ဆီးချိုရောဂါ ကာကွယ်ရေး နည်းလမ်းခြောက်သွယ်

Tuesday, May 8, 2012


အညာဒေသ ဆောင်းရာသီက အေးချမ်းလှ၏။

တသွင်သွင်တိုက်ခတ်နေသော မြောက်ပြန်လေကြောင့် စိမ့်တက်လာ ၏။

ရန်ကုန်သူ ဒေါက်တာပွင့်သက် တင်အဖို့ အနွေးထည်ထူထူ ဝတ်ကာ အအေးဒဏ်ကို ခုခံနေရ၏။

၂၈ လမ်းနှင့် ၈၂ လမ်းထောင့် ရှိ ရတနာပုံဆေးတိုက်ကြီးက ခံ့ညား လှ၏။

၁၂ ထပ်ရှိသော ဆေးတိုက်ကြီး ၏ အပေါ်ဆုံးထပ်တွင် သမားတော် ကြီး ပါမောက္ခ ဦးစိတ္တ၏ ကျယ် ဝန်းသော ရုံးခန်းကြီးတည်ရှိ၏။

ဒေါက်တာ ပွင့်သက်တင်သည် လင်ကရူဇာ ကားကြီးကို ဆေးတိုက် ကြီးရှေ့တွင် ညင်သာစွာ ရပ်လိုက် ပြီး ဓာတ်လှေကားဖြင့် ပါမေက္ခကြီး ရုံးခန်းသို့ တက်သွား၏။

ရုံးခန်းရှေ့တွင် ငယ်သူငယ် ချင်း မုံရွာသား ဒေါက်တာ လင်းနိုင်ထွန်း နှင့်တွေ့၍ ခေတ္တမျှ မာကြောင်း သာကြောင်း ပြောဆိုလိုက်၏။

ပါမောက္ခကြီးနှင့် မရင်းနှီးသူ အဖို့ သူငယ်ချင်းနှင့်တွေ့လိုက်ရသည် မှာ အဆင်ပြေလှ၏။ သူငယ်ချင်းက ဦးဆောင်ခေါ်သွား၍ ရှိုးတိုးရှန့်တန်း မဖြစ်တော့ပေ။

''မင်္ဂလာပါ ဆရာကြီး''

''မင်္ဂလာပါ မောင်လင်းနိုင် ထွန်း။ ဧည့်သည်လဲပါသကိုး။ ထိုင် ကြကွယ်''

''မိတ်ဆက်ခွင့်ပြုပါ ဆရာကြီး။ သူက ဒေါက်တာ ပွင့်သက်တင် ပါ။ ရန်ကုန်ဆေး -၁ က အောင်တာပါ။ ရန်ကင်းမှာနေတယ်။ ကျွန်တော့် သူ ငယ်ချင်းပါ။ ဆရာကြီးကို သူ့မဟာ ဘွဲ့ကျမ်းစစ်ဆေးသူခန့်ထားလို့ လာပြီး ဂါဝရပြုတာပါ''

''သြော်-အေးအေး။ ကျမ်းစစ် ဆေးဖို့ကိစ္စကတော့စာစစ်အဖွဲ့ကရော၊ ဆေး-၁ ရုံးကရော အကြောင်းကြား ထားလို့ သိပြီးပါပြီ။ မန္တလေးမှာ နေ ရေးထိုင်ရေး အဆင်ပြေရဲ့လား။ လို တာရှိရင်ပြောပါ။ အားမနာနဲ့။ ခုအချိန် က အရမ်းအေးတယ်။ ရန်ကုန်သူဆို တော့ အအေးဒဏ်တော့ ခံရမှာပဲ''

''ပြေပါတယ်ဆရာကြီး။ မန္တလေးမှာ ဒေါက်တာ ယုစန္ဒာက Posting ကျပါတယ်။ သူ့အိမ်မှာ တည်းပါတယ်''

''သြော်-ဟုတ်ပြီ။ ယုစန္ဒာ သူ ငယ်ချင်းကိုး။ ယုစန္ဒာက MSC ပြီး သွားပြီ။ အခု MRCP ဖြေဖို့စာကျက် နေလေရဲ့။ မန္တလေး ရောက်တုန်း Speciality Conference တက်သွား ပါလား''

''ဟုတ်ကဲ့ ဆရာကြီး''

''ခုတစ်လောဆီးချိုလူနာတွေ အတော်များနေတယ်။ မောင်လင်းနိုင် ထွန်းစာတမ်းတစ်စောင်လောက် ပြု စုပါလား။ မင်းတို့ သိတဲ့အတိုင်းပဲ၊ ဆီးချိုကနာတာရှည်ကွ။ နောက်ဆက် ဆွဲဆိုးကျိုးတွေလဲ အရမ်းများ တယ်''

''ကြိုတင်ကာကွယ်လို့ ရနိုင်ပါ သလားဆရာကြီး''

''ရာနှုန်းပြည့်မဟုတ်ပေမယ့် ဖြစ်နိုင်ခြေနည်းသွားအောင် လုပ်လို့ ရတယ်ကွယ့်။ သုတေသီတွေရဲ့ အဆို အရ နည်းလမ်းခြောက်ခုကို လိုက် နာမယ်ဆိုရင် ဆီးချိုရောဂါ ဖြစ်နိုင် ခြေဟာ အသက် ၆ဝ အထက် လူကြီးတွေမှာ ၇၁ ရာခိုင်နှုန်းဖြစ်နိုင် ခြေ လျော့ကျသွားနိုင်တယ်တဲ့။ ဘဝ နေထိုင်မှုပုံစံ ပြောင်းရမှာပေါ့ကွာ''

''၇၁ ရာခိုင်နှုန်းလျော့သွားရင် မနည်းဘူးဆရာကြီး''

''အေး-မနည်းဘူးကွ။ မင်းတို့ လဲသိပါတယ်။ အစားမစားဘဲ သွေး ဖောက်စစ်တဲ့ Fasting Blood Gurcose က 100 mg/d/ ထက် နည်းရင်ပုံမှန်ပေါ့ကွာ။ တကယ်လို့ 100 နဲ့ 125 ကြားရှိရင် အကြို ဆီး ချိုရောဂါပဲ။ Prediabetes ပေါ့ကွာ။ လူနာလောင်းပေါ့ကွာ။ 125 ထက် ကျော်ရင် လူနာစစ်စစ်ဖြစ်ပြီး Pre-diabetes ဘဝမှာ နည်းခြောက်သွယ် လိုက်နာရင် လူနာစစ်စစ်ဘဝကို ရာထူးမတက်တော့ဘူးကွ''

''ဘာတွေ လိုက်နာရမှာလဲ ဆရာကြီး''

''တစ်အချက်က Peel off The Pounds တဲ့။ ဒါက စာထဲအတိုင်း ပြောတာကွ။ ကိုယ်အလေးချိန် လျှော့ ချရမယ်။ ဝနေရင် ပိန်အောင်လုပ်ရ မယ်။ သင့်တင့်တဲ့ ကိုယ်အလေးချိန် ပဲရှိရမယ်။ ဝလာရင် ခန္ဓာကိုယ်က၊ သွေးထဲက သကြားဓာတ်ကို ပုံမှန်ဖြစ် အောင် ထိန်းတဲ့နေရာမှာ အခက်အခဲ ရှိလာတယ်။ မနိုင်မနင်းဖြစ်လာတယ်။ ကမ္ဘာကျော် The American Diabetes Associtaion ဆိုတဲ့ အမေ ရိကန် ဆီးချိုအသင်းကြီးရဲ့ အဆို အရပြောရရင် ကိုယ်အလေးချိန် ငါး ရာခိုင်နှုန်းကနေ၁ဝ ရာခိုင်နှုန်းကျရုံနဲ့ အကြိုဆီးချိုရောဂါကို ကုနိုင်တယ်။ သင့်တင့်မျှတတဲ့ ကာယလေ့ကျင့် ခန်းရယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ရယ်နှစ်ခုပေါင်းရင် ဝတဲ့လူဟာ ပိန်သွားနိုင်တယ်။ တစ်ခု တော့ရှိတယ်။ အချိန်ပေးရမယ်။ ဇွဲ ရှိရမယ်။ ဒါမှ အောင်မြင်မယ်''

''ဟုတ်ကဲ့ပါဆရာကြီး''

''နှစ်အချက်က Focus on Fiber တဲ့။ အမျှင်ပါတဲ့ အစားအစာ များများစားရမယ်။ အမျှင်များတဲ့ အစားအစာက အစာခြေတဲ့နေရာမှာ ကြာတယ်။ သွေးထဲက သကြား ဓာတ်ကို ဗြုန်းခနဲ မတက်စေဘူး။ ဖြည်းဖြည်းပဲ တက်စေတယ်။ ရည် မှန်းချက်က တစ်နေ့ကို အမျှင်ဓာတ် ၄၅ ဂရမ်ကနေ ၅ဝ ဂရမ် စားရ မယ်။ ကွေကာအုပ်လို၊ Bran Cereal လို အစားအစာတွေစားရမယ်။ တို့ မြန်မာအစားအစာတွေမှာလဲ အမျှင် ဓာတ်များတာတွေရှိတယ်ကွ''

''စားသင့်ပါတယ် ဆရာကြီး''

''သုံးအချက်က Count on Coffee and Tea တဲ့ကွ။ ကော်ဖီတို့ လက်ဖက်ရည်တို့က စားသင့်တဲ့ အာဟာရ စာရင်းမှာပါတယ်ကွ။ တစ်နေ့ကို ကော်ဖီသုံးခွက်ကနေ လေးခွက် အထိ မှန်မှန်သောက်ရင် ဆီးချိုဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း ကျ ဆင်းသွားတယ်တဲ့။ ထိုနည်းတူ လက်ဖက်ရည်အချိုတို့၊ ရေနွေးကြမ်း တို့ သောက်ရင်လဲ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်တဲ့။ သကြားမပါ တဲ့ လက်ဖက်ရည်ပေါ့ကွာ''

''ကျွန်တော်ကတော့ ရေနွေး ကြမ်းပဲ သောက်တယ်။ မန္တလေး က ကဗျာဆရာတွေနဲ့ မျက်သွယ်မှာ ထိုင် ရင် ရေနွေးကြမ်း တစ်အိုးပြီး တစ် အိုး ကုန်တယ်ဆရာကြီး။ ကဗျာ အကြောင်းတွေ ဆွေးနွေးရတာ အာ ခြောက်တာကိုးဆရာကြီး''

''ကောင်းပါတယ်ကွာ။ မောင် ရင်ရေးတဲ့ SLE နောက်ခံ ဝတ္ထုကလဲ အတော်နာမည်ကြီးတယ်ကွ။ ကဲ- ဆက်လိုက်ဦးမယ်။ လေးအချက်က Move, Move, Move တဲ့။ ကာယ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ ပြော တာကွ။ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာ ကိုယ်က သွေးထဲက သကြားဓာတ် ကို ထိန်းသိမ်းကိုင်တွယ်တဲ့နေရာမှာ ပိုပြီးထက်မြက်လာတယ်တဲ့။ သုတေ သနတွေ့ရှိချက်အရ Insulin Sensitivity ပိုကောင်းလာတယ်။ အဲဒီ တော့ ချွေးထွက်လာတဲ့အထိ ကိုယ် လက်လှုပ်ရှားမှုလုပ်ရမယ်ကွ''

''ဘယ်သုတေသနမှာလဲ ဆရာ ကြီး''

''The Nurses' Health Study ဆိုတဲ့ သုတေသနမှာတစ်ပတ်မှာ တစ် ခါ ချွေးထွက်အောင် ကာယလှုပ် ရှားမှုလုပ်ခဲ့ရင် ဆီးချိုဖြစ်နိုင်ခြေဟာ ၃ဝ ရာခိုင်နှုန်း ကျဆင်းသွားတယ် ဆိုတာ တွေ့ထားတယ်တဲ့ကွ။ The Natioival Diabetes Education Program က ထောက်ခံထားတာက တစ်ခါ လုပ်ရင် မိနစ် ၃ဝ၊ တစ်ပတ်ကို ငါးရက်လုပ်ပါတဲ့''

''ဟုတ်ကဲ့ပါဆရာကြီး''

''မိနစ် ၃ဝ တောက်လျှောက် မလုပ်နိုင်ရင် ဆယ်မိနစ်စီ သုံးခါ လုပ်ရင်လဲရတယ်တဲ့။ လုပ်သင့်တဲ့ အားကစားတွေက လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ရွရွပြေး တာတွေပဲကွ။ ကတာလဲ လုပ်လို့ ရတယ်တဲ့''

''ကဗျာလွတ်ကရင်လဲ ရမယ် ထင်တယ်''

''အေး-မဆိုးဘူးကွ။ ရိုးရာယဉ် ကျေးမှု ထိန်းသိမ်းရာလဲရောက်တာ ပေါ့ကွာ။ ပြီးတော့ Strength Training လဲ လုပ်ရမယ်။ အလေး တွေနဲ့ လေ့ကျင့်တာကို ဆိုလိုတာကွ။ အလေးမတော့ြ<ွကက်သားတွေပို အလုပ်လုပ်တာပေါ့ကွာ''

''ဟုတ်ကဲ့ပါဆရာကြီး''

''ငါးအချက်က Eat Three Square Meals တဲ့။ နေ့စဉ် အချိန် မှန်မှန် အစားစားတာက အရေးကြီး တယ်ကွ။ သွေးထဲက သကြားဓာတ် ကို ဗြုန်းခနဲ ဒိုင်းခနဲမတက်အောင် ထိန်းတဲ့သဘောကွ၊ သွေးထဲက သကြားဓာတ် ဗြုန်းခနဲတက်ရင် ပန် ကရိယတ်စ်က အင်ဆူလင်တွေ အများကြီးထုတ်ရတော့ ကြာရင် ဝန် ပိသလိုဖြစ်တာပေါ့ကွာ။ အဲဒီတော့ အစားစားချိန်မှန်ဖို့လိုတယ်။ အလုပ် မအားလို့ အစားစားချိန် တစ်ခုနဲ့ တစ်ခု ကြားမှာ လေးနာရီထက်ပိုကြာရင် အဆာပြေစားပေးရမယ်။ စားတဲ့နေရာ မှာလဲ အကောင်းဆုံးက Mediterranean Diet ကွ။ လွယ်လွယ်ပြောရရင် အသီးအနှံများများ၊ ဟင်းသီးဟင်း ရွက် များများစားရမယ်။ ပဲအမျိုးမျိုး စားရမယ်။အခွံမာအသီးတွေ စားရ မယ်။ ကောက်နှံတွေစားရမယ်။ ဆန် လုံးညိုလို အစားအစာမျိုးတွေ စား ရမယ်။ သံလွင်ဆီသုံးရမယ်။ အဆီ လွတ်တဲ့ အသားစားရမယ်။ ငါးစား ရမယ်။ အဆာပြေစားရင်လဲ ပေါင် မုန့်ကြမ်းလို၊ မြေပဲနဲ့လုပ်တဲ့ ထော ပတ်လိုဟာမျိုးစားရမယ်။ အရသာ တော့မရှိဘူး။ ပြီးတော့ သကြား များတဲ့ အချိုရည်ပေါင်းစုံ ရှောင်ရ မယ်။ ဂျုံဖြူနုနုနဲ့ လုပ်ထားတာ တွေရှောင်ရမယ်။ ထမင်းစားရင် သင့်တင်ရုံပဲ စားရမယ်။ အလွန်အကျွံ မစားရဘူး''

''ဟုတ်ကဲ့ဆရာကြီး''

''နောက်ဆုံးအချက်က Get Heart Healthy တဲ့။ နှလုံးကျန်းမာ ရေးဂရုစိုက်ရမယ်။ အကြိုဆီးချိုရော ဂါရှိနေရင် သွေးတိုးကို ဂရုစိုက်ရ မယ်။ သွေးတိုးရောဂါက ဆီးချို ရောဂါ ဖြစ်နိုင်ခြေများစေတယ်။ အကောင်းဆုံးက ၁၂ဝ/၈ဝ အောက်မှာရှိရင် ကောင်းတယ်။ အသက် ၆၅ နှစ်အောက်လူတွေ အတွက် ဆိုလိုတာပါ။ ပြီးတော့ Cholesterol လဲ အရေးကြီးတယ်။ 200 mg/ dl အောက်မှာရှိရင် ကောင်း တယ်။ LDL ကိုလဲ 130 mg /dl အောက်မှာ ရှိစေရမယ်။ HDL ကျ တော့ အနည်းဆုံး 40 mg/ dl ထက် မနည်းစေနဲ့။ ဒါတွေကတော့ အချိန် မှန်မှန် စစ်ကြည့်မှ သိမှာပဲ။ ဆရာ ဝန်နဲ့ မပြတ်တိုင်ပင်ဆွေးနွေး ဖို့လို တာပေါ့ကွာ''

''ရင်းနှီးတဲ့ မိသားစု ဆရာ ဝန် ရှိရင် အဆင်ပြေမယ်နော် ဆရာကြီး''

''အဲဒါ မှန်တယ်ဆရာကြီး။ ကျွန်မလဲ ထောက်ခံတယ်။ အောင် ပင်လယ်မှာနေတဲ့ ပန်းပုဆရာကြီးက အကြိုဆီးချို ရောဂါဖြစ်နေတော့ ကိုလင်းနိုင်ထွန်းက မိသားစုဆရာဝန် လို ကြည့်ပေးနေတယ်။ သူက တကယ်လဲ မိသားစုလိုဖြစ်ချင်နေ တာ''

''ဟာ- ကောင်းတာပေါ့ကွာ''

''ကောင်းတာကတော့ သေချာ ပါတယ်ဆရာကြီး၊ ပန်းပုဆရာကြီး သမီးက ရုက္ခဗေဒဌာနက ဆရာမ ငယ်ငယ်ချောချောလေး ဆရာကြီး ရဲ့''

''ဟာ-ပွင့်ကလဲကွာ၊ လျှို့ဝှက် ချက်တွေ ပေါ်ကုန်ပါပြီကွာ''

''ဟား- ဟား- ဟား- ဟား''

ပါမောက္ခကြီးက သဘောကျ စွာ ရယ်မောလိုက်လေတော့၏။

အောင်(ဆေး-၁)

ရည်ညွှန်းချက်။ ။ Caring .com မှ "Six ways to stop diabetes Before it Starts" ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။

ဈေးကွက်ဂျာနယ် http://www.zaygwet.com/healthy.php?id=132 တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved