အရူးစကား

Wednesday, June 27, 2012

~


သရော်စာ

စိုးမင်း ရေးသားသည်)


“ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်” လို့ ဆိုကြသဗျ။ လူဆိုတာ သူများက ကိုယ့်အပေါ် ချစ်အောင် ခင်အောင် ပြောတော့လည်း ဟောဒီပါးစပ်ကြီးပဲ။ မုန်းအောင် နာအောင် ပြောပြန်တော့လည်း အဲဒီပါးစပ်ကြီးပါပဲခင်ဗျာ။ ပြောမိတဲ့စကားတစ်ခွန်းတည်းမှာကိုပဲ အချိန်အခါ နေရာဒေသ ပုဂ္ဂိုလ် သတ္တ၀ါအလိုက် ချစ်တဲ့သူကချစ်၊ မုန်းတဲ့သူကမုန်း၊ ဘယ့်နှယ်မှ မနေတဲ့သူလည်း ရှိပေလိမ့်ဦးမယ်။ ဆိတ်ဆိတ်နေ ထောင်တန် ဆိုတော့ ဘာမှ မပြောပဲ ပါးစပ်ကြီးပိတ်လို့ ရေငုံနေနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ မနေနိုင်လို့ ပြောမိပြီဆိုရင်တော့ မနောကံကနေ ၀ဇီကံကိုမြောက်သွားရော။ ကိုယ့်ရဲ့ ၀ဇီကံဟာ တဘက်သား သောတနားကနေ ယောနိသောမနသီကာယ မဖြစ်တဲ့အခါ ကာယကံမြောက်လာစေဖို့က သိပ်မခက်တော့ဘူး။ စိတ်လိုက်ရင် မာန်ပါလာတယ် လို့ ဆိုကြတာကိုး။ စကားစကား ပြောပါများလို့ စကားထဲက ဇာတိပြလာတဲ့အခါကျတော့လည်း ကိုယ့်အောက်ဖဲကြီး လူသိကုန်လို့ “မှိုချဉ်လိုဟိတ်ကြီး နဲ့ ဇီးဖြူသီးသနပ်ပါလားကွယ်ရို့။” ဆိုပြီး ကိုယ်အဖိုးမတန်တာ အထုပ်ဖြေပြသလို ရှိပါလိမ့်မယ်။ ဘယ်သူ့များ စောင်းပြောနေပါလိမ့်လို့ သံသယတွေ မ၀င်နဲ့နော်။ ကိုယ့်ကိုယ်ကိုယ် ဆုံးမနေတာပါဗျ။

တောပြောတောင်ပြော စကားရောဖောရောနဲ့ မြို့မေတ္တာခံယူနေလိုက်တာ။ သိဟောင်းကျွမ်းဟောင်းများကတောင် မနေနိုင်လို့ “အသက်လည်း ကြီးပါပြီ။ အနှောင့်အသွားမလွတ်တဲ့ အပြောတွေ လျှော့ပါဦး။” လို့ သတိပေးရ။ အင်တာနက်နဲ့ မပတ်သက်တဲ့ မွေးသမိခင်ကလည်း လူပြောသူပြောများတော့ စိတ်တွေပူပြီး “အဲဒါတွေ မရေးပါနဲ့တော့။” လို့ လှမ်းပြီး တားရဆီးရ။ ဈေးလယ်ခေါင်ကအရူး ပါးစပ်ဆိုင်းကလေးနဲ့ကနေသလို ကလေးတွေပြုံ၊ ခွေးတွေအုံဆို ကိုယ့်ကိုယ်ကိုယ်တော့ ရွှေမန်းတင်မောင်လောက် စိတ်ကြီးဝင်နေမိတာပ။ သေသေချာချာ စဉ်းစားကြည့်တော့ ခုလောက်ရှိ ဘယ်လောက်တောင် လူမုန်းများနေပြီလဲဆိုတာ မခန့်မှန်းတတ်တော့ဘူး။ ပဝေသဏီကတည်းက ပြည့်နေတဲ့ မိတ် ၅၀၀၀ ဟာ တော်ကြာရင်း လျော့သွားလို့ ထပ်ဆောင်းလိုက်ရရင်းဆိုတော့ ငယ်စာရင်း ဖျက်သွားတဲ့သူတွေလည်း နည်းတော့ မနည်းလောက်ဘူး လို့ ရိပ်မိပါတယ်။ အဲဒီဖေ့စ်ဘုတ်ကြီးကလည်း တိုရေရှားရေ ရှိလိုက်ပုံများနှယ်။ သူငယ်ချင်းတောင် ကန့်သတ်ထားရတယ်လို့။ တကယ်ဆို မိတ် ၅၀၀၀ ခွင့်ပြုရင် ရန် ၅၀၀၀ လည်း ခွင့်ပြုသင့်တာပေါ့။ လူဆိုတာ ဘယ်သောအခါမှ မိတ်ဆွေချည့်ပဲ မရှိနိုင်ဘူးဆိုတာ မသိဘူးလား။ ကိုယ့်အတွက်ကတော့ မိတ် ၅၀၀၀၊ ရန် ၅၀၀၀ ထက် မလောက်မငှဖြစ်စရာ ပရိသတ်လူထုကြီး ရှိသေးသဗျ။ သောက်ညင်ကပ်သူများဆိုပြီး စာရင်းပြုစု ဆန္ဒမဲကောက်ခံရင် အိုဘားမားကြီးကိုတောင် အနိုင်ရဦးမလား မသိ။ သူများအမြင်ကပ်ချင်စဖွယ် ပြောတတ်ဆိုတတ်တာဟာ ငယ်ငယ်ကတည်းက ၀ါသနာဘာဂီ ဆက်တိုင်းမီလာတာလေ။ သည်ကနေ့ဖဲနိုင်ထားရင် နောက်တနေ့ အ၀တ်သစ်အစားသစ်တွေနဲ့ ရှုံးတဲ့သူငယ်ချင်းတွေရှေ့ မမြင်မြင်အောင်ပြပြီး “အဲဒါ ဖဲနိုင်တဲ့ ပိုက်ဆံနဲ့ ၀ယ်ထားတာ။” လို့ ခေါင်းကလေးတမော့မော့ ပြောတတ်တယ်။ “ဒီပလက်တီနမ်ဆွဲကြိုးက ဒယ်ဒီပေးထားတာ။” လို့ ကြွားစရာ မရှိပေမယ့် ဘာလေးလုပ်လုပ် လူပြောစရာဖြစ်အောင်လုပ်ပြီး ကိုယ်ကပဲဦးအောင် “အတင်းပြောတဲ့ သူတွေကလည်း မနည်းဘူး။ ကဲ..။” လို့ ပြုံးဖြဲဖြဲနဲ့ မကျေနပ်ချင်ယောင်ဆောင်တတ်သေးတယ်။ နည်းနည်းပါးပါးများ မြှောက်ပင့်မပေးလိုက်နဲ့။ “ဟုတ်တယ်။ ဟုတ်တယ်။ ကိုယ့်ဘာကိုယ်လည်းသိတယ်။ သူများတွေလည်း ပြောတယ်လေ။” လို့ မေတ္တာပျက်အောင်လည်း ပြောတတ်ပ။

ခုတော့ ဟိုလူပြော သည်လူပြောနဲ့မို့ စိတ်တွေလျှော့ပြီး ပြောမှားဆိုမှားရှိသမျှ လွန်တာရှိရင် ၀န္တာမိပါ လို့ တောင်းပန်ရန်အလို့ငှာ နှုတ်ကျွံသမှု အစုစုတို့ကို အနုလုံ ပဋိလုံ ခြုံငုံကြည့်တယ်ဗျ။ ငါပြောသမျှ အမှန်တွေချည့်ပဲ လို့လည်း ငါတကောကော မကောလိုပါဘူး။ ဟုတ်တော့ဟုတ်တယ်လေ။ ဒါပေမယ့် မပြောသင့်ဘူးပေါ့ ဆိုတာလည်း လက်ခံပါတယ်။ ဒါပေသိ တစ်စုံတစ်ယောက်သောသူ၊ တစ်သင်းတစ်ဖွဲ့သော အစုအဝေးတို့ကို တိုက်ခိုက်ချိုးဖဲ့ ထိခိုက်ပုတ်ခတ်ပြီးပြောဖို့ရာတော့ ဘယ်တုန်းကမှ မရည်ရွယ်ပါဘူးခင်ဗျ။ အမှတ်မထင် အနှောင့်အသွားမလွတ်တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကလေးစကား အရူးစကား၊ မှန်ချင်လည်းမှန်၊ မှားချင်လည်းမှားပါလိမ့်မယ်။ ဘွေယူလို့ ရမှာတော့ ဟုတ်လောက်ဘူးရယ်နော့။ ရူးသလို ပေါသလိုနဲ့ လျှောချလေတယ်တော့ မထင်ပါနဲ့။ ဘာဖြစ်လို့ဆိုတော့ သည်လိုလူ သည်လိုစကားမျိုးဆိုတာ ဘယ်ခေတ်မှာမဆို ရှိခဲ့တယ်။ ရှိဖို့လည်း လိုတယ် လို့ ပြောပြချင်ပါတယ်။

ရှိတ်စပီးယားရဲ့ ပြဇာတ်တွေထဲမှာဖြစ်ဖြစ်၊ လီယိုတော်စတွိုင်းရဲ့ ၀တ္ထုတွေမှာပဲဖြစ်ဖြစ် မင်းပါးခစား မူးမတ်များအလယ်မှာ အရူးတော်ကြီးလို့ခေါ်တဲ့ အဆီအငေါ်မတည့်မှုတွေကို ရယ်ကာမောကာ သောကာထေ့ကာနဲ့ ရွှေနားတော်သွင်းပေးရတဲ့သူတွေ ရှိတယ်လို့ ဖတ်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Clown လို့ခေါ်မလားမသိဘူး။ ပေါကြောင်ကြောင် ကျပ်မပြည့်တပြည့်မို့ ထင်ရာပြောပါပေတယ် လို့ ပြောသမျှဆိုသမျှတို့ကို ခွင့်လွှတ်ရယ်မောပြီး အပြစ်တော်ယူလေ့မရှိပါဘူး။ သို့သော်လည်း အရူးတော်ကြီးများဟာ ငါ့ဖမ်းလို့ မရဘူးကွဆိုပြီး အလကားနေ သူများလိုက်ရှို့နေ၊ ညှော်နေတဲ့သူတွေတော့ မဟုတ်ပါဘူး။ သူတို့ကမှ အပြောအဆို ပိုပြီးသတိထား ဂရုတစိုက်ရှိကြပါတယ်။ ပြောချင်တဲ့စကားမျိုးကိုလည်း ဘယ်သောအခါမှ လူသာမာန်တွေလို တိုက်ရိုက် ဒဲ့မပြောဘူး။ ကိုယ့်ဘာသာကိုယ်သာ တွေးယူစေပါသတဲ့။ “အင်္ဂါနံနဲ့စတဲ့ နံမယ်လေးလုံးအဆိုတော်ကလေးဟာ ဗုဒ္ဓဟူးနံနဲ့စတဲ့ မင်းသမီးကလေးရဲ့ စနေနံနှစ်ဘက် (နားထင်) ကို မွှေးမွှေးပေးပါသတဲ့” ဆိုတာမျိုး စောင်းပြောမြောင်းပြော အတင်းအဖျင်းတော့ ဘယ်ဟုတ်မလဲ။ ကိုယ့်ဆဲသွားလို့တောင် ဆဲမှန်းမသိပဲ ပြုံးတုံးတုံးဖြစ်ကျန်စေတဲ့ အပြောမျိုးကို နောက်တော့မှ “အောင်မယ် ဒင်းကများ ငါ့ကို..။” ဆိုတာမျိုးဖြစ်အောင် ပြောတတ်ပါတယ်။ အများအားဖြင့်တော့ သဘင်သည်တွေ ဖြစ်တတ်ပြီး ပြင်သစ်မှာဆိုရင်တော့ Molière လို ပြဇာတ်ဆရာမျိုးပါ။

မြန်မာရာဇ၀င်ထဲမှာလည်း အဲလိုအားကျလောက်စရာ ပုဂ္ဂိုလ်တွေ မရှိခဲ့ဘူးလားဆိုရင် အမတ်ကြီး ဦးပေါ်ဦးကို နမူနာပြပါမယ်။ “ဟဲ့ ပေါ်ဦး။ သူ့ချည့်သာလော။” လို့ မေးရင်လည်း “ဆားနှင့်ပါဘုရား။” လို့ သတိမချွတ် မှတ်မှတ်သားသားရှိတယ်။ ရှင်ဘုရင် စိတ်ဆိုးသွားရင်လည်း နောက်တနေ့မနက် အိမ်တော်တံခါးဝကနေ ကိုယ်တော်တောထွက်ရင် အဆင်သင့်လိုက်မလို့ ဆိုပြီး ရယ်အောင်မောအောင် ပြန်ချော့တတ်တယ်။ ရှင်ဘုရင်လုပ်သူက ဆွေတော်မျိုးတော်တွေဆီက လယ်ယာမြေတွေ မတရားသိမ်းယူမိတဲ့အခါ သူကိုယ်တိုင် ခုံဖွဲ့လို့ “အမရပူရ နန်းညိုမြ၀ယ် များလှခြွေရွေ စံပါယ်နေသူ လူမွှေကြီးထိပ်တင်ဝိုင်း သိစေရန်” လို့ခေါင်းစဉ်တပ်ပြီး တရားရုံးဆင့်ဆိုစာပို့ပေးလေတယ်။ ဘိုးတော်မင်းတရားကြီး ကိုယ်တိုင်က “ပေါ်ဦးစကားများ ဘွေယူလို့ဟယ်..။” ဆို ဘေးမဲ့ပေးတော်မူထားရပါတယ်။ ဒါပေမယ့် ဦးပေါ်ဦး တွန်းလိုက် ချွန်လိုက်လို့ ဘယ်အမတ်တော့ဖြင့် ဒုက္ခရောက်သွားရလေတယ် လို့ တစ်ယောက်တောင် မကြားဖူးခဲ့ပါဘူး။ (သူများတွေကသာ သူ့ကို ချွန်ကြတွန်းကြတာ)။ အောင်မယ် သူ့ကိုယ်သူများ အမတ်ကြီး ဦးပေါ်ဦးနဲ့နှိုင်းလို့ မတန်မရာ လို့ဆိုရင် မဟုတ်ရပေါင်ဗျာ။ ကျုပ်က အရူးနေရာကပဲ နေပါ့မယ်။ ခင်ဗျားတို့သာ ရှင်ဘုရင် လုပ်တော်မူကြပါ။ ပြောသမျှဆိုသမျှ သည်းခံခွင့်လွှတ်ပေးတယ်ဆိုရင် ပြီးတာပဲ။ အရူးစကား အနှမ်းစကားဆိုတာ ဟုတ်တာတွေလည်း ပါချင်ပါပေလိမ့်မယ်။ မဟုတ်တာတွေလည်း ရှိတဲ့အခါရှိမယ်။ မဟုတ်သော်ရှိ ဟုတ်သော်ရှိ၊ သိဖို့ကြားဖို့တော့ ကောင်းပါတယ်။ ပေါ်ကုန်တယ်ထင်ရင်လည်း လုံအောင်ပြင်ထိုင်လိုက်ဖို့သာ ရှိတာပဲ။ အရူးနဲ့ဘက် ရန်ဖြစ်၊ အရူးစကား ဘွေယူနေရင်တော့ လူကြီးသိက္ခာကျရုံပဲ ရှိတော့မပေါ့။

ဒီကလည်း အရူး အရူးနဲ့ အိမ်ဦးချီးပါ မပြုတတ်ပါဘူး။ ကိုယ့်နေရာကိုယ် သိပါတယ်။ အလုပ်ထဲမှာလည်း အခုလို ကျပ်မပြည့်တဲ့စကားတွေပြောဆိုပြီး ပေါက်ပန်းဈေး ထင်ရာစိုင်းနေလို့ ဘယ်ဖြစ်ပါ့မလဲ။ အတည်အတံ့ ပြောရတဲ့နေရာကျတော့လည်း ရုပ်တည်ကြီးနဲ့ မုန့်တီစားရတာပေါ့။ ကိုယ့်အရာ မဟုတ်တဲ့ နေရာများကျတော့လည်း ဘာသိဘာသာနေရတာပေါ့။ ဘူတန်က ပြန်လာကာစတုန်းက အဲဒီမှာ အလုပ်လုပ်တဲ့ မြန်မာဆရာဝန်တွေအကြောင်းကို ဆွေးနွေးချင်လို့ ဘီဘီစီက ဖုန်းနဲ့ အင်တာဗျူးခွင့် တောင်းဖူးတယ်ခင်ဗျ။ ဒါမျိုးကျ ဒီက အရူးပါးက ရှောင်ရတာပေါ့ဗျာ။ ကျွန်တော့်ကို အဲဒီနေရာကနေ မီဒီယာတွေ အလယ်မှာ ပြောရေးဆိုခွင့် ဘယ်သူက ပေးထားလို့တုန်း။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးချင်တာတွေ ရေးတာက ပုဂ္ဂလိက အတွေးအမြင်လေ။ ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘူး။ ကိုယ့်အပြင် ကိုယ့်မိသားစုရဲ့သဘောထားကို တင်ပြချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ မိန်းမခွင့်ပြုချက် လိုလာပြီဗျ။ မိသားစုဝင်တစ်ဦးချင်းစီမှာ သူ့ကိုယ်ပိုင်သဘောထားနဲ့သူ ရှိရမှာပေါ့။ “ဟင့်အင်း ဟင့်အင်း။ ဒါမျိုးတော့ လုပ်ရဲဘူး။ ကြောက်တယ်။ အိမ်ရောက်ရင် မိန်းမအရိုက်ခံရမှာ။” ဆိုတာမျိုး တခြားလူရဲ့စိတ်ကို ကိုယ်က အသိဆုံးဖြစ်ပေမယ့် သူ့ကိုယ်စားကိုယ်က ပြောချင်တယ်ဆိုရင် သူ့သဘောတူခွင့်ပြုချက်အရသာ ဖြစ်သင့်တယ်။ (မိန်းမကြောက်တယ်ဆိုတဲ့သူတွေထက်ကို ပိုကြောက်နေရပုံပဲ)။ ဒါကြောင့်မို့လို့ ကိုယ်က အရူးအနှမ်းပီပီ အရူးစကားကိုပဲ ပြောပါတယ်။ အရူးပါးစပ်က နတ်စကားထွက်ရအောင် ကိုယ်တော်လေး ကောက်ထားတဲ့သူမှ မဟုတ်တာ။

အရူးက အရူးနေရာမှာ နေပေမယ့် အကောင်းတွေက အကောင်းနေရာမှာ မနေပဲ အရူးနေရာ လာလာလုကြတဲ့အခါမှာ အရူးလည်း စိတ်ညစ်မိပါတယ်။ အရူးစကားထဲမှာ ပုဂ္ဂိုလ်ရေး ပါခဲပါတယ်။ အဆီအငေါ်မတည့်တဲ့ ဖြစ်ကြောင်းကုန်စင်က အဓိကပါ။ အကောင်းကြီးတွေကတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုမှုနဲ့ သတင်းစာတွေမှာ အရူးပါးစပ်ကတောင် မထွက်ရဲတဲ့စကားမျိုးတွေကို မြိန်ရေရှက်ရေ ပြောနေတာ အံ့သြဘနန်းကြားလိုက်မိပါတယ်။ ဒါမျိုးကျတော့ အဲဒီလူတွေကို “မုန်းလွန်းလို့ ချီးနဲ့ငုံထွေးဖို့ ကြိုးစားနေပါလား” လို့ မြင်မိပါတယ်။ သူများကို မထွေးခင် အဲသဟာကြီးတွေကို ကိုယ်က အရင် ငုံလိုက်ရတယ် လို့ ဘာလို့များ မတွေးမိကြပါလိမ့်။ ဒီစကားမျိုးကို အရူးပါးစပ်ကပြောရင်တော့ “သည်အကောင် ရူးနေလို့ပဲ” လို့ လူတိုင်း နားလည်မှာဖြစ်ပေမယ့် နိုင်ငံတော်ကို၊ ၀န်ကြီးဌာနကို ကိုယ်စားပြုတဲ့ အကြီးအကဲကြီးများက ဂျာနယ်သတင်းထောက်တွေကို ကွမ်းစကား၊ လက်ဘက်စကား မဟုတ်ပဲ တရားဝင်ဖြေကြားပြောဆိုနေတာ အံ့သြလို့ မဆုံးပါဘူး။ ဥပမာအားဖြင့် ပြောရရင်တော့ တခါတုန်းက ပြည်ပသံတမန်ကြီးတစ်ဦးဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ညကြီးမင်းကြီး ခြံထဲရေကူးဝင်တာဟာ သူချိန်းထားတဲ့ ရည်းစားမို့လို့ ဖြစ်မှာပေါ့။” လို့ လက်လွတ်စပယ် ဖြေသွားဖူးပါတယ်။ (ခပ်ဝေးဝေးက ဥပမာပဲ ပြန်ကောက်တာပေါ့နော်။ သားသားကြောက်ကြောက်)။ သံတမန်ဆိုတာ တိုင်းပြည်ကို ကိုယ်စားပြုပါတယ်။ တိုင်းပြည်က သူ့ကို ကိုယ်စားမပြုပါဘူး။ အဖြစ်အပျက်တစ်ခု အခြင်းအရာတစ်ခုကို တိုင်းပြည်ရဲ့ သဘောထားရပ်တည်ချက် မပါပဲ သူ့ရဲ့ပုဂ္ဂလိက အမြင်ကို တင်ပြခွင့် မရှိပါဘူး။ ဒီ့ထက်ဆိုးတဲ့အဖြစ်ကတော့ သူနစ်နာစေလိုလို့ ပြောလိုက်တဲ့စကားဟာ ဘယ်သူ့သိက္ခာကို ထိခိုက်နစ်နာစေတယ် ဆိုတာကို နည်းနည်းလေးမှ တွေးမိပုံမပေါ်ပါဘူး။ နင်တို့နိုင်ငံမှာ ဒီလိုလူမျိုးတွေ ဒီနေရာမျိုးထားသကိုးလို့ အထင်ခံရရင် သူ့အစား အရူးတောင် ရှက်လွန်းလို့ လဲသေချင်ပါတယ်။ ကိုယ်နှစ်ပြားမတန် မဲ့ကာရွဲ့ကာပြောနေသူက နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဆွေးနွေးနှီးနှောနေသူတွေနဲ့ သူ့လိုမျိုး ဓါတ်ပုံတွဲရိုက်ချင်ပါတယ်ဆိုရင်တောင် မဒမ်တူးဆော့မှာပဲ ရမယ် မဟုတ်ဘူးလား။ ဘာမှ မပြောပဲနေတာကမှ “သူ မပြောချင်လို့နေမှာပေါ့” လို့ ထင်ရုံအပြင် သိက္ခာမကျဘူးလေ။

တချို့တလေကျတော့ အရူးက ဥာဏ်မမီတာလား။ သူတို့က ဥာဏ်မမီတာလားတောင် မသိတော့ဘူး။ ဘာပြောနေမှန်းမသိပဲ သူတို့ထင်တာ ပြောချင်တာတွေကို အထအနကောက်ပြီး စွတ်ရွတ်ပြောသွားကြပါတယ်။ ပြန်ရှင်းပြလည်း မရ။ “အို ဘာမှ လာပြောမနေနဲ့။ ဒါဟာ ဒါပဲ။ ဒီလိုပဲ။ ဒီအတိုင်းပဲ။” လို့ ဆွဲချရော၊ သက်သေရော၊ တရားသူကြီးရော၊ ဂျူရီပါ သူတစ်ယောက်တည်းလုပ်ပြီး ကိုယ့်ကိုတော့ စီရင်ချက်ပါချပြီးသား တရားခံနေရာမှာထားပါတယ်။ (ကွက်စိပ်များ ဟောသလားမှတ်ရတယ်)။ ငယ်ငယ်တုန်းက သမိုင်းဆရာမတစ်ယောက်ဟာ အတန်းထဲမှာ သူက သမိန်ပေါသွပ်ကာတွန်းတွေကို အားကြီးမုန်းတာပဲ လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိန်ဆိုတာ မွန်သူရဲကောင်းတွေကို ပေးတဲ့နံမယ်။ အဲဒါကို ပေါသွပ် လို့တပ်ပြီး ကာတွန်းဆွဲတော့ မွန်ရာဇ၀င်ထဲက သူရဲကောင်းတွေကို သေးသိမ်စေတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေတယ် တဲ့။ မြတ်စွာဘုရား ပုဒ်မကြီးတွေက ကြီးချက်နှယ်။ “တီချယ် ဘယ်နှစ်အုပ် ဖတ်ဖူးသတုန်း” လို့မေးတော့ “အမြင်ကပ်လို့ ဖတ်ကို မဖတ်တာ” လို့ဆိုတယ်။ အောင်မယ်လေး ရယ်ချင်လိုက်တာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျောပဲ။ ကိုယ်တွေဖြင့် “ဘူးတွားဟားဟား” တို့၊ “ရယ်ရတယ်တော့ ဗြဲ” တို့၊ “သေပြီဆရာ တိန်” တို့၊ “မွေးမေလေ့” တို့ကို စွဲလန်းလွန်းလို့။ သမိန်ပေါသွပ်တင်မကပါဘူး။ ရှင်ဂွမ်းဂွိ၊ ဒယ်ဒီဦးအာလူး၊ အာတာလွတ်မြို့စားကြီး ကိုကိုထင်ရာစိုင်း၊ ဆေးဆရာဦးတုတ်ကြီး၊ အလကားကျော်စွာ၊ ကိုပေတရာ၊ ညောင်ရမ်းဂွတိုပါမကျန်၊ ဆွေမျိုးရင်းချာတွေလိုကို မှတ်မိနေတာ။ သူကတော့ သမိန်ပေါသွပ် လေးလုံးဖတ်ပြီး မုန်းတယ် မုန်းတယ် မုန်းတယ် အမြှောက်တစ်သိန်းနဲ့ ရပ်သွားတော့ ဦးဝဏ္ဏပေးတဲ့အရသာတွေကို ဘယ်မှာ ခံစားတတ်ပါ့မလဲ။

အရပ်ထဲမှာ ပြောလေ့ရှိကြတာကတော့ အရူးဆယ်ခွန်းပြော တစ်ခွန်းမှန်တတ်သတဲ့။ ဒီကအရူးစကားတွေကတော့ မှားတယ် မှန်တယ်ကိုယ့်ဘာသာကိုယ်ပဲ သုံးသပ်ရပါလိမ့်မယ်။ ကိုယ်ပြောတိုင်း အမှန်ချည့်လို့လည်း မဆိုလိုဘူး။ ဘယ်သူပြောသမျှကိုမှ သစ္စာစကားပါလို့ မယုံစေချင်ဘူး။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားရမယ့် အရာသာ ဖြစ်ပါတယ်။ တခါထခါမှာ (တကယ်တော့ မကြာခန ဖြစ်ပါလိမ့်မယ်) အရူးစကားကြောင့် အောင့်သီးအောင့်သက် အခံရခက်စေတယ်ဆိုလို့ရှိရင် သွေးပုချိ၊ သွေးပုချိပါ။ “ငါ့ကိုကလည်း အရူးပြောမယ်ဆို ပြောစရာဖြစ်ပေသကိုးကွယ်။” လို့ ပေါ့ပေါ့ပါးပါး ရယ်မောပြုပြင်နိုင်မယ်ဆိုရင်တော့ ဒီကမ္ဘာလောကကြီးမှာ အရူးလောက် စာရေးရကြိုးနပ်တာ ရှိမယ် မထင်ပါဘူး။ ကဲ .. သားသား ကမယ်ဗျ။ သားသား ကတော့မယ်။“ဒီတခါတော့လေ ဒီကောင်ကလေးကို အရွဲ့တိုက်တယ် လို့ ထင်ပါမည်။ ဒီလိုတော့လည်း ဒီကောင်လေးကို အရွဲ့တိုက်တယ်လို့ ဆိုပါမည်။ စာစီသမား ရယ်၊ လာ ဒီအနား ကွယ်။ ပါရမီကားနဲ့ တံတားလေးကိုပြန်မယ်…။”(ရွာသာကြီးတော့ မပြန်ချင်ပေါင်။ ဝေးကလည်း ဝေးလွန်း၊ လိုင်းကားလည်း မရှိ၊ မီးကမလာ၊ ခြင်ကကိုက်၊ ရေကလည်း ကြီးသေးတာ။ အရူးစိတ်ညစ်အောင် မလုပ်နဲ့။ ငိုလိုက်မှာနော် .. ဗြဲ..)။

ညွှန်း - စိုးမင်း Facebook - www.facebook.com/SoeMin

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved