲဆိုတော့ သူတို့တွေလည်း ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ semi-government ဖြစ်တော့ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ဆက်ပါဆိုတော့ လောလောဆယ် အားဖြင့် ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ ညှိနှိုင်းရမှာပဲလို့ ဆိုတယ်။

အဲဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက် သူတို့ရဲ့ ရည်ရွယ်ချက်က နောက်တမျိုး လောလောဆယ် ပြန်ကြားရေး ဌာနအနေနဲ့လဲ လက်ရှိအခြေအနေကို ပကတိ အခြေအနေကို မြင်လာတာရှိတယ်လို့ ထင်ပါတယ်၊ ဥပမာအားဖြင့် ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ ရာထူး ယူရတော့မယ်၊ အဲဒီအချိန်မှာ လစဉ် ကျင်းပပေးရမယ့် အစည်းအဝေးတွေ ပြန်ကြားရေးတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာတွေကို နားလည်လာပုံရတယ်၊ သူတို့ စွမ်းရည် မြှင့်ရတော့မယ်၊ သူတို့ capacity ကို မြှင့်ရာမှာ တော့ အတွေ့အကြုံရှိတဲ့ VOA BBC ဒီလို ဟာတွေရဲ့ အတွေ့ အကြုံကို ယူရမယ် ဆိုတာကိုနားလည်လာပုံရပါတယ်၊ နှစ်ဘက် အပြန်အလှန်ပေါ့ ပွင့်လွင့်လင်းလင်း ဆွေးနွေးဖြစ်ပါတယ်” လို့ သူနဲ့ ပြန်ကြားရေး ၀န်ကြီး ဌာန အကြား ဆွေးနွေးကြတဲ့ အကြောင်းကို ပြောပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံလာရောက်ဖို့ ကိစ္စကို လုပ်ဆောင်နေရာမှ သွားဖို့ သေချာပြီး၊ မထွက်ခွာခင် ၂ ရက်လောက်အလိုမှာ မြန်မာပိုင်းဌာနက လုပ်ဖေါ်ကိုင်ဖက်တွေကို ကြေညာလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလို ကြေညာလိုက်တဲ့အခါ အားလုံးက “ဟာ” ခနဲ ဖြစ်ကုန်ကြပါတယ် တဲ့၊

“ ဟာခနဲ ဆိုတာက အားကျတာ၊ ခင်ဗျား တယောက်ထဲလား ပေါ့၊ ကျွန်တော်တို့ကော မပါဘူးလားပေါ့၊ ကျွန်တော်ရှင်းပြတာ ကျွန်တော် သတင်းယူဖို့ သွားမယ့် ကိစ္စမဟုတ်ဘူး၊ လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှိုင်းရမယ့် ကိစ္စ ညှိနှိုင်းလို့ အဆင်ပြေရင် နောက်ပိုင်း လမ်းပေါက်လာမယ်၊ လမ်းပေါက်ပြီးနောက် ချောင်းပေါက်သွားမယ် ဆိုတာ ကျွန်တော် အမြဲပြောနေကျ စကားလုံး၊ မြောင်းဖြစ်သွားဖို့တော့ မဟုတ်ဘူး” လို့ ဦးသန်းလွင်ထွန်းက ဆိုပါတယ်။

လုပ်ငန်းပိုင်း ဆိုင်ရာ ညှိနှိုင်းတယ် ဆိုတော့ ဗွီအိုအေ မြန်မာပိုင်းဌာနရဲ့ ရုံးခွဲလိုမျိုး အမြဲတမ်း သတင်းထောက် ထားခွင့် လိုမျိုး ရဖို့ နီးစပ်ပါပြီလား ဆိုတော့

“ အခုလာတဲ့ ခရီးစဉ်က သတင်းယူဖို့ မဟုတ်ဘဲ ကျွန်တော်လိုချင်တဲ့ ဟာကို ပြောတယ်၊ မကြာခင်တော့ ကျွန်တော်မသိဘူး ၊ အခုတော့ ကျွန်တော် လိုချင်တဲ့ဟာကို ကျွန်တော်တောင်းဆိုခဲ့တယ်။ ကျွန်တော့ အသံကို သူတို့ ကြားပြီးပြီ၊ ဖြစ်နိုင်ချေရှိပါတယ်လို့ ပြောတယ်၊ သေချာပေါက် တခုတော့ ရှိတယ်။ အခု ကျွန်တော့် သတင်းထောက်တွေ ဘန်ကောက်မှာ ရှိတယ်။ ဘန်ကောက်မှာ ထားရခြင်းဟာ မြန်မာနိုင်ငံမှာ မထားနိုင်လို့၊ ဒီမှာ သတင်းယူဖို့ ရှိတယ်၊ အကြောင်းကြီးငယ်ရှိရင် အချိန်မရွေးပြောပါ၊ ခွင့်ပြုပေးမယ် ဆိုတာ ဒါက ကျွန်တော် ကတိစကား တရပ်လို့ မှတ်ယူပါတယ်၊ ကျွန်တော်တို့ သတင်းထောက်တွေကို ခင်ဗျားတို့ မကြာခဏ မြင်ရဖို့ရှိတယ်။ ဒီမှာနေမနေတော့ မသိဘူး၊ အလားတူ ဒီမှာ ကျွန်တော်တို့ သတင်းထောက် တလတန်သည် သုံးလတန်သည် နေဖို့၊ ရုံးခွဲဖွင့်ဖို့က တဖြည်းဖြည်း လုပ်ရမယ့် ကိစ္စဖြစ်သွားပြီ၊ ရုံးဖွင့်မလား ဆိုတာက အဆင့်က အမျိုးမျိုး ၀န်ထမ်းတယောက် ထားမလား၊ ဒေသခံ သတင်းထောက် တယောက်ယောက်ကို ကိုယ်စားလှယ် ထားမလား ဆိုတာ နောက်ပိုင်း ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

အပြင်မှာ ၂၃ နှစ် နေလာတဲ့သူ၊ မြန်မာပြည် အကြောင်းကို အမြဲ စိတ်ဝင်စားနေတဲ့ သတင်းသမား တဦးအနေနဲ့ တကယ် ရောက်လာတဲ့အခါမှာ ဘယ်အချက်တွေက ကြားတာနဲ့ မြင်တာ မတူသလဲ လို့ မေးတဲ့အခါ

ဒီမှာ တချို့ကိစ္စတွေ သတိ ထားမိတာ ရှိတယ်၊ ထင်ထားတာနဲ့ လက်တွေ့ မြင်ရတာ တော်တော်လေး ကွာတယ်၊ ဥပမာအားဖြင့် နေပြည်တော်မှာ ထူးခြားတာက ကျွန်တော် ထင်ထားတဲ့ နေပြည်တော်နဲ့ ရောက်သွားတဲ့ နေပြည်တော် ကွာတယ် ရောက်ခဲ့သမျှ နေရာတွေမှာ လွတ်လွတ်လပ်လပ် လုပ်နေတာ များတယ်၊ ဘာကြောင့်လဲဆို နေရာ အနေအထားကြောင့်လား မသိဘူး၊ ၀န်ကြီးဌာနတို့ ရုံးတို့ ဆိုတာတွေ အဝေးကြီးပဲ အဲလိုဆိုတော့ သူတို့ကို ပေးထားတဲ့ ရုံးတို့ဘာတို့မှာ ကိုယ့်မင်းကိုယ့်ချင်း နဲ့ လွတ်လွတ် လပ်လပ် လုပ်နေတာ၊ လေ့ကျင့်ခန်းလုပ်နေသလိုပဲ၊ နောက်ပိုင်း ဘာမြင်ရသလဲ ဆိုတော့ နောက်ပိုင်းမှာ ၀န်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူတွေက လွတ်လွတ် လပ်လပ် ပို တက်ကြွလာတယ်လို့ အစိုးရ ရုံးက ဟိုဘက် ရောက်သွားတော့ ပေါ်လစီက ဒီဘက်က အခြေ အနေနဲ့ မတူတော့တာလား မသိဘူး” လို့ပြောပါတယ်။

ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ ဆိုတော့

ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနဲ့ တွေ့တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဖို့ သူက အရမ်း အလုပ်များတော့ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ တွေ့တယ် ရင်းရင်းနှီးနှီး ပြောဖြစ်တယ်။ သမ္မတရုံး အကြံပေးနဲ့ တွေ့ဖြစ်တယ်။ လွှတ်တော်ရုံး နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ နဲ့တွေ့တယ်။ ရထားဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့တယ်၊ ဦးလှမြင့်ဦးနဲ့ တွေ့တယ် လို့ပြောပါတယ်။

တချို့နဲ့တွေ့တဲ့ အခါမှာ သတင်းယူဖို့ မဟုတ်ဘဲ သူ့ရဲ့ (အခြေအနေကို ) နားလည်မှု အတွက်၊ နောက်ပိုင်း သတင်းတွေကို ဘယ်လောက် ခြုံငုံ သုံးသပ်နိုင်မလဲ ဆိုတာ အတွက်ပါ လို့လည်း ပြောပါတယ်။

နောက် ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေး ပြောဆိုကြတာတွေကတော့ အမေရိကန် နဲ့ မြန်မာ ဆက်ဆံရေး၊ စီးပွားရေး ပိတ်ဆို့မှု အကြောင်း သူနားလည်တဲ့ ဟိုက နိုင်ငံရေးစနစ် အနေအထားတွေကို ရှင်းပြတာတွေလည်း ပြောဖြစ်ကြပါတယ်။

ပြည်တွင်း သတင်းမီဒီယာ လောကအပေါ် ဘယ်လိုမြင်သလဲ ဆိုတော့ လူငယ်တွေ တက်တက်ကြွကြွနဲ့ ပြောရဲ မေးရဲ ရေးရဲကြတာတွေကို သူ သဘောကျတဲ့ အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သူ့အမြင်ကို မေးကြ ပြောကြရာမှာတော့ လွတ်လပ်ခွင့် ရှိလာတဲ့ အခါ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာမှာဖြစ်ပြီး ပိုကြိုးစားကြရမယ်၊ သတင်းစာ ထုတ်ခွင့် ရလာရင် အပတ်စဉ်ထုတ်တွေ က သတင်းစာတွေကို ယှဉ်နိုင်ဖို့ အနှစ်ပါအောင် ပိုကြိုးစားရမယ့်အကြောင်းလည်း ပြောသွားပါတယ်။

သူ့ရဲ့ တပတ်တာ ခရီးစဉ်က လာမယ့် တနင်္ဂနွေနေ့မှာ ပြီးဆုံးပါမယ် လို့ ပြောသွားပါတယ်။


(http://moemaka.com တွင် ဖော်ပြပြီး)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved