ပြည်သူ့အာ မှ ပြည်သူ့အား သို့

Sunday, April 29, 2012


ဒေါက်တာစောလွင် ရေးသားသည်)

ဧရာဝတီတိုင်း နာဂစ်ဒုက္ခသည်များကို တွေ့ဆုံနေတဲ့ UN အကြီးအကဲ ဘန်ကီမွန်း နဲ့ အရာရှိများ (photo:UN)


'အာလူး လာမပေးနဲ့ လေတွေနဲနဲလျှော့' သီချင်းကို 'Rap and Rock ထာဝစဉ်' ဆိုတဲ့ CD ထဲက ကြားလိုက်ရတော့ လူငယ်ဘဝက ဒီသီချင်းကို အသံကုန် အော်ဟစ်ခဲ့တာတွေကို ပြန်သတိရမိပါတယ်။ ပြန်ဆိုထားတဲ့ပုံစံကိုသဘောကျမိ လို့ CD ကို အစက ပြန်နားထောင်မိတဲ့အခါ ဒီသီချင်းပြန်ဆိုတဲ့ အဆိုတော်လေးတွေရဲ့ 'အရင်ခေါင်းစဉ်ကလဲ အာလူး လာမပေးနဲ့ပဲ၊ ဟုတ်တာပေါ့၊ အာလူး ဆိုတော့ ဆန်းနေတာပေါ့' ဆိုတဲ့ ရှင်းပြမှုလေးကိုကြားလိုက်ရတော့ တဟားဟားနဲ့ အော်ရီမိပါတယ်။ အသက်၊ အချိန်နဲ့ မျိုးဆက် ကွာခြားမှု(generation gap)တွေကို သတိပြုလိုက်မိလို့ ဖြစ်ပါတယ်။

ပါးစပ်ကပဲအပြောများပြီး လက်တွေ့ မလုပ်တဲ့လူတွေကို 'အာ' များတယ် ဆိုပြီး ဘန်းစကားအနေနဲ့ 'အာလူး' ပေးတယ်လို့ ပြောကြ၊ စကြခဲ့တာဖြစ်ပါတယ်။ အသက်၊ အချိန်၊ စကားလုံးသုံးမှုတွေ ပြောင်းကြပေမဲ့ နိုင်ငံတိုင်းရဲ့ ခေတ်အဆက်ဆက်နဲ့ generation တိုင်း မှာအပြောများပြီး လက်တွေ့ မလုပ်ကြတဲ့ ကိုအာလူး၊ မအာလူးတွေ ရှိကြစမြဲပါ။ တချိန်ထဲ မှာပဲအပြောနဲပြီး အလုပ်လုပ်တဲ့သူတွေလဲ အများကြီးရှိကြပါတယ်။

လူထုကျန်းမာရေးအတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ဆိုရင် အပြောကောင်းတဲ့သူတွေ လိုပေမဲ့ လက်တွေ့ လုပ်အားကောင်းသူတွေ ပိုလိုတယ် ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အပြောသမား(ပြည်သူ့အာ)တွေ ကအလုပ် သမား(ပြည်သူ့အား) တွေထက် ပိုများ၊ ပိုနေရာရလေ့ရှိကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ အပြောများပြီးအလုပ်နဲတဲ့ အချိန်တွေရှိခဲ့လို့ အပြောလျှော့ပြီး အလုပ် တိုးလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် မကြာခဏသတိပေးနေရပါတယ်။

အပြောတမျိုး အလုပ်တခြား
ကုလသမဂ္ဂ အိပ်ခ်ျအိုင်ဗွီအိတ်စ် အဖွဲ့ကြီး(UNAIDS)ဟာ အင်မတန် အပြောကောင်းတဲ့ အဖွဲ့အစည်း တခုဖြစ်ပါတယ်။ တိုင်းပြည်လူထုပါဝင်မှု၊ လူ့အခွင့်အရေးနဲ့မျှတမှုတွေ ကျင့်သုံးဖို့ ကမ္ဘာတခွင်မှာ မမောတမ်း ဟောပြောတိုက်တွန်းနေ တဲ့အဖွဲ့တခုလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ဒီအဖွဲ့ရဲ့လုပ်ရပ်တခုဖြစ်တဲ့ အာရှဒေသကနိုင်ငံ အခြေစိုက်ရုံးတွေရဲ့ ခေါင်းဆောင်နေရာ (UCC:UNAIDS Country Coordinator) တွေကို ကြည့်ရင် UCC ၁၅ယောက်မှာအာရှတိုက်သား၊ သူ၂ယောက်ပဲရှိပါတယ်။

ဒါဟာ အတိတ်ကိုပြောနေတာ မဟုတ်ပါဘူး၊ လက်ရှိ အချိန်ပါ။ မွေးဖွားရာနိုင်ငံ၊ လိင်၊ အသားအရောင်၊ ဘာသာ ကိုးကွယ်မှုတွေဟာ လူရွေးချယ်မှုမှာ အဓိက မကျတာကို ထောက်ခံပေမဲ့ ခေါင်းဆောင် ၁၅ ယောက်မှာ၂ ယောက်သာ အာရှတိုက်ကဖြစ်တာကတော့ စဉ်းစား မေးခွန်း ထုတ်စရာပါပဲ။ အထူးသဖြင့် အနောက်နိုင်ငံသား UCC တချို့ရဲ့ မထိရောက်မှု နဲ့ ဓလေ့ထုံးစံကို နားလည်အောင် မကြိုးစားဘဲ အထက်ဖား၊ အောက်ဖိ လုပ်မှုတွေ၊ အရည်အချင်းရှိတဲ့ စွမ်းဆောင်နိုင်တဲ့ အာရှ တိုက်သူ၊ သားတွေ ရှိနေတာတွေ ကိုသိရဲ့နဲ့ အရေးကြီးတယ်ဆိုတဲ့ UCC နေရာတွေမှာ ဒေသခံတွေကို အားပေး ရွေးချယ်မှုမရှိ တာဟာ သူတို့ အဖွဲ့ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ အပြောနဲ့အလုပ် မညီတဲ့ အားနည်းချက်တွေပဲလို့ မြင်မိပါတယ်။

ကမ္ဘာ့ဘဏ် (The World Bank) နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့ရဲ့ 'ငါပြောသလိုလုပ်၊ ငါ လုပ်သလိုမလုပ်နဲ့' ဆိုတဲ့အဖြစ်တွေ၊ ထိရောက်သင့်သလောက် ထိရောက်မှု မရှိတာတွေ၊ အမှားအယွင်းလုပ်ခဲ့တာတွေကို အဲဒီ အဖွဲ့တွေမှာ လုပ်ခဲ့တဲ့သူ၊ အဲဒီအဖွဲ့တွေနဲ့ တွဲလုပ်ခဲ့တဲ့သူက ကိုယ်တွေ့ရေးထားတဲ့ စာအုပ်စာတမ်းတွေကနေတဆင့် သိခဲ့ရပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ ဦးဆောင်ဝန်ထမ်းတယောက် အနေနဲ့အနှစ်၂ဝကျော် လုပ်ခဲ့တဲ့ စတီဗင်လူးဝစ် (Stephen Lewis) ရဲ့ 'Race against time' စာအုပ်ထဲမှာ ဆိုရင် ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့အာဖရိကနိုင်ငံတွေကို ကူညီတယ် ဆိုပြီး အခြေအနေ ပိုဆိုးအောင် လုပ်မိ၊ လုပ်နေခဲ့တဲ့ဖြစ်ရပ်တွေကို ရှင်းလင်းစွာ ရေးပြထားတာကို တွေ့ရပါတယ်။

အဲဒီအဖွဲ့တွေက တိုင်းပြည်တွေကိုပေးတဲ့ 'အတိုးနဲ'ငွေချေးမှုတွေရဲ့ အကျိုးအမြတ်ကို ကြည့်ရင် ချေးငွေကို ချမ်းသာ၊ အာဏာရှိသူတွေက ရကြပြီး ခါးရိုးကျိုးစေတဲ့ အတိုးနဲ့ အကြွေးရင်းကို ပြန်ဆပ်ဖို့ တာဝန်ခံရသူတွေကတော့ တိုင်းပြည်တွေရဲ့ သာမန်လူများပဲဖြစ်တယ် ဆိုတာကို “State of World Children” annual report တခုမှာ UNICEF က အခုလို ရေးပြပါတယ် - 'In short, it is hardly too brutal an oversimplification to say that the rich got the loan and the poor got the debt.'

အဲဒီအဖွဲ့တွေရဲ့ဆင်းရဲမှုကျဆင်းရေး (poverty reduction) အစည်းအဝေးတွေရဲ့တနှစ်စာကုန်ကျ စားရိတ်(ခရီးစားရိတ်၊ ကြယ်ငါးပွင့်ဟိုတယ်ခန်းမစားရိတ်၊ ညစာစားပွဲစားရိတ်၊ အစည်းအဝေးစာတမ်း ထုတ်ဝေစားရိတ်) တွေဟာ ဆင်းရဲတဲ့ မိသားစု ထောင်ပေါင်းများစွာကို နှစ်ပေါင်းများစွာ ကျွေးမွေးထားနိုင်ကြောင်းကိုလဲ ရေးထားကြတာကို ဖတ်ခဲ့သိခဲ့ပါတယ်။

ဒါတွေဟာကမ္ဘာ့ပြည်သူတွေကို အကျိုးပြုဖို့ ဆိုပြီး ဒေါ်လာငွေ ကုဋေပေါင်းများစွာ ရယူထားကြတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတချို့ရဲ့ အပြောနဲ့လုပ်ရပ်တွေရဲ့ ဥပမာတချို့ပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးမှာ အဖွဲ့အစည်း ပေါင်းမြောက်များစွာနဲ့ ဝန်ထမ်း ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒီအထဲမှ အပြောနဲ့အလုပ် ညီမျှတဲ့၊ ထိရောက်တဲ့အခါတွေ ရှိခဲ့တဲ့ အဖွဲ့နဲ့ ဝန်ထမ်း(ပြည်သူ့အား)တွေ ရှိတတ်သလို အခွင့်အရေးယူအပြောသမား(ပြည်သူ့အာ)တွေ ရှိတတ်တာဟာလဲ အံ့သြစရာတော့ မဟုတ်ပါဘူး။

တိုင်းပြည်ရဲ့ဦးဆောင်မှု နဲ့ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေး
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက အလုပ်ဟာ အဖွဲ့ရဲ့ အုပ်ချုပ်မှုယန္တရား ချောမွေ့စွာ လည်ပတ်နိုင်အောင် အဖွဲ့ဝင်နိုင်ငံများနဲ့ ညှိနှိုင်း တိုင်ပင်ပြီး သဘောတူ ဆုံးဖြတ်ချက်ချ၊ အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို လုပ်ရင်းနဲ့ တိုင်းပြည်တွေ အတွက် အကျိုးဆောင်ဖို့ထက် အုပ်ချုပ်မှုယန္တရား ချောမွေ့ရေးကိုပဲ ပိုဦးစားပေး အလေးထားလာကြပါတယ်။ တချိန်ထဲ မှာပဲကုလသမဂ္ဂ အဖွဲ့အစည်းများစွာဟာ အချင်းချင်း ပြိုင်ဆိုင်ပြီး နေရာလုတာတွေ၊ ကပ်ဖဲ့ရပ်ဖဲ့လုပ်တာတွေ၊ အာဏာာနဲ့ငွေ လုတာတွေ များလာကြတာကိုလဲ မယုံကြည်နိုင်လောက်အောင် တွေ့လာကြရပါတယ်။

ဒါကိုသတိပြုမိလို့ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေး (U.N. reform) ကို လုပ်ဖို့ တိုက်တွန်း ကြိုးစားနေတာ နှစ်ပေါင်း များစွာ ကြာပါပြီ။ အထွေထွေအတွင်းရေးမှုး အစဉ်အဆက်တွေ ကိုယ်တိုင်က ထောက်ခံကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၆ခု ဒီဇင်ဘာလမှာ ဗီယက်နမ်နိုင်ငံဟာ တခုထဲသော ကုလသမဂ္ဂ(One U.N.)စနစ်ကို ပထမဆုံး စတင် စမ်းသပ် အကောင်အထည် ဖော်မယ့် နိုင်ငံ အဖြစ် ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ ရုံးခွဲများစွာကို တနေရာထဲမှာ စုပေါင်းထားပြီး ကြိုးနီစနစ်နဲ့ ကုန်ကျငွေကို လျှော့ချကာ တိုင်းပြည်အကျိုးကို ပိုဂရုစိုက် သယ်ပိုးစေနိုင်ဖို့ ကြိုးစားချက်တခုဖြစ်ပါတယ်။ ဗီယက်နမ် ပြည်သူပြည်သားတွေကို လေးစား ဂုဏ်ယူစွာနဲ့ အောင်မြင်စေဖို့ ဆုတောင်း အားပေးကြရပါမယ်။

ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရိုက်သင့်ပါ
ကျွန်တော် အခုလိုပြောနေတာဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို မုန်းတီးရွံရှာလို့ ပြောနေတာ မဟုတ်ပါဘူး။ ချစ်ခင် အားကိုးလွန်းလို့ ဂရုဏာဒေါသောနဲ့ ပြောမိတာပါ။ ငယ်စဉ်ကထဲက ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နိုင်ငံတွေရဲ့ကိုယ်စား လှယ်၊ အကျိုးဆောင်အဖွဲ့ အနေနဲ့ အားကိုး ယုံကြည်မိခဲ့ပါတယ်။ အထူးသဖြင့် ၁၉၆ဝ ပတ်ဝန်းကျင်မှာ ဒီအဖွဲ့ကြီးရဲ့ ထိရောက်မှုတွေ၊ ကိုယ့်နိုင်ငံသားက ထိပ်တန်း ခေါင်းဆောင် ဖြစ်ခဲ့တာတွေကြောင့် ဖွဲ့ဖြိုးဆဲ နိုင်ငံတွေရဲ့ငြိမ်းချမ်းရေး၊ တိုးတက်ရေး၊ ကျန်းမာရေးတွေကို ထိထိရောက်ရောက် ဘက်မလိုက်ပဲ လုပ်ပေးမဲ့ ကမ္ဘာ့အဖွဲ့ကြီးလို့ ခလေးဆန်ဆန် မြှော်ကိုးမိခဲ့ပါတယ်။

ဒီအဖွဲ့တွေမှာ ကိုယ်ကျိုးစွန့် အသက်ပေးခဲ့တဲ့အထိ လုပ်ခဲ့တဲ့သူတွေလဲ အများကြီး ရှိခဲ့ပါတယ်။ အနောက်တိုင်း၊ အရှေ့တိုင်းတွေ ခွဲနေဖို့ မလိုပါဘူး။ ဥပမာတခုပြရမယ် ဆိုရင် အီတလီနိုင်ငံသား ဒေါက်တာ ကားလို့အာဗာနီ (Dr. Carlo Urbani) ဟာ ဗီယက်နမ်နိုင်ငံမှာ SARS ရောဂါကို ကာကွယ် ကုသနိုင်ဖို့ စွမ်းဆောင်ကြိုးစားရင်း SARS ရောဂါနဲ့အသက်ဆုံး ခဲ့ပါတယ်။ သူ့လိုပဲတာဝန်ထမ်းဆောင်ရင်း အသက်စွန့်ခဲ့ရတဲ့ ဝန်ထမ်းတွေလဲ ကမ္ဘာတဝှမ်းမှာရှိခဲ့၊ ရှိနေ၊ ရှိကြအုံးမှာပါ။ အသက် မစွန့်ရပေမဲ့သူတို့ရဲ့ ဘဝကို ကမ္ဘာ့လူထုအတွက် ပေးဆပ်နေတဲ့ ဝန်ထမ်းတွေလဲ ရှိနေကြပါတယ်။

တချိန်ထဲမှာ 'အားလုံးကောင်းပါသည်' ဆိုပြီး လုပ်ပိုင်ခွင့်တွေကို ဆန်းစစ်မှုမရှိဘဲ ပေးထားတာတွေ၊ သုံးမရ ပြင်မရတဲ့အဖွဲ့တွေ ဆိုပြီး ဥပေက္ခာပြုလိုက်တာတွေ များလာရင်တော့ ကမ္ဘာ့လူထုဟာ ထိုက်တန်လိုအပ်တဲ့ အကူအညီကို ထိရောက်စွာ မရဘဲ ရုံးချုပ်တွေက စားပွဲထိုင်အရာရှိတွေနဲ့ ကိုယ်ကျိုးကြည့် နိုင်ငံရေးကစားသူတွေက သင့်တော်မယ်ထင်သလို ဆုံးဖြတ်ပေးကြတဲ့ အကူအညီတွေကိုပဲ ဆက်ရနေကြမှာပါ။ လေလွင့်မှုနဲ့ စားရိတ်ဒဏ်တွေကို တကမ္ဘာလုံးက ဆက်ခံနေကြရပါမှာ။

ကိုယ့်မျက်ချေး ကိုယ်ပြန်ကြည့်
နိုင်ငံခြားသားတွေနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကို အပြစ် တင်ရတာကတော့ လွယ်လွန်း လှပါတယ်။ သူတို့ရဲ့ အားနည်းချက်တွေကို အပြုသဘောနဲ့ ထောက်ပြ ဝေဖန်ယုံသာမက ထိရောက်စွာ လုပ်ကိုင် နိုင်ဖို့ အကြံပြုပါဝင် လုပ်ဆောင်ဖို့ကလဲ တိုင်းပြည်တိုင်းက လူထုတွေမှာ တာဝန်ရှိပါတယ်။

သတ္တိရှိတယ်၊ စေတနာရှိတယ် ဆိုရင် ကိုယ်လုပ်တာ ဘာမှားနေသလဲ၊ ဘာမမှန်ဘူးလဲ ဆိုတာကို ပြတ်သားစွာ ပြန်လေ့လာပြီး ပြင်စရာရှိတာကို ထိရောက်စွာ ပြင်ကြရပါမယ်။ သူများမျက်ချေးကိုပဲ ထောက်ပြ သရော်ပြီး ကိုယ့်မျက်ချေးကိုယ် ပြန်မကြည့်၊ ကိုယ့်မျက်နှာ ကိုယ်ပြန်မသစ်ရင်တော့ ကိုယ်လဲ သူတို့နဲ့အတူတူပါပဲ။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်တာဝန်မကြေတာက ပိုဆိုးပါတယ်။

ဒါကြောင့် တရုတ်ပြည်နဲ့ ဗီယက်နမ်နိုင်ငံတွေဟာနိုင်ငံခြား အဖွဲ့အစည်းတွေကို ဝေဖန်သလို ထိရောက်စွာ လုပ်နိုင်ဖို့ နိုင်ငံသား ဝန်ထမ်းများကို အတတ်နိုင်ဆုံး ပံ့ပိုးထောက်ပံ့ နေတာတွေကို တွေ့ခဲ့ရပါတယ်။ ပြည်သူလူထုက အဖြစ်မှန်တွေကို လွယ်လွယ်ကူကူ ထိထိရောက်ရောက် တင်ပြစေနိုင်ဖို့ အားပေးလှူံ့ဆော်၊ နည်းလမ်းရှာနေတာတွေကိုလဲ တွေ့နေရပါတယ်။

အခုအချိန်မှာ ကမ္ဘာ့နိုင်ငံနဲ့ပြည်သူတွေဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုသလို တဦးကိုတဦး အားထား ကူညီဖို့ ပိုလိုလာပါပြီ။ အင်အားကြီးနိုင်ငံတချို့ရဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးကို ငွေအား၊ လက်နက်အားနဲ့ အနိုင်ယူ အသုံးချဖို့ကြိုးစားနေတာတွေကို ညီညီညွတ်ညွတ် ကာကွယ် တားဆီးကြရပါမယ်။ ဒီ အင်အားကြီးနိုင်ငံတွေ အပါအဝင် နိုင်ငံအားလုံးရဲ့ ငြိမ်းချမ်း ဖွံ့ဖြိုးရေးကို အချိန်မှီ ထိရောက်စွာ လုပ်ဆောင်နိုင်မဲ့ ကုလသမဂ္ဂအဖွဲ့ကြီး တခုဖြစ်လာပါစေလို့ မျှော်လင့် ဆုတောင်းမိပါ တယ်။

အမှုထမ်းဟောင်းတယောက် အနေနဲ့ ဒီအဖွဲ့ကြီးရဲ့ ပြုပြင်နိုင်ခြေကို သံသယရှိပေမဲ့ နိုင်ငံအများစုကို အကျိုးပြုနိုင်ပြီး နိုင်ငံတိုင်းက လက်ခံနိုင်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီး ဖြစ်လာစေဖို့ ကျရာနေရာက တာဝန်ကျေအောင် လုပ်ဆောင် အားပေးကြဖို့ (ပြတ်သားမှန်ကန်စွာ ဝေဖန် အကြံပြုတာအပါအဝင်) ဂတိပြု တိုက်တွန်းပါရစေ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved