"၀ဋ်ရှိလို့ ရဲတပ်ဖွဲ့ထဲရောက်လာတယ်"

Monday, June 25, 2012

~



ကသာခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ မတရား ရက်လွန် ဖမ်းဆီး ချုပ်နှောင်ခံနေရ၍ မိသားစုဝင်များ ဒုက္ခရောက်နေ

ဧရာဝတီခရီးသည်)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နန်းယွန်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်များမှာ ရာသီဥတုဆိုးဝါးခြင်း၊ စားသောက်ဖွယ်ရာများ ရှားပါးခြင်း၊ ခရီးသွားလာရေးခက်ခဲခြင်း လက်နက်ကိုင် ဆန့်ကျင်သူများနှင့်နီးကပ်ခြင်းတို့ကြောင့် ထိုဒေသသို့ပြောင်းရွေ့ရသောဝန်ထမ်းများအနေဖြင့် အလွန်အခက်အခဲတွေ့ကြုံရလေ့ ရှိသောဒေသများဖြစ်ပါသည်။

ထိုမြို့နယ်များသို့ပြောင်းရွေ့လိုသည်တပ်ဖွဲ့ဝင်မရှိသည့်အတွက် ယခင်က ရဲစည်းကမ်း ဖောက်ဖျက်သူများကို ရွေးပို့လေ့ရှိခဲ့ပါသည်။

ယခုနှစ်များအတွင်းတွင်မူ အပြစ်ရှိသူများထက် အလှည့်ကျ တစ်နှစ် တာဝန်ထမ်းဆောင်ရန် စေလွှတ်မှုများရှိလာသည်။ ၎င်းတို့ နှစ်စေ့၍ ပြန်လာချိန်တွင် ရက်ရှည် ဖမ်းဆီးချုပ်နှောင်ခံရမှုများ ရှိနေကြောင်း သတင်းရရှိပါသည်။

တပ်ဖွဲ့ဝင်မိသားစုများက “ဧရာဝတီခရီးသည်”အား ယခုလို ကိုယ်တိုင်ပြောကြားခဲ့ကြပါသည်။

“ကျွန်မအမျိုးသားက ၂၀၁၁ခုနှစ်မှာ နန်းယွန်းမြို့နယ် ပန်ဆောင်ဒေသမှာ တာဝန်ထမ်းဆောင်ဖို့စေလွှတ်ခြင်းခံရပါတယ်။ အချို့တပ်ဖွဲ့ဝင်တွေ နန်းယွန်းတို့ လေရှီးလေဟယ်တို့ကို ပြောင်းခိုင်းရင် ပြေးကြပြုကြလုပ်ပေမယ့် ကျွန်မယောက်ျားကတော့ လိုအပ်လို့ တာဝန်ချထားတာပဲဆိုပြီး ကြည်ကြည်ဖြူဖြူ သွားခဲ့တာပါပဲ။

လစာရတာကက(၆)သောင်းတောင် မပြည့် တော့ သူ့အတွက် လစာတစ်ဝက် ကျွန်မတို့ ကျန်ခဲ့တဲ့မိသားစုအတွက် တစ်ဝက်ခွဲပြီးသုံးရပါတယ်။

သူသွားတုန်းက လစာ(၂)ဆ မပေးသေးဘူးလေ။ ဒီမှာကျွန်မတို့ကျန်ခဲ့တဲ့ မိသားစုက(၃)ယောက်ဆိုတော့ လစာတစ်ဝက် ၃သောင်းနဲ့ဘယ်လိုလောက်ငှပါ့မလဲ။ ကျွန်မလည်း သူများအိမ်တွေ အ၀တ်လျှော်ရေခပ် လုပ်ပြီး ရှာကြံစားရတာပေါ့။

ဟိုကို(ပန်ဆောင်)ရောက်သွားတဲ့ ကျွန်မယောက်ျားလည်း ဘယ်အဆင်ပြေပါ့မလဲ။ သူတို့ရဲတပ်ဖွဲ့ကပေးတဲ့ရိက္ခာ ဆိုတာကလည်း ဆန်ပဲပေးတာဆိုတော့ သူလည်း အစားအသောက် အနေအထိုင်ခက်ခဲတာပေါ့။

ဟိုမှာရာသီဥတုကဆိုးတော့ ဖျားတာနဲ့ နာတာနဲ့ ဆေးဖိုးနဲ့ ကုန်တာပါပဲ။ ဒါပေမယ့် ကျွန်မတို့သည်းခံပြီးနေထိုင်ပါတယ်။

သူတို့တပ်ဖွဲ့တွေအနေနဲ့ နန်းယွန်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်များမှာ တစ်နှစ်ပဲ တာဝန်ချပြီး ပြန်ပြောင်းပေးတာ ဆိုတော့ တစ်နှစ်လောက် အောင့်အီးပြီးနေမယ်။ သူပြန်ပြောင်းလာလို့ မိသားစု တစ်စုတစ်ဝေးထဲ နေထိုင် စားသောက်ရရင် စားရေးသောက်ရေး ပြန်ပြေလည်မယ်ပေါ့။

သူကလည်း ဒီရောက်ရင် အင်း ... မရှက်ပါတော့ဘူး၊ ပြောင်ပဲပြောပါမယ်။ ခင်ရာမင်ရာလေးတွေကို တောင်းရမ်းတတ်တော့ အသားမြင် ငါးမြင်လေးတော့ စားရသေးတာပေါ့။

ဒီလိုနဲ့ သူတို့ပြန်လာမယ့် ရက်ကို မျှော်နေတာ တစ်နှစ်ပြည့်သွားပေမယ့် ပြန်ရောက်မလာပါဘူး။ တစ်နှစ်နဲ့၂လကျော်မှ ပြန်ရောက်လာတယ်။

ပြန်ရောက်တဲ့နေ့မှာပဲ မှတ်မှတ်ရရ ၉.၅.၂၀၁၂ရက်နေ့ မှာပေါ့။ စစ်ကိုင်းတိုင်းဒေသကြီး ရဲတိုင်းတပ်ဖွဲ့မှူးရဲ့အမိန့်အရ ဆိုပြီး ကျွန်မယောက်ျားကို အချုပ်တစ်လချလိုက်ပါတယ်။ အချုပ်(၁)လဆိုတာ ရဲတိုင်းတပ်ဖွဲ့မှူးရဲ့ချနိုင်တဲ့ ချုပ်ရက် အပြည့်ပါပဲ။

ဒါနဲ့ကျွန်မလည်း စိုးရိမ်သွားတာပေါ့။ ကျွန်မယောက်ျားက ပြောင်းရွေ့ခွင့် မကျသေးဘဲနဲ့များ ပြန်လာတာလားဆိုပြီး သူကိုချုပ်ထားတဲ့ အချုပ်ခန်းမှာ သွားမေးကြည့်တော့ သူကအခုလိုပြန်ပြောပါပြပါတယ်။

သူတို့အဖွဲ့ကို ပြောင်းရွေ့လကျော်ပြီးမှ ပြောင်းမိန့်ကျလာတယ်ပေါ့။ ကိုယ့်မြို့ကိုယ်ပြန်ရမယ်ဆိုပြီး ပန်ဆောင်ဒေသကနေထွက်လာတော့ တနိုင်းကိုရောက်တယ် တဲ့။ တနိုင်းရောက်တော့ စစ်ကြောင်းနဲ့ပဲ အတူပြန်ရမယ် ဆိုပြီး ရှေ့တန်းစစ်တပ်စခန်းမှာ နေခိုင်းတယ် တဲ့။ စစ်ကြောင်းမှူးပြန်ရောက်လာမှ အတူပြန်ရမယ်ဆိုတော့ သူတို့တပ်ဖွဲ့ဝင်တွေ စောင့်ပါတယ် တဲ့။

သူနဲ့အတူရဲတပ်ဖွဲ့ဝင်(၆၀)ကျော်ပါပါတယ်။ တပ်ထဲမှာသူတို့ကို ခေါ်ထားပေမယ့် ထမင်းမကျွေးတော့ အစားအသောက်ကိုသူတို့အပြင်မှာ ၀ယ်စားရတယ်။ လဘက်ရည်တစ်ခွက် ၃၀၀ ပေးရပြီး ထမင်းတစ်ပွဲကို ၂၀၀၀ ပေးရတယ်။ ပြန်လာကတည်းက ပိုက်ဆံမရှိရတော့တဲ့အထဲ ထမင်းဝယ်စားရတာ ၃ရက်ကြာတော့ ငါတို့တော့မဖြစ်ဘူး။ ပြန်မှဖြစ်တော့မယ်ဆိုပြီး ပြန်ချလာကြတာ။

အဲဒီလိုပြန်လို့ဆိုပြီးအချုပ်ချလိုက်တာ စုစုပေါင်း အရာရှိရောဆိုရင် ၁၄ ယောက် ရှိပါတယ်။ ကသာခရိုင်မှာ ၁၂ယောက်။ ရွှေဘိုခရိုင်မှာ (၂)ယောက်ဖြစ်ပါတယ် တဲ့။

ကျွန်မပြောချင်တာ အပြစ်ရှိတယ်ထင်ရင် စုံခုံတို့ သက်ချုပ်တို့ လုပ်ရမယ်။ ပြီးမှအပြစ်ပေးရမယ်။ ဒါက တပ်ဖွဲ့ဝင်တွေကို အရေးယူရင် လုပ်ရမယ့်လုပ်နည်းပါ။ အခုဟာက စုံခုံတို့ သက်ချုပ်တို့ မလုပ်ဘဲ ဖြေရှင်းခွင့်မပေးဘဲ အရေးယူတာ ဆိုတော့ ခံပြင်းတာပေါ့ရှင်။

ထားပါတော့ အပြစ်ရှိတယ်ထင်လို့ စုံခုံ။ သက်ချုပ် မလုပ်ဘဲ အပြစ်ပေးတယ် ထားပါဦး၊ အချုပ်(၁)လဆိုရင် (၁)လပဲချုပ်ပေါ့။ အခုဟာက ၁လခွဲရှိနေပြီ။ ကျွန်မတို့တပ်ဖွဲ့ဝင် မိသားစုတွေလည်း ဒုက္ခရောက်နေကြပြီပေါ့။ မခံနိုင်တော့ဘူး။

ကျွန်မကတော့ ဗုဒ္ဒဘာသာဆိုတော့ ၀ဋ်ရှိလို့ ရဲတပ်ဖွဲ့ထဲရောက်လာတယ် လို့ပဲ အောက်မေ့ပါတယ်။ ၀ဋ်ကုန်ရင် ရဲထဲက ထွက်ရမယ့်နေ့လို့ ပဲတွေးထားလိုက်တော့တယ်။


~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved