မြန်မာ့ကျား ထိန်းသိမ်းရေး အိန္ဒိယ ကူညီမည်

Tuesday, May 15, 2012

မြန်မာနိုင်ငံမှာလုပ်နေတဲ့ ကျားမျိုးစိတ် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အိန္ဒိယက နှစ်နှစ်တာ ကူညီမယ်လို့ အိန္ဒိယအိတ်စ်ပရက်စ် သတင်းစာက ဖော်ပြပါတယ်။

(ဓာတ်ပုံ - wallco.net)

အဓိက ထိန်းသိမ်းရေးတွေ ကူညီလုပ်မယ့်နေရာကတော့ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာလို့ ဆိုပါတယ်။ အဲ့ဒီဒေသမှာ ကျားကောင်ရေ ၅၀ အောက် ကျဆင်းနေတယ်လို့ အိန္ဒိယ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ပညာရှင်တွေက ပြောပါတယ်။

ကျားမျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် အိန္ဒိယနဲ့မြန်မာ အစိုးရချင်း စာချုပ်တွေ မကြာခင် ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ကြောင်း အိန္ဒိယပညာရှင်တွေက ဆိုပါတယ်။

စာချုပ်ထဲမှာ ကျားပေါက်နှုန်းမြှင့်ဖို့နည်းပညာအကူအညီ၊ ကျားတွေကို စောင့်ကြည့်လေ့လာတဲ့ စက်ပစ္စည်း၊ နည်းပညာအကူအညီတွေ၊ ကျားတွေကို သတ်ဖြတ်ပြီး အစိတ်အပိုင်းတွေကို ရောင်းဝယ်ဖောက်ကားတာကို ကာကွယ်ဖို့ ဥပဒေအရ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့တွေ ပါမယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ လောလောဆယ်မှာလည်း သူ့နိုင်ငံတွင်းမှာရှိတဲ့ ဘင်္ဂလားကျားမျိုးစိတ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဖို့အတွက် ရုရှနိုင်ငံနဲ့ ပူးပေါင်းဖို့ မကြာခင်မှာ သဘောတူ စာချုပ်တွေ ချုပ်ဆိုဦးမှာပါ။

မြန်မာနိုင်ငံမှာကတော့ ၂၀၀၁ ခုနှစ်မှာ ဟူးကောင်းချိုင့်ဝှမ်းကို ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်အခြေစိုက် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ WCS နဲ့ ပူးပေါင်းပြီး ကျားမျိုးစိတ် ကာကွယ်စောင့်ရှောက်ရေးကို စလုပ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေဖြစ်အောင်ဆိုပြီး ဟူးကောင်းချိုင့်ဝှမ်းရဲ့ ၈၄၅၂ စတုရန်းမိုင် ဧရိယာကို ကျားဘေးမဲ့နယ်မြေ၊ ထိန်းသိမ်းနယ်မြေအဖြစ် တိုးချဲ့သတ်မှတ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာကျင်းပတဲ့ ကမ္ဘာ့ကျားတိရစ္ဆာန် ထိန်းသိမ်းရေး စည်းဝေးမှာတော့ နောက်ထပ် နယ်မြေဧရိယာ ၄၂၄၈ စတုရန်းမိုင်ကို ထပ်တိုးခဲ့ပြီး ဒီဒေသတွင်းမှာ ကျားကောင်ရေ မူလထက် နှစ်ဆတိုးအောင် စောင့်ရှောက်မှုတွေ လုပ်မယ်လို့ မြန်မာအဖွဲ့ကဆိုခဲ့ပါတယ်။

2 comments :

  1. Anonymous said... :

    ကျားတွေမရှိတာပိုမကောင်းဘူးလား။ they are dangerous.နားမလည်ဘူး။

  1. Anonymous said... :

    To Anonymous, they are not dangerous unless human beings invade their places.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved