အိုးဝေ ဆင်ဆာတင်မည် မဟုတ်

Thursday, April 19, 2012


အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုရှိန်းရာဇာထွန်း၊ ဗကသ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို တို့ကို အိုးဝေမဂ္ဂဇင်း စာစောင်နဲ့ ပတ်သက်လို့ စာပေစိစစ်ရေးက ဒီကနေ့ (ဗုဒ္ဓဟူးနေ့)မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီသတင်းထောက်ငြိမ်းငြိမ်းက ဗကသ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ကိုကျော်ကိုကို - အိုးဝေမဂ္ဂဇင်း၊ ကျောင်းသားမဂ္ဂဇင်းကို ထုတ်ဝေခဲ့တာ မည်သည့် မှတ်ပုံတင် စိစစ်ရေးကိုမှ တင်စရာမလိုဘဲ ထုတ်ဝေခဲ့တယ် ဆိုတာက သမိုင်းစဉ်လာအရ ရှိနေခဲ့တယ်။
ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဆင်ဆာကို ဖြတ်သန်းပြီး၊ စိစစ်ရေးကို ဖြတ်သန်းပြီး အိုးဝေမဂ္ဂဇင်း ထုတ်သွားမယ့် အခြေခံ သဘောထား မရှိပါဘူး။
ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်အရ ဒီမိုကရေစီအခွင့်အရေးအရ ကျောင်းသားထုရဲ့ မဂ္ဂဇင်းတစောင်ကို ကျောင်းသားထုရဲ့ ကြွေးကြော်သံတစောင်ကို လွတ်လပ်စွာ ထုတ်ဝေခွင့်ရှိရမယ်ဆိုတဲ့ အယူအဆမျိုး ကျနော်တို့အားလုံးဆီမှာ ရှိကြပါတယ်။

စာမှာပါတဲ့အကြောင်းအရာက ဧပြီလဆန်းပိုင်းက ဗကသများအဖွဲ့ချုပ် စည်းရုံးရေးကော်မတီက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းဟာ စာပေစိစစ်ရေးရဲ့ မူနဲ့အညီ ထုတ်ဝေထားခြင်း မရှိကြောင်းကို စိစစ်တွေ့ရှိရပါတယ် ဆိုတဲ့အချက်၊
အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် စာပေစိစစ်ရေးမှတ်ပုံတင် ဥပဒေနဲ့အညီ မှတ်ပုံတင်ရမယ်၊ ဒါမှမဟုတ် စိစစ်ရေးကို ဖြတ်သန်းပြီးတော့မှ စစ်ဆေးပြီးတော့မှ ထုတ်ဝေခွင့် ရှိတယ်ဆိုတာကို ခေါ်ယူ အသိပေး ဆွေးနွေးအပ်ပါတယ်ဆိုတဲ့အချက်၊
နောင်တချိန်မှာ အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် တည်ဆဲဥပဒေ နည်းပဒေများအတိုင်း ဆောင်ရွက်သွားပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ဆိုတဲ့ အချက် ၃ ချက် ပါတယ်။

ငြိမ်းငြိမ်း - လာတွေ့ဖို့အတွက် ဘယ်လို အကြောင်းကြားခဲ့တာလဲ။

ကိုကျော်ကိုကို - စာနဲ့ခေါ်တာတော့ မဟုတ်ဘူး။ လာတွေ့ဖို့အတွက် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုရှိန်းရာဇာထွန်းနဲ့ ကျနော့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားတာပါ။

ငြိမ်းငြိမ်း - ဘယ်သူက ခေါ်တွေ့တာလဲ။

ကိုကျော်ကိုကို - ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေပါ။

ငြိမ်းငြိမ်း - စာအုပ်ထဲက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောသေးလဲ။

ကိုကျော်ကိုကို - စာအုပ်ထဲက အကြောင်းအရာတွေက အန္တရာယ်ရှိတာတွေ တခုမှမပါပါဘူး တဲ့၊ သူတို့ ပြောစကားအရ၊ တကယ်လည်း ဟုတ်ပါတယ်။ ကျနော်တို့ ပြောထားတာက ကျောင်းသားသမဂ္ဂ ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အတွက်ကို လိုအပ်တဲ့ သမိုင်းစဉ်လာ အချက်အလက်တွေပဲ ပါပါတယ်။ ပြီးတော့ ကျနော်တို့ ကျောင်းသားထုကြားမှာ သမဂကို သိရှိအောင်လို့ တိုက်တွန်းနှိုးဆော်တဲ့သဘောဆောင်တဲ့ ဆောင်းပါးတွေကို ကျနော်တို့ ရေးသားထားတာပါ။ ကျောင်းသားသမဂရဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တရားဝင်လှုပ်ရှားမှုတွေကို လက်ရှိ အချိန်ထိ လှုပ်ရှားမှုတွေကို တခုချင်းစီကဏခွဲပြီး ရေးထားတာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့က အနရာယ်ရှိတယ်လို့ မမြင်ပါဘူး။ အဓိကအချက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ထုတ်ဝေတဲ့ မည်သည့်ဂျာနယ်မဆို မည်သည့်စာစောင်မဆို မည်သည့်မဂ္ဂဇင်းမဆို ပြင်ရမယ်ဆိုတဲ့အပေါ်မှာသာ အဓိက အသားပေးပြီး ဆွေးနွေးတာပါ။


2 comments :

  1. KoTOE said... :

    စတီးရေ.......
    မင်းညီဘာတွေလုပ်နေတာလဲ
    ခေတ်တွေပြောင်းနေပြီနော်

  1. Anonymous said... :

    အမှန်ကစီစစ်ရေးတင်စရာမလိုပါ။
    ကိုအောင်ဆန်းတို့အယ်ဒီတာလုပ်တုန်းကလဲ
    စီစစ်ရေးမတင်ခဲ့ပါ။
    ဒါပေမဲ့ပြသနာကအင်္ဂလိပ်အစိုးရကကျောင်းသားသမဂကို
    တရားဝင်ခွင့်ပြုပေးခဲ့တယ်။
    အရင်ဆုံးလုပ်သင့်တာကတရားဝင်အောင်အရင်အစိုးရနှင့်
    ညှီပြီးလုပ်သင့်တယ်။
    နောက်ပြီးကျောင်းမနေတော့တဲ့သူတွေကျောင်းသမ၈
    ထဲမှာပါဝင်ခွင့်မရှိသင့်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved