လက်ဖက်ရည်ဆိုင် ထိုင်တဲ့ ဓလေ့စရိုက်က ဘယ်တုန်းကစပြီး မြန်မာတွေဆီမှာ ရှိလာလဲဆိုတာ မသိဘူးဗျ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက မနက်အစောကြီး အချိန် အဖေက သားနှစ်ယောက်ကို နှိုးပြီး ရှိုးစမိုးနဲ့ အ၀တ်အစားတွေ ၀တ်ပြီး သားနှစ်ယောက်လက်ကို ဘယ်ဘက် ညာဘက်မှာ တွဲထားပြီး လမ်းလျှောက်ထွက်ဖြစ်တယ်။ လမ်းလျှောက်ပြီး ပြန်လာပြီဆိုရင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ရယ် မုန့်ရယ် ကျွေးတယ်။ သိတတ်စ အရွယ်ကတည်းက ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့တယ် ဆိုပါစို့ဗျာ။
၈ တန်းကျောင်းသား အရွယ်မှာတော့ လူကြီးမပါပဲ လက်ဖက်ရည်ဆိုင် တစ်ယောက်ထဲ သွားထိုင်ဖြစ်ခဲ့တယ်။ လက်ဖက်ရည်ဆိုင်ထိုင်ပြီး သီချင်းနားထောင် ငေးကြည့် တာမျိုးမဟုတ်ဘူးဗျ။ လက်ဖက်ရည်ကို ၂ ခွက်ဆင့်သောက်၊ ဆိုင်မှာ ချထားတဲ့ မုန့်တွေ အ၀စား ဗိုက်ပြည့်မှ ထပြန်ဖြစ်ခဲ့တယ်။
မှတ်မှတ်ရရ ပထမဆုံး လက်ဖက်ရည်ဆိုင် လွတ်လွတ်လပ်လပ် ထိုင်ဖြစ်ခြင်းပါပဲ။ ၉ တန်းအောင်ပြီး နွေကျောင်းပိတ် အခါကျတော့ ညနေဘက် ဘောလုံးကန် ခြင်းခတ်ပြီး အပြန်မှာ လက်ဖက်ရည်ဆိုင် ၀င်ဖြစ်တယ်။
အားကစားဘောင်းဘီ အတိုလေးတွေနဲ့ စက်ဘီးတစ်စီးစီနဲ့ ခြင်းခတ်ပြီး အပြန် အအေးဝင်သောက်ကြတာပါ။ တစ်ယောက်ချင်းစီမဟုတ်ဘူး။ အုပ်စုလိုက် အနည်းဆုံး ၈ ယောက် အယောက် ၁၅ ယောက် ဖြစ်ခဲ့တယ်။
၁၀ တန်းအောင်ပြီးတဲ့ နောက်မှာ ညပိုင်း အချိန်တွေ ပုံမှန်ထိုင်ဖြစ်ခဲ့တယ်။ ညပိုင်း ထမင်းစားပြီး ၇ နာရီကနေ ၉ နာရီအထိ ထိုင်တယ်။ အနည်းဆုံး ၆ ယောက်ရှိမှ ထိုင်ဖြစ်တယ်။ အများဆုံး အယောက် ၂၀ လောက်နဲ့ ခုံတွေ ဆက်ပြီး ခုံတန်း အရှည်ကြီးနဲ့ ထိုင်ဖြစ်ခဲ့တယ်။
လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အခါ သီချင်း နားထောင်တာ ပထမဆုံး အလုပ်ပဲ။ ကျွန်တော်တို့ အချိန်က လေးဖြူရဲ့ ပါဝါ ၅၄ အခွေထွက်တဲ့ အချိန်ဖြစ်နေတယ်။ သီတင်းကျွတ်လပြည့်ညကြီးမှာ ခုံတန်းအရှည်ကြီးနဲ့ သူငယ်ချင်းတွေ အများကြီး လပြည့်ည..ဆိုတဲ့ သီချင်းကို နားထောင် အော်ဆိုခဲ့ကြဖူးတယ်။
လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အချိန်အတွင်းမှာ ငိုင်ပြီး ကဗျာရေးတာမျိုး၊ တစ်ယောက်ထဲ တွေးချင်ရာတွေးနေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကိုတာတို့ ဒေါက်တာမတင်ဝင်းတို့ စာအုပ်တွေ ခါးကြားထဲ ထိုးပြီး ယူလာခဲ့တယ်။ အချင်းချင်း လဲလှယ်ဖတ်ကြတယ်။ ဆိုင်မှာ ဖတ်တာမဟုတ်ဘူးဗျ။ ဆိုင်မှာ လူစုံတဲ့ အခါ စာအုပ်အလဲ အလှယ် လုပ်ကြတယ်။ နောက်နေ့ ဆုံတဲ့ အခါပြန်ပေးကြပေါ့ဗျာ။ ပျော်စရာတော်တော် ကောင်းခဲ့တဲ့ အချိန်တွေဗျာ။
အခု အသက်သုံးဆယ်ကျော်လာတဲ့ အခါကျတော့ လက်ဖက်ရည်ဆိုင် အတူထိုင်တဲ့ သူငယ်ချင်းတွေ မရှိကြတော့ဘူး။ တစ်ယောက်တစ်ကွဲစီ ဖြစ်ကုန်ပြီ။ ဆုံဖြစ်ခဲ့ရင်တောင် လက်ဖက်ရည်ဆိုင် မဟုတ်တော့ဘူး ဘီယာ ဆိုင်ရောက်ကုန်ပြီ။
ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင် ထိုင်တုန်းပါပဲ။ အဓိက လက်ဖက်ရည်သောက်ချင်တဲ့ အခါကျရင် သွားသောက်တာပဲ။
ခုတောင် လက်ဖက်ရည် ကောင်းကောင်းသောက်ချင်လို့ သွားသောက်လိုက်တယ်။ လက်ဖက်ရည်က ရှယ်ဂျိုးတဲ့။ လက်ဖက်ရည် ထဲမှာ အနှစ် ဂျိုးကပ်နေတဲ့ အနီရောင် နို့အဖတ်လေးတွေ ထည့်ပေးထားသေးတယ်။ ၂ ခွက်ဆင့်သောက် လိုက်တယ်။ အာလူး ရွှေကြည် မုန့်တစ်ခုစားလိုက်တယ်။ ဗိုက်နည်းနည်းတင်းသွားတာနဲ့ ထွက်လာခဲ့တယ်။ ဒီလောက်ပါပဲ။
တနေကုန်တွေး ရေနွေးကြမ်းပဲမှာသောက် ကဗျာထိုင်ရေး တဲ့အလုပ်ကြီးတော့ မလုပ်ဖြစ်ပေါင်ဗျာ။ လုပ်စရာကိုင်စရာရှိနေတဲ့ သူငယ်ချင်းတစ်ယောက် နဲ့တွေ့ရင် ဆိုင်ကယ်ကို ချိုးကွေ့ပြီး ၀င်ထိုင်စကားပြောဖြစ်တာပဲ။ ငိုင်ပြီး ကဗျာထိုင်ရေးတာ စာထိုင်ရေးတာမျိုးတော့ မနှစ်သက်ပါ။ ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲ ထင်ပါရဲ့။
တနေကုန်ထိုင်တဲ့ ကောင်တွေတော့ မြင်ဖူးတယ်။ အရင်တုန်းက လက်ဖက်ရည်ဆိုင်မှာ ရေနွေးကြမ်း အိုးပဲမှာသောက်တယ်။ ဒီလူတွေသောက်တဲ့ ရေနွေးကြမ်းကို မသောက်ရဲဘူးဗျ။ ရိုးရိုးရေနွေးကြမ်း မဟုတ်ဘူး။ အီ..လို့ခေါ်တဲ့ ဆေးခြောက်တစ်မျိုး ထည့်ထားတယ်။ ရေနွေးကြမ်းကို ကြည့်လိုက်ရင် အဆီနည်းနည်း ဝေ့တက်နေတာ တွေ့ရတယ်။ သောက်ပြီး ရီဝေေ၀ နဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြင်ဖူးတာပါ။ အခုခေတ်တော့ ဒါမျိုးတွေ မတွေ့တော့ဘူး။
လက်ဖက်ရည်ဆိုင်က ရန်ပွဲတွေလည်း မြင်ဖူးတယ်ဗျာ။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ သစ်သားခုံအပုလေးတွေနဲ့ ရိုက်ကြတာ။ လိုက်ရိုက်တဲ့ကောင်က လိုက်ရိုက်၊ ပြေးတဲ့ကောင်က ရပ်ထားတဲ့ ကားကို ပတ်ပြေးနဲ့ မှတ်မိသေးတယ်ဗျာ။ ကျွန်တော်တို့ကလည်း ကြည့်တာပေါ့။ ရုပ်ရှင်ဗီဒီယိုတွေ ထဲမှာပဲမြင်ရတာလေ။ အပြင်မှာ မြင်ရခဲလို့ ၀အောင် ထိုင်ကြည့်ပစ်လိုက်တယ်။ ကျွန်တော်တို့ ဖြစ်ကြတာလား ဆိုတော့ မဟုတ်ဘူးဗျ။ ဖြစ်စရာ ကိစ္စမရှိဘူး။ ပြီးတော့ လူအုပ်ကတောင့်တယ် အနည်းဆုံး ၆ ယောက် ၇ ယောက်မှ ထိုင်ဖြစ်ကြတာ ဆိုတော့ ဘယ်သူမှလည်း ရန်မစရဲဘူး။
အခုကျွန်တော်တို့ သူငယ်ချင်းတွေ လူစုလို့ မဖြစ်နိုင်တော့ဘူး ဆိုတော့ ပုံမှန် မထိုင်ဖြစ်တော့ဘူး။ ကျွန်တော့် တူတွေ လက်ဖက်ရည်ဆိုင် ထိုင်တဲ့ခေတ်ရောက်နေပြီ။ ကျွန်တော်မြို့ထဲက ပြန်လာတဲ့ အခါတိုင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ သူတို့ အုပ်စုကိုတွေ့ရတယ်။ အနည်းဆုံး ၇ ယောက်ပဲဗျာ။ ကျွန်တော်တို့ တုန်းကလိုပဲ တဟီးဟီး တဟားဟားနဲ့ ပျော်စရာကြီးဗျ။
ဘီယာဆိုင် အရက်ဆိုင်တွေ ပေါတဲ့ မြို့လေးမှာ လက်ဖက်ရည်ဆိုင်က အန္တာရယ်ကင်းနိုင်ပါတယ်။ အရင်က လိုဖြစ်တောင့်ဖြစ်ခဲ ရန်ပွဲတွေတောင် မမြင်နိုင်တော့ပါဘူး။ ရိုက်စရာ နှက်စရာကလည်း ခုံတွေက သစ်သားခုံတွေ မဟုတ်တော့ဘူး။ ပလတ်စတစ်ခုံတွေနဲ့။ ဆိုင်ရှင်နေရာကလည်း ကြည့်မယ်ဆိုရင် အလကားထိုင်တဲ့လူကိုတောင် ကျေးဇူးတင်ရမယ့် အဖြစ်ဗျ။
လက်ဖက်ရည်သောက်ရင်း တီဗီနဲ့ ဂြိုဟ်တု လိုင်းတပ်ထားတယ်။ မနက်မိုးလင်းကတည်းက ဆိုင်ပိတ်တဲ့ အထိ မီးလာလာ မလာလာ ဖွင့်ပေးထားတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ လူနည်းလာလို့ဖြစ်မယ်ထင်တယ်။ လာသောက်မယ့်လူ ၊ လာထိုင်မယ့် လူတွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်ထားတယ်။
အရင်ကလို လက်ဖက်ရည်ဆိုင် ကိုဇိမ်နဲ့ထိုင်ရတာမျိုး မရှိတော့သလိုပဲဗျ။ အရင်တုန်းက ကိုယ်ဖွင့်ချင်တဲ့ သီချင်းကို ဆိုင်ရှင်ကိုဖွင့်ခိုင်းတယ်။ နားထောင်တယ်။ အခုခေတ်မှာက ဗီစီဒီတွေ အမ်ပီသရီးတွေ ပေါများလွန်းလို့ သီချင်းနားထောင်ချင်ရင် လက်ဖက်ရည်ဆိုင်သွား စရာမလိုတော့ဘူး။ အိမ်မှာပဲ အေးအေးဆေးဆေး နားထောင်ဖြစ်တယ်။
ဘယ်လောက်ခေတ်တွေ ပြောင်းနေပြောင်းနေဗျာ။ လက်ဖက်ရည်ဆိုင် ထိုင်တဲ့ ဘ၀လေးကို လွမ်းမိတာပဲဗျာ။ ပြည်ပမှာတုန်းက စတားဘတ် လို ကော်ဖီဆိုင်တွေ ထိုင်ပြီး အလွမ်းဖြေရတာပေါ့။ ကော်ဖီကို တကယ်နှစ်သက်သလိုနဲ့ ဟန်ကောင်းကောင်းနဲ့ ကော်ဖီတစ်ခွက်မှာသောက်၊ ပါလာတဲ့ လက်တော့ပ်လေးကို ဖွင့်အင်တာနက်ချိတ်ပြီး ဖိုရမ်ကိုဝင် ရွာအကြောင်းလေးတွေ ရေးလိုက်၊ ကော်ဖီတစ်ခွက် သောက်လိုက် ဟမ်ဘာဂါလေး စားလိုက်နဲ့ အလွမ်းဖြေရတာပေါ့။
ဒါပေမယ့် ချက်နို့ဆီ ခပ်ညံ့ညံ့နဲ့ ဟိုပစ် ဒီပစ် ဖျော်ထားတဲ့ လက်ဖက်ရည်ခွက်လေးရယ်။ ရေနွေးကြမ်းအိုးလေးရယ် ဗူးနဲ့လာချတဲ့ လန်ဒန် ၅ လိပ်ရယ်၊ စမူဆာတွေရယ် ကိုတော့ သတိအမြဲရတယ်။ လက်ဖက်ရည်ဆိုင် ထိုင်တုန်းကဆိုရင်ဗျာ.. ကိုယ်ကြိုက်တဲ့ အဆိုတော် လေးဖြူ၊ အငဲ မျိုးကြီး သုံးယောက်ထဲက သီချင်း ဖွင့်ထားတဲ့ ဆိုင်ဆိုရင် ၀င်ထိုင်လိုက်တာပဲ။
လက်ဖက်ရည်က အဓိကမဟုတ်ဘူး။ ဘယ်ဆိုင်ထိုင်ထိုင် ဒီခပ်ညံ့ညံ့ လက်ရာ အဖျော်ဆရာတွေပဲ ရှိတာကိုး။ စတားဘတ်မှာတော့ ဘာသံမှမကြားရဘူး။ ကော်ဖီကိုလည်း မကြိုက် ပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်တာကို နှစ်သက်တဲ့ အစွဲလေးနဲ့ ထိုင်ဖြစ်တာပဲဗျာ။
စိုးထက် www.myrisingforces.blogspot.com
(ဓာတ်ပုံ - Fu-min)
ဟုတ်တယ် ကိုစိုးထက် ရေ။ လက်ဖတ်ရည် ဆိုင်ထိုင်ဖြစ်ခဲ့ တာတွေကတူနေတယ်။ဘာရယ်လို့တော့မဟုတ်ဘူး သတိတော့၇နေသေးတယ်။ရန်ကုန်ပြန်ရောက်ရင် ကျွန်တော်ကတော့ သွားထိုင်နေတုန်းပဲ။ဒါပေမယ့် အရင်ကလိုတော့ သူငယ်ချင်းတွေ နဲ့ အကြာကြီးထိုင်တာတော့မဟုတ်တော့ဘူး။အလွမ်းပြေ ခဏပဲ။