ပြန်ကြားရေးဝန်ကြီးပြောတဲ့ အချက် ၅ ချက်

Sunday, March 18, 2012

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် (ဓာတ်ပုံ - ဧရာဝတီ)


သတင်း၊ ဧရာဝတီ၊ မတ် ၁၈၊ ၂၀၁၂

မတ်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်ကျင်းပသည့် အမျိုးသား သတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းမီဒီယာများနှင့် ပတ်သက်၍ အချက် ၅ ချက် ပြောကြားခဲ့သည်။

ဝန်ကြီးဦးကျော်ဆန်းပြောခဲ့သည့် အချက် ၅ ချက်မှာ -

၁ ။ စာပေ၊ စာနယ်ဇင်း မဏ္ဍိုင်ဟာ ဘက်မလိုက်ဖို့ အရေးကြီးကြောင်း၊

၂ ။ အကြောင်းအရာတရပ်ကို ရေးသားဖော်ပြတဲ့အခါ ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ဖို့အတွက် ရှုထောင့်တခုတည်းက မရေးပဲ ဘက်စုံထောင့်စုံ ဖြစ်အောင် ရေးသားဖော်ပြရန်၊

၃ ။ အဲဒီလိုရေးသားတဲ့အခါမှာလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို အမြဲယှဉ်တွဲ ကျင့်သုံးပြီးတော့မှ ရေးသားဖော်ပြပေးရန် (လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားဆိုသည်မှာ လွတ်လပ်မှုနဲ့ ကျင့်ဝတ်ကို ယှဉ်တွဲထိန်းသိမ်းခြင်းလို့ ရည်ညွှန်းပါတယ်)၊

၎ ။ ယနေ့ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီစနစ် ဖြစ်တာနဲ့အညီ လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်၊ ယူဆနိုင်ပါတယ်၊ ထင်မြင်နိုင်ပါတယ်၊ ကွဲပြားခွင့်ရှိပါတယ်။ သို့သော်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အဲဒီလို ကွဲပြားတဲ့ကြားမှာ Unity in democracy ဆိုတာလည်း ရှိသင့်တယ်လို့ မြင်ကြောင်း၊ ဒါကြောင့် Unity in democracy ကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန်၊

၅ ။ အဲဒီလို Unity and democracy ကို ဖော်ဆောင်ကြတဲ့အခါမှာ ပျိုးထောင်ကြတဲ့အခါမှာ အမျိုးသားရေးကို အခြေခံရန် တို့ ဖြစ်သည်။

အခမ်းအနားအပြီးတွင် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ စကားလက်ဆုံကြခဲ့ကြပြီး ပွဲတက်ရောက်လာသူ သတင်းထောက်များလည်း အာရုံစိုက်ခဲ့ကြပါသည်။

ကိုအောင်ဇော်က ပြည်ပမှ သတင်းထောက်များအတွက် Journalist visa ကို တလအထိ တိုးပေးဖို့၊ Minister of press freedom ဖြစ်ဖို့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းအား ပြောခဲ့သည်။

ဦးကျော်ဆန်းကလည်း ဒီမိုကရေစီဆိုတာ ပြည်သူအများရဲ့ ဆန္ဒကိုဖော်ဆောင်နိုင်တဲ့ စနစ်ပဲ ဖြစ်ကြောင်း၊ ဒီမိုကရေစီကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ရင် တိုင်းပြည်မှာ ဘာမှလုပ်၍ မရနိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ဗီဇာကိစ္စနှင့်ပတ်သက်၍ It is the beginning ဟု ပြောကြားသွားခဲ့သည်။

ဝန်ကြီးဦးကျော်ဆန်းက ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် တရင်တနှီး စကားပြောဆိုသွားပါသည်။



3 comments :

  1. Anonymous said... :

    အမျိုးသားရေးလိုပြောရင် ဖက်ဆစ်နာဇီပဲ လူမျိုးကြီးဝါဒပဲ၊
    ဒီမိုကရေစီရေး နိုင်ငံတော်အရေးမဟုတ်

  1. Anonymous said... :

    ကိုအောင်ဇော်ကို အားကိုးပုံရပါတယ်၊ လက်ကလေးတောင် ကိုင်ထားသေး။

  1. Anonymous said... :

    ကိုအောင်ဇော်နဲ့ ကိုကျော်ဆန်းရင်းနှီးသွားပြီဆိုတော့ အင်း.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved