ဒီမို ဖက်တီး
ကချင်က စစ်ပွဲ ဒီနေ့ ရုံးရောက်လာတယ်။ တပည့်မ တစ်ယောက်ရဲ့ မောင် စစ်ဗိုလ်လေး (ကျောင်းဆင်းပြီးစ) ပြင်းထန်စွာ ဒဏ်ရာရလို့ ခွင့်ရက်ပေး လိုက်ရပါတယ်။ မြစ်ကြီးနား ဆေးရုံက မနိုင်တော့လို့ နေပြည်တော်ဆေးရုံကို ဒီညပို့မယ် လို့ တပည့်မ ပြောပါတယ်။
သေနတ်ဒဏ်ရာ အချက်များပြီး ပေါင်က ကျည်ဆန် ထုတ်မရဖြစ်နေပါလို့ အလွန် စိုးရိမ် နေရပါတယ်။ သူ့ရဲ့ မောင်လေးပါတဲ့ တပ်ခွဲတစ်ခုလုံး ထိတာတယ် .... တယောက်မကျန် သေရင်သေ ဒါမှမဟုတ် သေနတ်မှန် တာတဲ့။ အရင်အပတ်ကပဲ အိမ်ကို ဖုန်းဆက်ချင်တယ် ဆိုလို့ ဖုန်းဝယ်ပို့ထားတာ တဲ့။ တပည့်မခမျာ ငိုရင်း အသံတောင် မထွက်ရှာဘူး။ သနားပါတယ်။ တော်တော်လေးကို စိတ်ပျက်မိပါတယ်။
ဒီလူငယ်တွေဟာ စစ်တိုက်ချင်လို့ တိုက်နေရ တာ မဟုတ်ပါဘူး။ ရှေ့တက် ဆိုလို့။ မတက်ရင် နောက်က ပစ်မယ်။ ရှေ့တက်တော့ ရှေ့က ပစ်တယ်။ ဒီစစ်သားလေးတွေ ကချင်ကိုလည်း မမုန်းပါဘူး။ စစ်လည်း မတိုက် ချင်ပါဘူး။ စစ်ပွဲတွေ ရပ်လိုက်ကြပါတော့။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်ဆိုပေမယ့် အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို နည်းနည်းလေး အလျော့ပေးလိုက်ပါ။ ငြိမ်းချမ်းရေးအတွက် ခြေတလှမ်း နောက်ဆုတ်ပေးလိုက်ပါ။
သူပစ်လို့ ကိုယ်ပစ်တယ်၊ ကိုယ်ပစ်လို့ သူပစ်တယ် ဆိုရင် ဒီစစ်ပွဲ ဘယ်လိုရပ်တော့မလဲ။ ကချင်သေလည်း မြန်မာ ရှုံးတာပဲ .... မြန်မာသေလည်း မြန်မာ ရှုံးတာပဲ။
ref: Facebook
မြစ်ဆုံစီမံကိန်းတုန်းက ပြည်တွင်းရော ပြည်ပကပါ လူတိုင်းမကျန်းဝိုင်းဝန်းကန့်ကွက်ကြလို့ အစိုးရက လျော့ပေးလိုက်ရပြီ။ အခု ကချင်ကိစ္စကျတော့ အားလုံးမပါလာကြပါလား။ ကချင်လည်း မြန်မာတိုင်းရင်းသားပဲလေ။ ကရင်၊ ကယား---- အားလုံးဟာ တိုင်းရင်းသားတွေလေ။ စစ်တွေဖြစ်နေတာ ဒုက္ခရောက်နေကြတာများနေပါပြီ။ ပြည်တွင်း ပြည်ပ မီဒီယာတွေရော ဝိုင်းပြီးလုပ်ဆောင်ကြစေချင်တယ်။ သမ္မတကြီးမသိတာလား။ မသိချင်ယောင်ဆောင်နေတာလား။ စစ်တပ်လုပ်သမျှ သမ္မတနဲ့ မဆိုင်တာလား။ ဒါမှမဟုတ် ရွေးကောက်ပွဲ မဝင်ခင် သမ္မတကြီးက ကချင်ဒေသမှာ စည်းရုံးခဲ့သလို သူတို့ ကြံ့ခိုင်ရေးနိုင်ရင် ကချင်ဒေသမှာ KIO မရှိအောင်လုပ်ပေးမယ်ဆိုတဲ့ စကားကြောင့်လား။ ပြည်သူ့ အသံကို နားထောင်တဲ့ သမ္မတ ဖြစ်ချင်တယ်ဆို၊ ပြည်တွင်းက ပြည်သူ့ အသံတွေကိုပဲ မကြားလို့လား။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော တိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းဖို့အတွက် ဘာလုပ်ပေးနေပါသလဲ။ ဘယ်သူမှ မစဉ်းစားကြတော့ဘူးလား။ သတင်းဌာနတွေကရော၊ ပြည်မမှာ ရှိနေတဲ့သူတွေကရော--- အားလုံးအားလုံးကို ပါဝင်စေချင်ပါတယ်။