ဒီမိုကရေစီရပြီလား

Monday, February 6, 2012

မောင်ဝံသ

Messenger ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာဖတ်သူများနဲ့ အတွေးချင်းဖလှယ်နိုင်ဖို့ ဦးနှောက်ကို ဆွကြည့်တာပါ။

ရန်ကုန်မြို့ တာမွေ မဟာသန္တိသုခကျောင်းတိုက်မှာ ဇန်န၀ါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ အသက် ၉၄ နှစ် မွေးနေ့အကြိုဂုဏ်ပြုပွဲ အခမ်းအနားကို ကျွန်တော် သွားရောက်ခဲ့တယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ဆရာဟာ အရွယ်ရောက်လူလားမြောက်ချိန်ကစလို့ အခုအထိ ပြည်သူတွေဘက်က တစ်သမတ်တည်း ရပ်တည်ခဲ့ပြီး ခေတ်အဆက်ဆက်ရဲ့ စာပေမျက်နှာစာမှာ ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့သူဖြစ်တာကြောင့် ဆရာ့ရဲ့မွေးနေ့ကြိုဧည့်ခံပွဲ အခမ်းအနားဟာ တက်ရောက် ဂါရ၀ပြုသူ ဧည့်ပရိသတ်တွေ ပျားပန်းခတ် မျှ ကြက်ပျံမကျလို့ ဆိုရလောက်အောင် အထူးကို စည်ကားသိုက်မြိုက်လှပါတယ်ဗျာ။ အလွန်မှ ၀မ်းသာကြည်နူးဖွယ် ဖြစ်ပါတယ်။

အဲဒီပွဲမှာ မတွေ့ရတာအတန်ကြာပြီဖြစ်တဲ့ နိုင်ငံရေးစိတ်ဝင်စားသူ စာပေမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ``ဘယ့်နှယ်လဲ။ ကျွန်တော် တို့ နိုင်ငံမှာ ဒီမိုကရေစီ ရပြီလားဗျ´´ လို့ မေးလိုက်တယ်ဗျ။ သူရဲ့ ပြုံးတုံ့တုံ့ မျက်နှာကို ကြည့်ပြီး သူ ပြောချင်တဲ့စကား အသွားအလာကို ရိပ်မိလိုက်ပေမယ့် ဒီလိုနေရာမျိုးမှာ လေးနက်တဲ့အကြောင်းအရာမျိုး ဆွေးနွေးဖို့ မသင့်ဘူးလို့ ယူဆတာနဲ့ ``အိမ်ကို အေးအေးဆေးဆေး လာခဲ့ဗျာ။ အဲဒီတော့မှ အားရပါးရပြောပြတာပေါ့´´ လို့ ပြောလိုက်ပါတယ်။


စကားဝိုင်းလေးရဲ့ အနှစ်ချုပ်

နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဲဒီမိတ်ဆွေ ကျွန်တော့်အိမ်ရောက်လာတယ်ဗျ။ သူနဲ့အတူ သူ့မိတ်ဆွေတစ်ယောက်လည်း ပါလာတယ်။ သူက မိတ်ဆက်ပေးလို့ အဲဒီသူ့မိတ်ဆွေဟာလည်း နိုင်ငံကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့ဖူး ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သိရတယ်ဗျ။ ဘာသာစကားတူသူချင်းဆိုတော့ ပြောကြ ဆိုကြရင်း မကြာခင် အဖွဲ့ကျသွားပြီး ကျွန်တော် တို့စကားဝိုင်းဟာ ထက်သန်တက်ကြွ အားရပါးရရှိလှတဲ့ စကားဝိုင်းတစ်ခုဖြစ်သွားခဲ့တယ်ဗျ။ ဆရာဒဂုန်တာရာရဲ့ မွေးနေ့အကြိုပွဲမှာ ကျွန်တော့် မိတ်ဆွေ ကျွန်တော့်ကို မေးခဲ့တဲ့ ``ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီရပြီလားဗျ´´ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သုံးယောက် ၀ိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြတဲ့ အဲဒီနေ့ကစကားဝိုင်းလေးရဲ့ အနှစ်ချုပ်ကို ကျွန်တော် ပြန်ပြီး ဖောက်သည်ချချင်တယ်ဗျ။


ရှုမြင်သုံးသပ်ချက်

မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ ဆိုရမယ့် အသိုင်းအ၀ိုင်းအကြားမှာ သမ္မတဦးသိန်းစိန်ရဲ့ ရာထူးလက်ခံမိန့်ခွန်း ထွက်ပေါ် လာခြင်း မရှိခင်အထိ အစိုးရနဲ့ ပတ်သက်ပြီး အထင်ရှား အပေါ်လွင်ဆုံး ရှုမြင်သုံးသပ်ချက်တစ်ခုပဲ ရှိခဲ့တယ်ဗျ။ အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ထွက်လာမယ့် အစိုးရဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကတည်းက တည်ရှိလာခဲ့တဲ့ စစ်အာဏာရှင် စနစ် ရာသက်ပန်တည်တံ့ခိုင်မြဲရေးကို (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရတုန်းကလိုပဲ) ခါတော်မီပုံသဏ္ဌာန်တစ်မျိုးနဲ့ ကြိုးပမ်းလုပ် ဆောင်သွားမယ့် အစိုးရဖြစ်တယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက် ဖြစ်တယ်ဗျ။



၁၉၉၀ ရွေးကောက်ပွဲအပြီး မကြာမီပေါ်ထွက်လာခဲ့တဲ့ ၁/၉၀ ကြေညာချက်အစ ၁၉၉၃ မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံအလယ်၊ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပခဲ့ပုံအဆုံး အမှန်တကယ် တည်ရှိ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုင်ရာ ပေးထားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အဲသလို ရှုမြင်သုံးသပ်ခဲ့ကြတာဖြစ်တယ်ဗျ။ အဆိုးမြင် ၀ါဒီတွေရဲ့ လောကအမြင်လို့ ဆိုချင်လည်း ဆိုပေါ့ဗျာ။ ကျွန်တော်ကတော့ အခုလို အတန်အသင့် လင်းပွင့်လာနေတဲ့ကာလမှာ အစိုးရနဲ့ သဘောထားကွဲပြားခဲ့သူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်း ဘယ်လိုရှိတတ်တယ်ဆိုတာ လက်ရှိအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေအပါအ၀င် စိတ်ဝင်စားသူတွေ လေ့လာအကဲခတ်နိုင်အောင် ပွင့်ပွင့်လင်းလင်း မချွင်းမချန် တင်ပြနေတာပဲဖြစ်တယ်ဗျာ။

သမ္မတ ရာထူးလက်ခံမိန့်ခွန်းနဲ့ အဲဒီနောက် ဆက်တိုက်လိုလို လိုက်ပါလာတဲ့ မြန်မာပြည်သူတွေကိုရော နိုင်ငံတကာ အသိုင်း အ၀ိုင်းကိုပါ အံ့သြမှင်တက်မိသွားစေခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာချိန်မှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အသိုင်းအ၀ိုင်းအကြား အစိုးရနဲ့ပတ်သက်ပြီး ရှုမြင်သုံးသပ်ပုံ နောက်ထပ် ၃ မျိုး ပေါ်ထွက်လာခဲ့ပြန်တယ်ဗျ။


မဟာသေနင်္ဂဗျူဟာလား

ပထမတစ်မျိုးက အစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးအတွက် မှန်ကန်ရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပေမယ့် အတော်ကလေး ကြီးမားတဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေပေးပြီး ကြိုးပမ်းတဲ့ မဟာသေနင်္ဂဗျူဟာ}(grand strategy) တစ်ခုကို ချမှတ်ကျင့်သုံးနေတာလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံဖြစ်တယ်ဗျ။


နွေဦးကို ရှောင်ဖို့လား

ဒုတိယတစ်ခုက အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရပ်တွေကို ``အာရပ်နွေဦး´´ နဲ့ ဆက်စပ်စဉ်းစားတာဖြစ်တယ်ဗျ။ အာရပ်ကမ္ဘာမှာ တိုက်ခတ်နေတဲ့ ဒီမိုကရေစီလေပြင်းကို စိုးရိမ်ပူပန်မှုအပေါ် အခြေခံပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လက်ဦးအောင် ပြုလုပ်ခဲ့တာ ဖြစ်မလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံဖြစ်တယ်ဗျ။


မြန်မြန်လား နှေးနှေးလား

တတိယရှုမြင်သုံးသပ်ပုံကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရရဲ့ ခေါင်းဆောင်အားလုံးလိုလိုဟာ သူ့အရင်ကရှိခဲ့တဲ့ စစ်အစိုးရရဲ့ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြပေမယ့် သူတို့အားလုံး သို့မဟုတ် အားလုံးနီးပါး သို့မဟုတ် လုပ်ပိုင်ခွင့်အရှိဆုံးနေရာတွေမှာ ရောက်ရှိနေကြသူတွေဟာ ဒီနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကိုလုပ်ရတော့မယ်ဆိုတာကို သဘောပေါက်နားလည်လက်ခံကြသူတွေ ဖြစ်တယ်။ ကမ္ဘာကြီး တူရူပြုနေတဲ့လမ်းကြောင်းကို ကောင်းကောင်း ကြီး ဆ၀ါးမိကြသူတွေဖြစ်တယ်။ ဒါကြောင့် အခု အဲဒီခေါင်းဆောင်တွေ ဦးဆောင်ပြုလုပ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ စစ်မှန် တဲ့ အပြောင်းအလဲတွေသာဖြစ်တယ်။ ဒီကနေ့ နိုင်ငံ့ခေါင်းဆောင်တွရဲ့ ခေါင်းထဲမှာ ရှိနေတာ ``ဒီမိုကရေစီသို့ ဦးတည်တဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်မလား၊ မလုပ်ဘူးလား´´ ဆိုတဲ့ ပြဿနာမဟုတ်တော့ဘူး။ ``ပြုပြင်ပြောင်းလဲမှုတွေကို မြန်မြန်လုပ်မလား၊ နှေးနှေးလုပ်မလား´´ ဆိုတဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်တယ်ဗျ။


ရှော့သုံးခုနဲ့ ဖျံကြောင်ငါး

ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတရာထူးလက်ခံမိန့်ခွန်း ထွက်ပေါ်လာခဲ့အပြီး

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့အပြီး၊

ယုံကြည်ချက် အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ကြအပြီး၊

ဧရာဝတီစီမံကိန်း ရပ်ဆိုင်းခဲ့အပြီးမှာတောင်မှ

အစိုးရရဲ့ ပြောဆိုပြုမူပုံ တချို့က အဲဒီရှုမြင်စဉ်းစားပုံ ၃မျိုးစလုံးကို ဆက်ပြီး လောင်စာဖြည့်ပေးနေခဲ့သေးတာ ဖြစ်တယ်ဗျ။ အဲဒီအခြေအနေတွေ ကြောင့်လည်း ကျွန်တော် အပါအ၀င် နိုင်ငံရေးဝေဖန်သူအများအပြားကရော လွှတ်တော်တွင်း လွှတ်တော်ပက နိုင်ငံရေးသမားအများအပြားကပါ အစိုးရနဲ့ပတ်သက်ပြီး ``ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါး´´ အတွေးတွေဝင်နေမိခဲ့ကြတာ ဖြစ်တယ်ဗျ။ (ရှော့သုံးခုနဲ့ ဖျံကြောင်ငါး - Messenger ဂျာနယ်မှာ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ။ ရေထဲက ဖျံတစ်ကောင် ပိုက်ထဲပါလာတော့ ဖျံကို မမြင်ဖူးတဲ့ တံငါသည်က ကြောင်လည်းမဟုတ်၊ ငါးလည်းမဟုတ်၊ နင်ဘာကောင်လဲဝေ့လို့ မေးတာနဲ့ နှိုင်းယှဉ်ပြီး အစိုးရကို ဝေခွဲမရ အကဲဖြတ်လို့မရ ဖြစ်နေပုံ ရေးခဲ့တာဖြစ်ပါတယ်။)


အားလုံး အံ့သြ၀မ်းသာ

ဒါပေမယ့် တိတိကျကျ ပြောရရင် စတုတ္ထအကြိမ်အဖြစ် ယုံကြည်ချက် အကျဉ်းသားတွေ လွတ်လာတဲ့ဖြစ်ရပ်အပြီးမှာတော့ အစိုးရနဲ့ပတ်သက်ပြီး ပထမနဲ့ဒုတိယ ရှုမြင်သုံးသပ်ပုံတွေဟာ အတော်ကြီးကို မှေးမှိန်အားနည်းသွားခဲ့ပြီး တတိယရှုမြင်သုံးသပ်ပုံက ခိုင်မာပီပြင် အားကောင်းလာခဲ့ပြီးဖြစ်တယ်ဗျာ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ``အိုင်းအနာ´´ လိုဖြစ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကိစ္စကို ကြည့်ရင်လည်း နှစ်ပေါင်း ၆၀ ကာလအတွင်း မမြင်တွေ့ခဲ့ရဖူးတဲ့ အားတက်စရာမြင်ကွင်းတွေကို အားလုံးမြင်တွေ့နေကြရတာ အထင်အရှားဖြစ်တယ်ဗျာ။ ယုံကြည်ချက်အကျဉ်းသားနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ နိုင်ငံရဲ့သော့ချက်ကျ ကိစ္စနှစ်ခုမှာ မြင်တွေ့နေရတဲ့ သိသာထင်ရှားတဲ့တိုးတက်မှုတွေကြောင့် ဒီမိုကရေစီလိုလားသူအားလုံး အံ့သြ၀မ်းသာဖြစ်နေကြတယ်ဗျာ။ ဒီအချက်က နိုင်ငံတကာရဲ့ တုံ့ပြန် မှုနဲ့ ပြည်တွင်းနယ်ပယ်ပေါင်းစုံက ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေရဲ့ ပြောစကားတွေမှာ ထင်ဟပ်နေတယ်ဗျာ။


လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ

ဒီတော့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းဆိုတာ ဘယ်တော့မှ ပြီးဆုံးသွားမယ့်လုပ်ငန်းမျိုး မဟုတ်တာကြောင့် ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ပြီလားလို့မေးရင် မဖြစ်သေးဘူးလို့ ဖြေရမှာဖြစ်ပေမယ့် ``ဒီမိုကရေစီရပြီလား´´ဆိုတဲ့မေးခွန်းကိုတော့ ``ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းမှန်ပေါ်မှာတော့ ရောက်နေပါပြီ´´လို့ ဖြေနိုင်လိမ့်မယ်ထင်တယ်ဗျ။



ဒီမိုကရေစီလိုလားသူများအနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံ နောက်ပြန်လိမ့်မသွားရေးအတွက်သာမက ငြိမ်းချမ်းစွာ ရှေ့ကို မြန်မြန်တိုးသွားနိုင်ရေးအတွက်ပါ အားသွန်ကြိုးပမ်းကြဖို့ တာဝန်ရှိကြောင်း နိဂုံးချုပ်ချက်နဲ့ ကျွန်တော်တို့စကားဝိုင်း အဆုံးသတ်ခဲ့ကြောင်းပါဗျာ။


၂၄၊ ၀၁၊ ၂၀၁၂
maungwuntha@gmail.com

ညွှန်း - မောင်ဝံသ/Facebook

5 comments :

  1. Anonymous said... :

    တစ်အချက်လဲ ဖြစ်နိုင်တာဘဲဗျ။ ခု ဒေါ်စုအပေါ်ပြုမူနေပုံတွေက အရင်စစ်အစိုးရလက်ထက်က ပုံစံပြန်ချိုးလာတယ်လို့ ထင်လို့ပါ ဆရာ။

  1. Anonymous said... :

    မြန်မာ့ဒီမိုကရေစီအရေးမှာတော့ တိုင်းပြည်ဖျက်စစ်အာဏာရှင်ယန္တရားရဲ့ မွေးစားသားဖြစ်တဲ့ တစ်မတ်သားဘောင်းဘီချွတ် ဒီမိုအယောင်ဆောင်အစိုးရဆိုတဲ့ ခွေးမြီးကောက်ကို ဖြောင့်လာစေဘို့မျှော်လင့်ချက်နဲ့ ကျည်တောက်စွပ်ရာကနေ ကျည်တောက်ပါကွေးကောက်သွားရတဲ့ပုံလို့မြင်တယ်ဗျ။ဘယ့်ကလာ “စစ်တပ်ဟာတိုင်းပြည်အုပ်ချုပ်ရေးမှာ အစဉ်ဦးဆောင်ရမည်”ဆိုတဲ့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ဘယ်လိုလုပ်ရောက်တော့မတုန်း? ကွေးကောက်သွားတဲ့ကျည်တောက်နဲ့တူတဲ့ မောင်ဝံသရယ်။

  1. Tomahawk said... :

    you can call me pessimistic, these changes are not real.
    they just trying to lobby with international community.
    now the way they treating to DASSK is showing , they will go back again as soon as their desire are fulfilled..

  1. သူရိယ said... :

    အထက်ကတစ်ယောက်ပြောတာဖြစ်နိုင်ပါတယ်။
    နောက်ဆုံးအကြိမ် နိုင်ငံရေးအကျဉ်းသားတွေ
    လွှတ်ပြီး နောက်မှာအထူးသဖြင့်
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ထားဝယ်ခရီးစဉ်အပြီးမှာ
    ဖြစ်ပေါ်လာတဲ့ ကိစ္စတွေဟာ သံသယဖြစ်စရာတွေပါ။

  1. Anonymous said... :

    တကယ်ပြောင်းလဲချင်တယ်ဆိုရင် ဘာဖြစ်လို့  မန်းခရီးစဉ် မှာ ဟောပြောခွင့်မပေးတာလည်း ဆရာရေ ကျနော်တော့ ဘယ်အချိန် ဘယ်နေရာကပဲ ကြည့်ကြည့် ဒီ စစ်ဝါဒီတွေကို ဘယ်တော့မှ မယုံဘူး။ အရေခြုံတွေပါဗျာ။ ကမ္ဘာ့ လူလိမ်ကြီးများ အဖွဲ့ တွေပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved