ကျောက်ဆည်မြို့ ဘာကြောင့်ရေနစ်သလဲ

Monday, February 13, 2012

ကျောက်ဆည်တွင် ရေကြီးစဉ်က ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံတခု (ဓာတ်ပုံ - my.newikis.com)

၂၀၁၁-ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာ ကျောက်ဆည်မြို့ရဲ့ နေရာအတော်များများ ဇော်ဂျီမြစ်ရေလျှံတက်ပြီး ရေနစ်ခဲ့တယ်။ ဇော်ဂျီမြစ်ရဲ့ ကျောက်ဆည်မြို့ ရေ၀င်လမ်းကြောင်းပေါ်က မြို့ဦးရပ်ကွက်နဲ့ အနောက်ပိုင်းက ဇော်ဂျီမြစ် ရေထွက်လမ်းကြောင်းက ကြက်မင်းတွန်ရပ်ကွက်တွေမှာ အတော်လေး နစ်နာခဲ့ပါတယ်။ ဇော်ဂျီမြစ်ကြောင်းပေါ်က ကျောက်ဆည်မြို့၊ ဇော်ဂျီမြစ်ဖြတ်သန်းစီးဆင်းသွားတဲ့ ကျောက်ဆည်မြို့ရေနစ်ရာမှာ မေးခွန်းပေါင်းများစွာနဲ့ စဉ်းစားခဲ့မိပါတယ်။
(၁) ကျောက်ဆည်မြို့နေနစ်နေတယ်၊ မိုးများများရွာတိုင်းပဲရေနစ်နေတယ်၊ ဘာကြောင့်ရေနစ်ရတာလဲ။
(၂) လွန်ခဲ့သောကာလတွေမှာ ကျောက်ဆည်မြို့က ယခုလိုရေနစ်ခဲ့သလား? လွန်ခဲ့သော ၅၊ ၁၀၊ ၁၅၊ ၂၀၊ ၃၀၊ ၅၀၊ ၆၀၊ ၁၀၀-နှစ် စသည်ဖြင့်ပေါ့လေ. . . . . . ။
(၃) နောင်လာမည့်နှစ်တွေမှာရော ရေနစ်အုံးမှာလား၊ မိုးရာသီရောက်ချိန်တိုင်း၊ မိုးများများရွာချိန်တိုင်း၊ ဒီလိုပဲ နစ်အုံးမှာလား။

အဲဒီတော့ နောင်မှာကျောက်ဆည်မြို့ကိုရေမနစ်အောင်
(၁) ဘယ်လိုလုပ်မှာလဲ၊ ဘယ်လိုလုပ်သင့်သလဲ။
(၂) ဘယ်သူလုပ်မှာလဲ ( အစိုးရလား. . .? ၊ NGO လား . . . .?)
(၃) နောက်ပြီး ဘယ်လောက်ကြာမှာလဲ . . . .? (၁-နှစ်လား၊ ၂-နှစ်လား၊ ၃-နှစ်လား၊ ၅-နှစ်လား၊ ၁၀-နှစ်လား . . .?)
ဒီစာရေးသားတင်ပြရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့
(၁) ကျောက်ဆည်မြို့ နောင်ကာလမှာ ရေမနစ်စေဖို့၊
(၂) မြို့သူ/သား၊ နယ်သူ/သားများ၊ မသက်ဆိုင်သူများ မလိုအပ်ပဲ ဒုက္ခမရောက်စဖေို့၊ (၃) ကျောက်ဆည်နယ်သူ/သားတွေ ဒီကိစ္စမှာ ပါဝင်ဆွေးနွေးလာဖို့၊ တင်ပြလာဖို့၊
(၄) Media အဖွဲ့များ၊ သက်ဆိုင်ရာမြစ်ကြောင်းပညာရှင်များ၊ မြို့ပြ ပညာရှင်များ၊ ဆည်မြောင်းပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ ဒီကိစ္စမှာ ပါဝင်ဆွေးနွေးပြီး ကာကွယ်ထိန်းသိမ်းရေး
လုပ်ငန်းများ အကြံပြုလာနိုင်ဖို့ ဖြစ်ပါတယ်။
သိထားသလောက် အလွတ်သဘော တင်ပြဆွေးနွေးပါရစေ . . . . . .

ကျောက်ဆည်မြို့ဟာ (မူလ) ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ မြို့ရဲ့အလယ်မှာ (တောင် ဘက်နည်းနည်း) ဇော်ဂျီမြစ်က ဖြတ်စီးနေပါတယ်။ ကျောက်ဆည်မြို့ကို တောင်ဘက်က ၀င်ရင် ပထမဆုံးတွေ့ရတဲ့ တံတား ကြီးကတော့ ဇော်ဂျီမြစ်ကူးတံတား ဖြစ်ပါတယ်။
လွန်ခဲ့သောနှစ်တွေမှာ ကျောက်ဆည်မြို့ဟာ ယခုလိုရေလျှံ၊ ရေနစ်ခဲ့ဖူးသလားလို့ မြို့ခံတစ်ဦးကို မေးကြည့်ပါ တယ်။ လွန်ခဲ့သော (၁၅-နှစ်၊ ၂၀-နှစ်၊ ၃၀-နှစ်)တွေမှာ လူတွေ၊ တိရိစ္ဆာန်တွေ အသက်ဆုံးရှုံးရလောက်အောင်တော့ မကြုံဖူး ပါ။ သာမန်ရေလျှံမှုလောက်သာ ကြုံဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၀၆-ခုနှစ်မှာ မိုးများပြီး ဇော်ဂျီမြစ်ရေလျှံပါတယ်။ ကျောက်ဆည်မြို့ရေနစ်ပါတယ်။ ဒါဟာ သိရသလောက် ပထမဆုံး ကြီးကြီးမားမား ရေကြီးမှုပါလို့ သိရပါတယ်။

၂၀၀၆-ခုနှစ် ဇော်ဂျီမြစ်ရေကြီးစဉ် ကျောက်ဆည်မြို့ပေါ်မှာ ရေနစ်သေဆုံးသူ ရှိ/မရှိ တိတိကျကျမသိပေမယ့် ကျောက်ဆည်မြို့ရဲ့ အထက်ဖက်(၇)မိုင်အကွာက ငပြောင်ဆည်ရဲ့တောင်ဖက်ပိုင်း၊ သံရွာနယ်တ၀ိုက်မှာတော့ ရေနစ် သေဆုံးသူများ ရှိခဲ့တယ်လို့ နိုင်ငံခြားMidea များမှတဆင့် သိရပါတယ် (၂၀၁၂-ဇန်န၀ါရီလမှ ဒေသခံများကို သေသေချာချာ မေးကြည့်တော့ အနည်းဆုံး လူ(၅၀၀)ယောက်လောက် သေဆုံးတယ်လို့ ပြောကြပါတယ်။) ဒါပေမယ့် ၂၀၀၆-ခုနှစ် ရေကြီးချိန် မှာ မြို့ပေါ်နေလူထုရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးနဲ့ ငပြောင်ဆည်နဲ့ သံရွာနယ်တ၀ိုက်က နယ်သူ/သားတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတန်ဖိုးကို မသိခဲ့ရပါဘူး။ အဲဒီအချက်အလက်များကို Media သမားများက စုစည်းတင်ပြနိုင်ရင် အလွန်ကို တန်ဖိုးရှိမှာပါ။

၂၀၀၆-ခုနှစ် ဇော်ဂျီမြစ်ရေကြီးလို့ ကျောက်ဆည်မြို့ရေနစ်ရာမှာ မြို့သူ/သားတွေ ရေနစ်သေဆုံးမှုမများပဲ ကျောက်ဆည်မြို့ရဲ့အထက်ဖက် (အရှေ့ဖက်) (၇)မိုင်အကွာမှာရှိတဲ့ ငပြောင်ဆည်ဝန်းကျင်၊ သံရွာနယ်က နယ်သူ/သား တောသူတောင်သားအများအပြား ရေနစ်သေဆုံးခဲ့ပါတယ်။
အဲဒါဘာကြောင့်လဲ ? ဇော်ဂျီမြစ်ရေလျှံတာ ကျောက်ဆည် မြို့ပေါ်မှာ ထိခိုက်မှုနည်းပြီး ငပြောင်ဆည်နဲ့ သံရွာတိုက်နယ်တ၀ိုက်မှာ ဘာကြောင့်ဆုံးရှုံးမှုများရတာလဲ? အဲဒီအချက်က အဓိကကျပါတယ်။

ဒီနေရာမှာ ဇော်ဂျီမြစ်နဲ့ပတ်သက်လို့ သိသမျှတင်ပြပါရစေ . . . . .
ဇော်ဂျီမြစ်ဟာ ရှမ်းပြည်နယ်၊ ရွာငံမြို့အထက်ဖက်ကနေ စတင်စီးဆင်းတယ်လို့ သိရပါတယ်။ ရွာငံမှတဆင့် ရပ်စောက်၊ မြို့ကြီး၊ ကင်းရွာ၊ ကျောက်ဖျာရွာ၊ တောင်တော်ရွာ၊ နောင်ခမ်းရွာ၊ ငပြောင်ရွာ၊ သံရွာ၊ သင်္ဂတုံရွာများဝန်ကျင်မှ ဖြတ်သန်းစီးဆင်းပြီး ကျောက်ဆည်မြို့ဝင် ဇီးဖြူဝင်း၊ တာတိုင်ပေါက်ကုန်း၊ ပြည်ပန်း၊ ထားဝယ်ကျေးရွာများကို ဖြတ်ကျော်ပြီးမှ ကျောက်ဆည်မြို့ထဲကို အရှေ့တောင်ဘက်ကနေ ၀င်ရောက်ပါတယ်။ ကျောက်ဆည်မြို့ကိုဖြတ်သန်းပြီး မြို့ရဲ့အနောက် မြောက်ထောင့် (ကြက်မင်းတွန်ရပ်ကွက်နဲ့ တံတားလည်ရွားကြား)ဖက်ကနေ မြို့ကို ဖြတ်ထွက်ကာ စဥ့်ကိုင်မြို့ဖက်ကို စီးဆင်းပြီး တံတားဦးမြို့အထက်ဖက်မှာ မြစ်ငယ်မြစ်(ဒုဠ၀တီမြစ်)ထဲကို စီးဝင်ပါတယ်။

ဇော်ဂျီမြစ်ရယ်၊ ကျောက်ဆည်မြို့ ရေနစ်တာရယ်နဲ့ပတ်သက်ပြီး စဉ်းစားတွေးတောစရာတွေ ထပ်တွေ့ပါတယ်။ ကျောက်ဆည်မြို့ဟာ လွန်ခဲ့တဲ့အတိတ်ပိုင်း (၁၅-နှစ်၊ ၂၀-နှစ်)တွေမှာ ရေကြီးရေလျှံမှု ကြီးကြီးမားမားမရှိပဲ အခုမှ ဘာကြောင့် ရေနစ်၊ ရေလျှံမှုတွေ ဖြစ်လာရတာလဲ။

ဒီကိစ္စဟာ ကျောက်ဆည်မြို့မှာ တာဝန်ရှိသလား ? ဇော်ဂျီမြစ်မှာများ တာဝန်ရှိသလား ?

ဒါမှမဟုတ် မိုးများစေတဲ့ သိကြားမင်းမှာ တာဝန်ရှိသလား ?

သိကြားမင်းကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ကျန်(၂)ချက်ကိုတော့ ဆွေးနွေးတင်ပြချင်ပါတယ်။

ကျောက်ဆည်မြို့
ကျောက်ဆည်မြို့ဟာ ဟိုးအရင်တုန်းက(၁၉၈၈-ခုနှစ် မတိုင်မီက) အေးချမ်းတည်ငြိမ်တဲ့၊ နေပျော်ဖွယ်ကောင်းတဲ့၊ ရိုးရှင်းတဲ့မြို့ငယ်လေး တစ်မြို့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် (၁၉၈၈)မှာ အရေးအခင်းတွေဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မင်းတွေပြောင်းခဲ့ပါတယ်။ အဲဒီကာလနှောင်းပိုင်းမှာ ကျောက်ဆည်နယ်သားတွေ အတော်လေးထွန်းပေါက်ခဲ့ကြပါတယ်။ ထွန်းပေါက်သလောက်လည်း မိမိတို့နယ်မြေဒေသ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်းကို မိမိတို့ သိမြင်တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ကြပါတယ်။ ဆောင်ရွက်ခဲ့သလောက်လည်း ကျောက်ဆည်ဟာ ပြောင်းလဲခဲ့ပါတယ်။ (တိုက်တာအဆောက်အဦးတွေ၊ လမ်းမကြီးတွေ၊ တက္ကသိုလ်ကြီးတွေ၊ ဈေးကြီးတွေ ဖြစ်လာပြီး လူနေထူထပ်လာတာကို တိုးတက်လာတယ် လို့ ပြောလို့ရရင်တော့ ကျောက်ဆည်ဟာ တိုးတက်ပြောင်းလည်း လာတယ်လို့လဲ ဆိုလို့ရသပေါ့)

မြို့ကပြောင်းလဲလာပြီး လူတွေများပြားလာတော့ နေစရာတွေရှားပါးလာခဲ့တယ်
ဒီတော့မြို့ပြလေးတွေရဲ့ ထုံးစံအတိုင်း လူနေကွက်သစ်တွေကို တိုးချဲ့လာကြတယ်
ကြက်မင်းတွန်ကွက်သစ်၊ မြို့ဦးကွက်သစ်၊ တံစိုးဂိတ်ဖက်ကွက်သစ်၊ တံတားလည်ရွာဖက်ကွက်သစ်၊ ဖောင်ရွက်ဖက်
ကွက်သစ်၊ ပတ္တာရွာဖက်ကွက်သစ် စသည်ဖြင့် တိုးချဲ့ခဲ့တာတွေ့ရပါတယ်

၂၀၀၆ နဲ့ ၂၀၁၁ ခုနှစ် ရေနစ်မှုတွေမှာ အဓိကနစ်မြုပ်ခဲ့တာက ကြက်မင်းတွန်နဲ့ မြို့ဦးကွက်သစ်တွေဖြစ်တာ တွေ့ရပါတယ်။ ဒီကွက်သစ်တွေက အနိမ့်ပိုင်းတွေ ဖြစ်နေပါတယ်။
မြစ်ရေ၀င်နိုင်တဲ့ မြေနိမ့်ပိုင်းနေရာတွေကို ဘာကြောင့် ကြိုတင်ကာကွယ်မှုမရှိပဲ ဘယ်သူက ကွက်သစ်ဖော်ခဲ့သလဲ? နေတဲ့သူတွေကလဲ ဘာလို့မစဉ်းစားမတွေးခေါ်ပဲ နေခဲ့ကြတာလဲ။
အတော်လေးကို စဉ်းစားတွေးတောစရာပါပဲ . . . .။

ဇော်ဂျီမြစ်
ကျောက်ဆည်မြို့ ရေနစ်ရာမှာ အဓိက တာဝန်ပိနေသူ ကတော့ ဇော်ဂျီမြစ်ပါပဲ . . . . . .
ဟုတ်ပါတယ် . . . . .
ချောင်းကိုချောင်းလို ထားသင့်ပါတယ်။
မြောင်းကိုမြောင်းလို ထားသင့်ပါတယ်။
မြစ်ကိုမြစ်လို ထားသင့်ပါတယ်။
(ဒါကတော့ စာရေးသူရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ် . . . . . )
လူသားတွေမှာ လူ့အခွင့်အရေးရှိရမယ်ဆိုပြီး၊ အဖွဲ့တွေဖွဲ့၊ ပြောကြ ဆိုကြ ဆွေးနွေးကြတာတွေ ဖတ်ရ၊ မှတ်ရ၊ ကြားသိရပါတယ်။
( လူမှာ လူ့အခွင့်အရေးရှိသလို မြစ်မှာလည်း မြစ်အခွင့်အရေးရှိသင့်ပါတယ် . . . . .)
ဇော်ဂျီမြစ်ဟာ မြစ်အဖြစ်ရပ်တည်ခွင့်၊ မြစ်အခွင့်အရေးများစွာကို ကာလများစွာမှ ယနေ့အထိ အဆင့်ဆင့်ဆုံးရှုံး ခဲ့ရတယ်လို့ ဆိုပါရစေ။ ဘာကြောင့် ဒီလိုဆိုလိုရပါသလဲ။ ဇော်ဂျီမြစ်ဟာ ဟိုးရှေးပဝေသဏီက မြစ်အခွင့်အရေးအပြည့်နဲ့ မြစ်အဖြစ် ရပ်တည်ခဲ့မှာပါပဲ။ မြစ်လိုပဲစီးဆင်းခဲ့ရမှာပါပဲ။

သမိုင်းစာမျက်နှာအရ ဇော်ဂျီရဲ့အခွင့်အရေးကို စတင်ထိပါးခဲ့သူ ကတော့ မြန်မာနိုင်ငံရဲ့ ပထမ ရေမြေ့သနင်း ပြည့်ရှင်မင်း အနော်ရထာ ဖြစ်ပါတယ်။
အနော်ရထာဟာ လယ်တွင်းကိုးခရိုင်ဆိုတဲ့ ကျောက်ဆည်နယ်ကို ဆန်ရေစပါးပေါများစေဖို့၊ စိုက်ခင်းတွေ ရေရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဇော်ဂျီမြစ်ကို မြစ်လိုမစီးဆင်းစေပဲ လူတွေကောင်းစားဖို့ မြစ်ကို စတင် စတေးခဲ့ ပါတယ်။ သေချင်ရင် စိန်မစားနဲ့ သံရွာကိုသွား ဆိုတဲ့ ကျောက်ဆည်နယ် ဆိုရိုးစကားတစ်ခုထဲက သံရွာနယ်အထက် ငပြောင်အရပ်မှာ ရှိတဲ့ ဇော်ဂျီမြစ်ထဲကို ကျောက်ခဲတွေချ၊ မြစ်ကိုတား၊ မြောင်းကိုဖော်၊ ရေကိုသွယ်၊ ရေသွင်းစိုက်ခင်းတွေ စတင်ဖော်ဆောင်ခဲ့ တယ်လို့ မှတ်သားခဲ့ရပါတယ်။

အဲဒီအချိန်ကတည်းက ဇော်ဂျီဟာ ရင်ခံတဲ့ဝေဒနာကို စတင်ခံစားခဲ့ရတယ်လို့ပဲ ယူဆမိပါတယ်။ အနော်ရထာ ပြီးနောက် မင်းအဆက်ဆက် ဇော်ဂျီမြစ်ကို ဇော်ဂျီမြစ်လိုပဲ ဆက်ဆံခဲ့ကြမယ်ထင်ပါရဲ့ . . . . .။ ပုဂံမှ ကုန်းဘောင်အထိ ဇော်ဂျီမြစ်ဟာ တည်ရှိခဲ့ပါတယ်။ နောက်အင်္ဂလိပ်မင်းလက်ထက် ၁၈၈၅-၁၉၄၈ အထိ၊ နောက်လွတ်လပ်ပြီး ပြည်တော်သာ စီမံကိန်းတွေခေတ်ကာလ (ဒီကာလတွေကို စာရေးသူ မမီခဲ့ပါဘူး) အဲဒီခေတ်ကာလတွေမှာ ဇော်ဂျီကို ဘယ်သူတွေက ထပ်ပြီးခလုတ်တိုက်ခဲ့ကြသေးသလဲ မသိခဲ့ရပါ။ စာရေးသူရဲ့ လေ့လာမှုအားနည်းချက်လည်း ဖြစ်ပါတယ်. . . .

ဒီဆွေးနွေးချက်ရဲ့ရှေ့ပိုင်းက ကျောက်ဆည်မြို့အကြောင်းထဲမှာလို ၁၉၈၈ မတိုင်မီ ခေတ်အဆက်ဆက် ရေမြေ့ သနင်းများဟာ ဇော်ဂျီကို ခလုတ်သုံးလေးခါလောက်တိုက်ခဲ့ကြတယ်။
ငပြောင်ဆည်တဲ့၊ သင်းတွဲဆည်တဲ့၊ မင်းရဲဆည်တဲ့၊ ဇီးတောဆည်တဲ့ နယ်မြေဒေသတိုးတက်ရေးအစီအမံများ ဖြစ်ပါတယ်။ ဒီလောက်အခြေအနေဟာ ဇော်ဂျီမြစ်အတွက် ရောဂါကြီးတစ်ခုလို မဖြစ်ပေါ်ခဲ့ပဲ ရင်ပြည့်ရင်ခံတဲ့ အဆင့် လောက်ပဲရှိခဲ့တယ်လို့ ထင်မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ဆည်ဟာ ကျောက်ဆည်လိုပဲနေခဲ့ရသလို ဇော်ဂျီ ဟာလဲ ဇော်ဂျီလိုပဲ နေခဲ့ရပါတယ်။
ဒါဆိုရင် ၁၉၈၈ နောက်ပိုင်း ရေမြေသနင်းများခေတ်မှာရော ကျောက်ဆည်ရယ်၊ ဇော်ဂျီရယ် ဘယ်လိုဖြတ်သန်းခဲ့ရသလဲ။

၂၀၁၁ ခုနှစ် ကျောက်ဆည်နဲ့ ဇော်ဂျီ
ငယ်ငယ်ကတည်းက ဆရာနန္ဒသိန်းဇံရဲ့ စာအုပ်စာတမ်းငယ်များနဲ့ ရင်းနီးခွင့်ရခဲ့တာဟာ ဆုလာဘ်တစ်ပါးပါပဲ။ ကြီးပြင်းခဲ့ရတဲ့ကာလတလျှောက်မှာတော့ အရင်ကသိပ်ပြီး သတိမမူမိပေမယ့် နောက်ပိုင်းမှာ အမြဲလိုလိုသတိရနေတာဟာ ဆရာရဲ့ မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း၊ စာအုပ်ထဲမှာပါတဲ့ ဥယျဉ်မှူး ပုံပြင်လိုပါပဲ။

၂၀၁၁ မှာ ကျောက်ဆည်ဟာ အပြောင်းအလဲများစွာကို ဖြတ်သန်းခဲ့ပါတယ်။ ဇော်ဂျီရဲ့ဝေဒနာဟာလဲ အနီရင့်ရင့် အရောင်အဆင့်ကိုတောင် ရောက်များနေလောက်ပြီလား မခန့်မှန်းတတ်ပါ။
ကျောက်ဆည်ကို ရေနစ်ခဲ့တဲ့နေရာတွေဟာ မြို့ရဲ့မြေနိမ့်ပိုင်းတွေဖြစ်ပါတယ်။ မြို့ရဲ့မြေနိမ့်ပိုင်းတွေကို ဇော်ဂျီက လျှံလာတဲ့ရေတွေက ကျော်လွှားရောက်ရှိလာဖြစ်ပါတယ်။

ဟိုးရှေးယခင်က မြေနိမ့်ပိုင်းတွေမှာ ရေမလျှံပဲ အခုမှ ဘာကြောင့် ရေလျှံရတာလဲ။
၂၀၁၁ ရဲ့ ဇော်ဂျီမြစ်ဟာ ဖွံ့ဖြိုးတိုးတက်ရေးစီမံမှုတွေရဲ့အောက် ပြားပြားမှောက်ခဲ့ရပါတယ်။
မှတ်သားမိ၊ သိရှိမိသလောက် ဇော်ဂျီကို ကျောက်ဆည်မြေက ရှမ်းပြည်ဌာနအထိ အလျားလိုက်ဆန်တက်ကူးခတ် ကြည့်လိုက်ပါ။
ကျောက်ဆည်မြို့ရဲ့ ဇော်ဂျီမြစ်ပေါ်မှာ ဇီးတောဆည်၊ သင်းတွဲဆည်၊ ရေသန့်စက်ရုံနဲ့ ဇော်ဂျီရေထိန်းတံခါး စတဲ့ အထင်ကရရေထိန်းတံခါးတွေရှိပါတယ်။ တံတားကြီး၊ တံတားငယ် အသွယ်သွယ်ရှိပါတယ်။

၂၀၁၁ ရဲ့ ဧရာဝတီရောဂါဟာ ပြည်ထောင်စုရောဂါလို့ အမည်သမုတ်ရလျှင်
၂၀၁၁ ရဲ့ ဇော်ဂျီရောဂါကို ပုဂ္ဂလိကဆန်တဲ့ ဘယာနကရောဂါလို့ ရေးရ ပြောရမလိုပင် . . . . . . .။
လွန်ခဲ့တဲ့(၅)နှစ်၊ (၆)နှစ်လောက်က ကျောက်ဆည်မြို့လယ်ရဲ့ ဇော်ဂျီကို မိတ်ကပ်တွေ၊ ပေါင်ဒါတွေ အဖွေးသားနဲ့ တွေ့ခဲ့ရပါတယ်။
မြစ်ကမ်းပါး မြေသားမရှိ ပကတိ ကျောက်ပြားအတိ အလိုလေးလေး ထူးဆန်းပါဘိ လို့ ဆိုရမလောက် ကျောက်ဆည်နဲ့ ဇော်ဂျီကို ပနံရအောင်ချယ်သခဲ့ကြတယ်။ မြစ်ကမ်းပါးနံရံတွေကို ကျောက်ပြားတွေ၊ ကျောက်တုံးတွေ စီကြတယ်။ အမြင်လှအောင်လုပ်ခဲ့ကြပါတယ်။

အထက်ဖက်ကို နဲနဲဆန်တက်ကြည့်ရင် ဟံမြင့်မိုရ်ရွာရဲ့အရှေ့မြောက်ဘက်မှာ သင်းတွဲဆည်နဲ့ သင်းတွဲမြောင်း၊ ရှေ့ဆက်တက်မယ်ဆိုရင် သံရွာတိုက်နယ်က ငပြောင်ဆည်၊ ပြီးရင် ငပြောင်ရဲ့အထက်ဖက် ခရိုင်ပတ်လမ်းအမှတ်(၂) မြစ်ကူး တံတား၊ နောင်ခမ်းကျေးရွာအရှေ့ဘက်က နောင်ခမ်းဝီရာ (ရေလွှဲတံခါး)၊ အဲဒီအထက်ကျောက်ဖျာရွာနဲ့ ကင်းရွာကြားမှာ မြို့ကြီးရေလွှဲဆည်၊ ကင်းရွာအထက် ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနယ်နိမိတ်ဆုံးလို့ ရှမ်းပြည်နယ် ရွာငံမြို့နယ် မြို့ကြီးကျေးရွာမြောက်ဘက်မှာရှိတဲ့ မြို့ကြီးရေလှောင်တမံ၊ ဆက်တက်သွားရင် ရပ်စောက်မြို့မှာလည်း ရပ်စောက်ရေလှောင်တမံ တည်ဆောက်နေတယ်လို့ မေးမြန်းသိရှိရပါတယ်။

အဲဒီတော့ ဇော်ဂျီဟာ မြစ်တစ်စင်းနဲ့မတူတော့ . . . . . . ။
ဘာနဲ့တူသလဲဆိုတော့ . . . . . .
သူဖြတ်သန်းစီးရာ သူ့ပတ်ဝန်းကျင်အတွက် သူရဲ့အသက်ကိုစတေးလို့ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါတစ်ခုကို သူဘယ်
အချိန်ထိ သယ်ဆောင်သွားနိုင်မလဲဆိုတာကို သူ့ကိုသူ စောင့်ကြည့်ရင်း စမ်းသပ်စီးဆင်းနေပုံနဲ့ တူပါရဲ့ . . . . . . . . .

၂၀၁၁ - ကျောက်ဆည်ရဲ့သားကောင်များ
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ၊ ဓမ္မသာတည်း တဲ့ . . . . . . . . . . . .
ပုဂံခေတ် အနန္တသူရိယအမတ်ရဲ့ မျက်ဖြေအလင်္ကာဟာ တရားသံဝေဂရစရာကောင်းသလို အခုလို ဂလိုဘယ်၊ အိုင်တီခေတ်ကြီးမှာတော့ ကြုံတွေ့ခဲ့ရတဲ့၊ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြတ်လမ်း၊ ကျူရှင်သင်ခန်းစာတွေအရ နာကျည်းခံရခက် စရာကောင်းလှတယ်လို့ တစ်ခါတစ်ရံမှာ ဖြစ်ပေါ်ခံစားမိရပါတယ်. . . . . . .

ဆရာအော်ပီကျယ်ရဲ့ ဟောပြောပွဲပါကာတွန်းလက်ရာများကိုလဲ သတိရစေပါတယ်။
လှလိုက်တဲ့ရေပန်းကြီး တဲ့၊ ဟီးဟီးပေါ့သွားပြီ တဲ့၊ အာဖရိကမြင်းကျားတွေ တဲ့၊ ကြောက်စရာကောင်းလိုက်တာနော်။

ကျောက်ဆည်မြို့ရဲ့တောင်ဘက် (၇)မိုင်အကွာ၊ ရန်ကုန်-မန္တလေး မူလလမ်းမကြီးပေါ်မှာ ဟံမြင့်မိုရ်ရွာရှိပါတယ်။ ဟံမြင့်မိုရ်ကနေ အရှေ့ဆီ ရွာငံမြို့၊ အောင်ပန်းမြို့အထိ ကားထမ်းပေါက်နေပါပြီ။ ဟံမြင့်မိုရ်ကနေ အရှေ့ကို ကားလမ်း အတိုင်းသွားရင် ဈေးရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ ကျားကာ၊ ပေါက်ကုန်း၊ ကုလားရွာ၊ နောင်ခမ်း၊ တောင်တော်၊ ကင်း၊ မြို့ကြီး၊ ရပ်စောက်၊ ရွာငံ၊ အောင်ပန်း စသည်ဖြင့်ရောက်ပါတယ်။
ဟံမြင့်မိုရ်ရွာရဲ့အရှေ့(၇)မိုင်အကွာမှာ သံရွာတိုက်နယ်ရွာကြီးရှိပါတယ်။

အဲဒီနယ်ဘက်ရောက်တုန်းရောက်ခိုက်မှာ နယ်သူနယ်သားအချို့နဲ့ စကားစမြည် မြည်းစမ်းကြည့်ပါတယ်။
၂၀၁၁ အောက်တိုဘာလဆန်းမှာ ကျောက်ဆည်မြို့ရေနစ်ပါတယ်။ ဒုတိယ ရေမြေ့သနင်း (ဒေါက်တာ စိုင်းမောက်ခမ်း) ကျောက်ဆည်ကိုရောက်ပါတယ်။ ကျောက်ဆည်မြို့ကို ရေနစ်မြုပ်မှုမှလျော့ကျဖို့အတွက် စီမံကြပါတယ်။ ဘယ်လိုအစီအမံအကူအညီတွေလုပ်တယ်ဆိုတာကတော့ ကောင်းကောင်းမသိပါဘူး။
ဒါပေမယ့် သံရွာနယ်ဖက်ရောက်တော့ သိခဲ့ရတဲ့အချက်တစ်ချက်ရှိပါတယ်။
ကျောက်ဆည်မြို့ကို ရေထပ်ပြီးမမြုပ်အောင်လို့ သံရွာတိုက်နယ်၊ နောင်ခမ်းကျေးရွာအရှေ့ဖက်မှာရှိတဲ့ ဇော်ဂျီမြစ်ရဲ့
တောင်ဖက်ကမ်းက ရေကာတာဘောင်ကြီးကို သက်ဆိုင်ရာ ဆည်/မြောင်းဌာနက မြေကော်စက်ကြီးနဲ့ ဘောင်ချိုးချ
လိုက်တာပါပဲ။

ဟား... ဟား ..... ဟား ..... ကျောက်ဆည်ကို ရေနစ်လို့ဆိုပြီး ငါတို့နယ်ဖက်၊ နောင်ခမ်းအရှေ့ဖက်ကဘောင်ကို
မြေကော်စက်ကြီးနဲ့ ချိုးချတာတဲ့။ စက်ကချိန်းကြိုးပြတ်သွားတယ်တဲ့။ ပြီးအောင်တောင်မချိုးလိုက်ရဘူး၊ မြစ်ရေကလည်း
ပြန်ကျသွားတော့ ဘာမှမတတ်နိုင်ဘူး၊ အလကားပဲ ဟား...... ဟား......ဟာ........... သံရွာနယ်သားတစ်ယောက်ရဲ့
စကားသံပဲ ဆရာအော်ပီကျယ်ရေ . . . . . . .။ အာဖရိကမြင်းကျားတွေလား ……..။

၂၀၀၆-ခုနှစ် ကျောက်ဆည်မြို့ ရေကြီးနစ်မြုပ်စဉ်မှာလဲ အဲဒီနောင်ခမ်းရွာရဲ့အရှေ့ဖက်ကဘောင်ကို ချိုးချခဲ့ကြ ပါတယ်။ သံရွာ၊ နောင်ခမ်း၊ တောင်တော်ကျေးရွာတ၀ိုက်က မြေနိမ့်ပိုင်း ကျွန်းမြေတစ်လျောက် ဇော်ဂျီက၀ါးမြိုခဲ့တယ်။ နယ်သူနယ်သားတွေ၊ တောသူတောင်သားတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေ အများအပြား သေကြေပျက်စီးကြရတယ်။ လယ်၊ ယာ၊ ကျွန်းမြေ ဧကထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ် ။

ဒါဟာ ၂၀၀၆-ခုနှစ် ကျောက်ဆည်မြို့ရေမနစ်မြုပ်ရေးစီမံမှုရဲ့သားကောင်များလို့တောင် နာမည်ပေးလက်ချင်ပါရဲ့။ အခုလဲ ၂၀၁၁ မှာ ကျောက်ဆည်မြို့ရေမနစ်စေဖို့၊ ဒုတိယရေမြေ့သနင်းကြီးကရောက်လာပြီး အဆိုပါတာဘောင်ကို ချိုးချဖို့ အမိန့်ပေးခဲ့သလိုမျိုး နယ်ခံတွေပြောစကားအရ သိခဲ့ရပါတယ်။

ဒါကြောင့် အနန္တသူရိယအမတ်ရဲ့ မျက်ဖြေအလင်္ကာကို အမှတ်ရမိစေတာပေါ . . . . . .
သူတည်းတစ်ယောက်ကောင်းဖို့
သူတစ်ယောက်မှာလည်း မပျက်စီးစေပဲ
လုပ်ဆောင်နိုင်မယ်၊ စီမံနိုင်မယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲနော်. . . . . . . . . .

ကျောက်ဆည်မြို့သူမြို့သားတွေရဲ့ အကျိုးစီးပွား မပျက်ပြားစေပဲ ကောင်းမွန်စေဖို့ သံရွာ-တောင်တော်နယ်ကနေ
ဆူးလေကုန်း-ရေ၀န်းနယ်အထိ မြေနိမ့်ပိုင်း တောသူတောင်သား၊ လယ်သမားတွေ၊ လယ်၊ ယာ၊ ကျွန်း၊ ဥယျာဉ်ခြံမြေတွေ၊
ကျွဲနွားတိရိစ္ဆာန်တွေ နောက်နောင်မှာ ဘယ်လောက်ထိစတေးရမှာလဲ . . . . . . . . .
လက်ရှိအနေအထားမှာ နောင်ခမ်းရွာအရှေ့ဘက်က ၂၀၀၆-ခုနှစ်တုန်းကရေကြီးရေလျှံလို့ ဆည်/မြောင်းဌာနက တည်ဆောက်ပေးခဲ့တဲ့ ဇော်ဂျီမြစ်တောင်ဘက် ရေကာတာဘောင်ကြီးကို ဖြိုချပစ်နေပါတယ်။
ဇော်ဂျီမြစ်ရေကျော်လုပ်မယ်လို့ ပြောပါတယ်။
ဇော်ဂျီမြစ်ရေတက်လာရင် Auto ရေကျော်ဖို့အတွက် ရေကျော်အဆာက်အဦးကြီး တည်ဆောက်နေပါတယ်။ အဲဒီရေကာတာ ရေကျော်ကြီးအကောင်အထည်ပေါ်ရင် မိုးရာသီတိုင်း ရေကျော်ပြီး၊ လယ်မြေဧက ထောင်ပေါင်းများစွာ ဆုံးရှုံးပျက်စီးပါမယ်။ ဒုက္ခရောက်ပါမယ်။
နောင်ခမ်း၊ တောင်တော်ရွာများမှသည် ဆူးလေကုန်း၊ တံတားဦး၊ ရေ၀န်းကျေးရွာများအထိ ပျက်စီးဆုံးရှုံးမှာဖြစ်ပါတယ်။
အချိန်မီတားမြစ် နိုင်ပါမှ သက်သာပါမယ်။ ၀ိုင်းဝန်းကူညီကြပါ။

7 Day News ဂျာနယ်က မဖြစ်စလောက်သတင်းလေးထည့်ပေးလိုက်တာ တွေ့ရပါတယ်။ ကွင်းဆင်းပြီး သေသေချာာ မေးကြမြန်းကြပါဦး။ အကူအညီပေးကြပါ။

ကျောက်ဆည် မြို့လယ်က ရေတံခါးကြီးတွေ၊ ဆည်ကြီးတွေကို မြို့ကျက်သရေဆိုပြီး ဂုဏ်ယူနေကြမှာလား ?
ကျောက်ဆည်မြို့အထွက် ဇော်ဂျီမြစ်အတွင်းက သစ်ပင်ချုံနွယ်ပိတ်ပေါင်းတွေ၊ ပိတ်ဆို့နေတဲ့ မြေပေါင်းမြက်တွေကို သဘာဝဆိုပြီး ထိုင်ကြည့်နေကြတော့မှာလား ?
သံရွာနယ်၊ မြို့ကြီးနယ်မှာ တည်ဆောက်နေတဲ့ တိုးတက်ရေးအစီအမံတွေ၊ ဆည်တွေ၊ မြောင်းတွေက နယ်သူ/သားတွေကို ဘယ်တော့အကျိုးပြုမှာလဲ ? ဘယ်လောက်အကျိုးပြုမှာလဲ ?
ဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေရဲ့ အကျိုးကျေးဇူးတရားကို မခံစားရခင်မှာ Side-effect ဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လောက်ထိ၊ ဘယ်အချိန်ထိ နယ်သူ/သားတွေ ခါးစည်းခံနေရဦးမှာလဲ ?

ဧရာဝတီကလည်း ဧရာဝတီပေါ့ . . . . . . .
ဇော်ဂျီကလည်း ဇော်ဂျီပေါ့ . . . . .
ဧရာဝတီလို၊ ဇော်ဂျီလို ခွဲစိတ်ခန်းဝင်ရမယ့်၊ ပဋိဇီဝဆေးတွေတိုက်ကျွေးရမယ့်
မြစ်တွေ၊ ချောင်းတွေ၊ အင်းတွေ၊ အိုင်တွေ
ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လောက်များနေပြီလဲ ? ဘယ်လောက်များ စတေးနေကြရပြီလဲ ?
Media တို့ရေ၊ Imformation Techanology ခေ တ်ြ ကီးထဲက Media တို့ရေ . . . . . . . . . . . . .
စိမ်းရောင်စိုတို့ရေ . . . . . . . . . . . .
အာဖရိကမျဉ်းကျားတို့ရေ . . . . . . . . . . . . . .
ဧရာဝတီကိုကယ်တင်နေကြသလို
ဧရာဝတီရဲ့ ညီတော်နောင်တော်များ၊ သားသမီးမြေးမြစ်များ
ရောင်းရင်းမိတ်ဆွေများကိုလည်း
တစ်ချက်လောက်စောင်းငဲ့ကြည့်ပေးကြပါ လို့ . . . . . . . .။

czy
(5.2.2012)

နောက်ဆက်တွဲ - ၁ -
ဇော်ဂျီမြစ်ပေါ်ရှိ ရေတားဆည်များ (ကျောက်ဆည်မြို့ပေါ်)
၁။မင်းရဲဆည် တောင်ဖက် မြို့ဝင်တံတားအရှေ့ဖက်
၂။ဇီးတောဆည် တောင်ဖက် မြို့ဝင်တံတားအနောက်ဖက်(ဆူးကုန်းရပ်ကွက်)
၃။ရေသန့်စက်ရုံ တောင်ဖက် မြို့ဝင်တံတားအနောက်ဖက်(ဆူးကုန်းရပ်ကွက်)
၎။ဇော်ဂျီရေထိန်း ကြက်မင်းတွန်ရပ်ကွက်နှင့် တံတားလည် ရွာကြား

ဇော်ဂျီမြစ်ပေါ်ရှိ ရေတားဆည်များ (ကျောက်ဆည်မြို့ အထက်ပိုင်း)
၁။သင်းတွဲဆည် ဟံမြင့်မိုရ်-ဈေးရွာ အရှေ့မြောက်ဖက် (၂)မိုင်ခန့်အကွာ
၂။ငပြောင်ဆည် ဟံမြင့်မိုရ်ရွာ အရှေ့ဖက် (၇)မိုင်အကွာ သံရွာတိုက်နယ်ရွာကြီး၏ အရှေ့မြောက်ဖက်
(၁)မိုင်အကွာ ငပြောင်ရွာအနီး
၃။နောင်ခမ်းဝီယာ နောင်ခမ်းရွာ၏အရှေ့မြောက်ဖက် (ယခင်တာဘောင်ချိုးချသည့်၊ ယခု တာဘောင်ချိုးချမည့်
နေရာ)
၎။မြို့ကြီးရေလွှဲဆည် တောင်တော်ရွာနှင့်ကင်းရွာကြား (ဆင်ခေါင်းတောင်ခြေ)
၅။မြို့ကြီးရေလှောင်တမံ ရွာငံမြို့နယ် မြို့ကြီးရွာ၏ အရှေ့မြောက်ဖက် (၁)မိုင်အကွာ
၆။ရပ်စောက်ဆည် ရပ်စောက်မြို့အနီးဟုခန့်မှန်း

နောက်ဆက်တွဲ -၂ - ဇော်ဂျီနှင့်ဆက်နွယ်နေသော ဓာတ်ပုံမှတ်တမ်းများ (၇၀)ပုံ

czy
(5.2.2012)

5 comments :

  1. Anonymous said... :

    http://www.demowaiyan.co.cc/2012/01/blog-post.html?showComment=1329139316169#c3533183508801891612

  1. Anonymous said... :

    ဘာကြောင်.နစ်တာလဲ ဆိုတော. မကောင်းဆိုးဝါး တကောင် အဲဒီနေရာကနေ ပေါက်လာလို.
    အဲဒီမကောင်းတိုးဝါးကို စတေးမှ ရမယ်

    :P

  1. Anonymous said... :

    What is your point?

  1. Anonymous said... :

    I know, He is တန်းရွှီ (စကားဝဲသည်)

  1. Anonymous said... :

    Who is Tanshe.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved