သောက်စရာ အချိုရည်လား၊ ကြောက်စရာ အချိုရည်လား

Tuesday, July 24, 2012

.


အားဖြည့်အချိုရည် နှင့် ယမကာ ရောသောက်ပြီး သေဆုံးသွားသည့် အသက် ၁၆ နှစ် အရွယ် ကျောင်းသူ

"---အားဖြည့်အချိုရည်ကို အရက်နှင့် ရောသောက်သောအခါ နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေသည်---"

နယူးယောက်မြို့တော်ဝန် မစ်ချယ်ဘလွန်းဘတ်- Michael Bloomberg သည် အဝလွန်မှုကို တိုက်ဖျက်ရန် တက်ကြွစွာကြိုးပမ်းလျက်ရှိသည်။
ယခုလည်း အဝလွန်မှု လျော့ပါးစေရန် ခြေလှမ်းတစ်ရပ်အဖြစ် ၄၅ဝ ဂရမ် အချိုရည်ဘူးတို့ကို ပျော်ပွဲစားခန်းများ၊ ရုပ်ရှင်ရုံများနှင့် အဖျော်ရည် အရောင်းဆိုင်ကြီးများတွင် ရောင်းချနေခြင်းကို တားမြစ်ရန် စီစဉ်လျက် ရှိသည်။
အာဟာရပညာရှင်တို့က မြို့တော်ဝန်ကို ထောက်ခံကြသော်လည်း ဝေဖန်သူတို့ကမူ မြို့တော်ဝန် ခြေလှမ်းကျဲလွန်းသည်ဟု ယူဆနေကြသည်။

နယူးယောက်သူတစ်ဦးက ''ဒါဒီမိုကရေစီနိုင်ငံပဲ၊ ကိုယ်ဝယ်ချင်တဲ့ အချိုရည်ကိုတောင် စိတ်ကြိုက် ရွေးဝယ်ခွင့်မရှိဘူးလား'' ဟု ဆိုသည်။
အမျိုးသားပြည်သူ့မူဝါဒ သုတေသနဗဟိုဌာနမှ David Almais က ''ဖျော်ရည်ဆိုင်ထဲမှာ ၁၁၃၄ ဂရမ် ဘီယာတော့ ဝယ်လို့ရတယ်။ ၁၃၄ ဂရမ် အချိုရည်တော့ ဝယ်လို့မရဘူး။ ဒါမှန်သလား''ဟု မေးခွန်း ထုတ်နေသည်။

အာဟာရပညာရှင် Claire Le-Brun ကမူ ''လူတွေဘာလို့ အချိုရည် သောက်ချင်နေကြတာလဲ။ အချိုရည် တွေမှာ ဘာအာဟာရမှ မပါဘူး။ အပို ကလိုရီတွေသာ ရပြီး အဲဒါကို အပို သက်သက်စုထားရမှာပဲ၊ အချိုရည် တွေဟာ သောက်လေလေ၊ ထပ်သောက်ချင်လေပဲ'' ဟု ပြောနေသည်။

မြို့တော်ဝန်က အချိုရည်ဘူးကြီးများကို ပျော်ပွဲစားခန်းများ၊ ရုပ်ရှင်ရုံ များနှင့် အဖျော်ရည်အရောင်းဆိုင်ကြီးများတွင် ရောင်းချနေခြင်းကိုသာ တားမြစ်ခြင်းဖြစ်သည်။
ကုန်မျိုးစုံ စတိုးများ၊ စူပါမတ်ကက်များတွင် ၁.၅ လီတာ၊ ၁.၉ လီတာ အချိုရည် ဘူးကြီးများကို စိတ်ကြိုက် ဝယ်ယူ ရရှိနိုင်ပေသည်။

အသက် ၃၇ နှစ်ရှိ အီရတ်စစ် ပြန် အလက်ဇန်ဒါက ''ကျွန်တော် စိတ်လှုပ်ရှားလာရင် အချိုရည်မော့လိုက်တာပဲ။ ဒါကြောင့် အလုပ်သွားရင် အချိုရည်ဘူးကြီးတစ်ပုလင်း ဝယ်သွားပြီး စားပွဲပေါ်တင်သောက်နေတာပဲ'' ဟု ပြောသည်။
သို့သော် အချိုရည်များ သောက်၍ အဝလွန်နေကြသည်ကိုမူ သူသိနေသည်။
အမေရိကန် ကျောင်းသားကလေးများသည် အဆီ လျော့နို့ဘူးတို့ကို မဝယ်ဘဲ ဈေးချိုသော အချိုရည်ဘူးကြီးများကိုသာ ဝယ် သောက်နေကြသည်။

စတိုးဆိုင်များသည် အချိုရည် ရောင်းချရာမှ အမြတ်ပိုရနေကြသည်။ စီးကရက်အရောင်းတန်ဖိုးသည် ၃၆ ရာခိုင်နှုန်း ရှိသော်လည်းအမြတ်သည် ၁၅ ရာခိုင်နှုန်းသာရှိသည်။
အချိုရည် ရောင်းရသော တန်ဖိုး ၂ ရာခိုင်နှုန်းသာ ရှိသော်လည်း အမြတ်က ၄၈ ရာခိုင်နှုန်းရနေသည်။

နယူးယောက်သည် အမေရိကန် ပြည်ထောင်စု၏ ကျန်းမာရေးလုပ်ငန်းတွင် ဦးဆောင်နိုင်ရန် ကြိုးပမ်းနေသည်။
ဘားနှင့် စားသောက်ဆိုင်များတွင် စီးကရက်သောက်မှုတားမြစ်ခြင်းကိုလည်း နယူးယောက်ကပင် စတင်ခဲ့သည်။
ယခု အချိုရည် ဘူးကြီး တားမြစ်မှုတွင်လည်း အခြားသူများ သူ့နောက်မှ လိုက်လာကြမည်ဟု ယူဆနေသည်။

၁.၉ လီတာ အချိုရည်ဘူးကြီး၏ ကလိုရီပါဝင်မှုသည် ကြက်ဥ ပြုတ်ဆယ်လုံး သို့မဟုတ် သကြား ၄၇ ဇွန်း သို့မဟုတ် အသားကင် ၁၄ အောင်စနှင့် ညီမျှသည်။
ဤ ကလိုရီများကို ကုန်အောင်မသုံးနိုင်ပါက ခန္ဓာကိုယ်သည် အပိုကလိုရီများကို စုဆောင်းထားရကာ ဝလာမည်၊ အဝလွန်လာမည်သာဖြစ်သည်။

စတင်ပေါ်ပေါက်လာခြင်း


အားဖြည့်သောက်ဖွယ်သည် ၁၉၂၉ ခုနှစ်က ဗြိတိန်နိုင်ငံတွင် လူနာများ ပြန်လည် ကျန်းမာလာစေ ရန် ဆေးရုံသုံးအဖြစ် စတင်ပေါ်ပေါက်လာခဲ့သည်။
၁၉၈ဝ တွင် ကုန် ခန်းသွားသော အားများ ပြန်ပြည့်စေ ရန်အတွက် အားဖြည့်သောက်ဖွယ် အဖြစ် အဆင့်မြင့်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် Dr. Enuf သည် သကြားနှင့် ဆိုဒါသာ ပါဝင်သော အချိုရည်တို့ကို အစားထိုး ရန်အတွက် ဗီတာမင်ဘီ၊ ကဖင်း- Caffeine နှင့် ကြံသကာတို့ ပါဝင်သော အားဖြည့်သောက်ဖွယ်ကို တီထွင်ခဲ့သည်။

ဂျပန်နိုင်ငံတွင် အားဖြည့် အချိုရည်သည် ၁၉၆ဝ တွင် Lipovi-tan အဖြစ် ပေါ်ပေါက်လာသည်။
သို့သော် သံဘူးကို အသုံးမပြုဘဲ ဆေးပုလင်းကလေးများတွင် ထည့်၍ဖြန့် ဖြူးခဲ့သည်။
၁၉၈၅ ခုနှစ်တွင် Jolt Cola သည် ကဖင်းပါဝင်မှုကို တိုးမြှင့်ကာ မအိပ်ချင်စေသော သောက်ဖွယ်အဖြစ် ကိုလာအချိုရည်ကို ထုတ်လုပ်ခဲ့သည်။

ထို့နောက် သြစထရီးယားတွင် Dietrich Mateschitz သည် နွားရိုင်း Red Bull အချိုရည်ကို ထုတ်လုပ်ခဲ့ရာ ကမ္ဘာ့ ဈေးကွက်တွင် အောင်မြင်မှုရရှိ ခဲ့သည်။
Red Bull သည် လီပိုဗီတန်ကို အခြေခံပြုလုပ်ထားသည့် ထိုင်း အချိုရည် Krating Daengကို တုပ ထားခြင်းဖြစ်သည်။
Red Bull သည် ဈေးကွက်ကို ကောင်းစွာထိုးဖောက် နိုင်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဈေးကွက်၏ ၄၇ ရာခိုင်နှုန်းကို ရရှိခဲ့သည်။
အမေရိကန် ပြည်ထောင်စု၏ အချိုရည်ဈေးကွက် သည် ကျယ်ပြန့်လာခဲ့ရာ ၂ဝဝ၁ တွင် ဒေါ်လာရှစ်သန်း၊ ၂ဝဝ၅ တွင် ဒေါ်လာသုံးဘီလီယံ၊ ၂ဝဝ၇ တွင် ဒေါ်လာ ၅.၄ ဘီလီယံအထိ ရှိလာသည်။
အောင်မြင်ကြီးပွားလာသော ပက်စီ၊ကိုကာကိုလာစသော အချိုရည်ကုမ္ပဏီကြီးများသည် ဈေးကွက်ကို အားသွန်ချဲ့ထွင်လာကြသည်။
ကိုကာကိုလာသည် Red Bullကို ယှဉ်ပြိုင်ရန်အတွက် Sprite 3G နှင့် Relentless အချိုရည်တို့ကို ထုတ်လုပ်ခဲ့သည်။

"---ကဖင်းသည် တစ်စုံတစ်ရာ အားဖြစ်စေသည် မဟုတ်ပေ။ အချိုရည်တို့တွင် ကဖင်းသည် ကော်ဖီထက် သုံးဆခန့် ပိုမိုပါဝင်သည်။ ၁၂ အောင်စ ကိုကာကိုလာဘူးတွင် ကဖင်းသည် ၃၅ မီလီဂရမ် ပါရှိသည်။ အချိုရည်ဘူးကြီးများတွင် ကဖင်းသည် ၁၂ဝ mg အထိ ပါရှိသည်---"

အားဖြည့်အချိုရည်ဟု အမည် တပ်ခဲ့သော အချိုရည်တို့သည် လူငယ်တို့ကို အများဆုံး ဆွဲဆောင်နိုင်ခဲ့သည်။
သောက်သုံးသူတို့၏ ၆၆ ရာခိုင်နှုန်းသည် အသက် ၁၃ နှစ်မှ ၃၅ နှစ် အတွင်း လူငယ်များဖြစ်သည်။
၆၅ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်သည်။
အသက် ၂၁ မှ ၃ဝ အတွင်း ကျောင်းသား ၂ဝ ရာခိုင်နှုန်းသည် အားဖြည့်အချိုရည်ကို စာကြည့်ရာတွင် မအိပ်ချင်စေရန်သောက် ကြသည်။
ကျောင်းသား ၇ဝ ရာခိုင်နှုန်းသည် သူတို့သူငယ်ချင်းများနှင့် စာကျက်ရာတွင် မအိပ်ချင်စေရန် အားဖြည့် အချိုရည်သောက်ကြကြောင်း သိရသည်။

အားဖြည့်အချိုရည်သည် များစွာပင်ရေပန်းစားခဲ့ပေသည်။
အချိုရည်ကုမ္ပဏီတို့သည် ၂ဝဝ၂ ခု တွင် အချိုရည်ဘူးကြီးများကို ထုတ်လုပ်လာ ကြသည်။
၂ဝဝ၇ ခုတွင် အားဖြည့် အချိုရည်မှုန့်နှင့် ရေဆူအချိုရည်ပြား တို့ကို ထုတ်လုပ်လာကြသည်။

ပါဝင်ပစ္စည်းများ
အားဖြည့်အချိုရည်တို့တွင် သာမန်အားဖြင့် ကဖင်းပါဝင်သော မီသိုင်းဇန်သိုင်း- Methylxanthines ဗီတာမင်ဘီနှင့် တိုင်းရင်းဆေးမယ်တို့ ပါဝင်ကြသည်။
အခြားထည့်သွင်းလေ့ ရှိသော ပစ္စည်းတို့မှာ ကဖင်းပါဝင် သော ဂွာရနာဆေးပင်- guarana-Paullinia cupana နှင့် တောင်အမေရိကမှ အမြဲစိမ်းပင် မာတေ- Mate အရွက်၊ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ် သော ကာနီတိုင်- Carnitine နှင့် ကရီတိုင်- Creatineဂျင်ဆင်း၊ မာတိုဒက်ထရက်- Maltodextrinဂလူကိုနိုလက်တုံး- Glucuronolac စသည် တို့ဖြစ်သည်။

တစ်ခါ တစ်ရံတွင် သကြားများ ထည့်လေ့ရှိပြီး အများအားဖြင့် ဓာတုသကြားများကို ထည့်လေ့ရှိသည်။ အချိုရည်တိုင်းလိုလိုတွင် ပါလေ့ရှိသည်မှာ ဂွါရနာ၊ မာတေတို့တွင် ပါလာသည့် ကဖင်းဓာတ်ဖြစ်သည်။ ကဖင်းသည် ကော်ဖီ လက်ဖက်ရည်တို့တွင် ပါဝင်သည့် စိတ်လှုံ့ဆော်ဓာတ် ဖြစ်သည်။

ကဖင်းသည် တစ်စုံတစ်ရာ အားဖြစ်စေသည် မဟုတ်ပေ။ အချိုရည်တို့တွင် ကဖင်းသည် ကော်ဖီထက် သုံးဆခန့် ပိုမိုပါဝင်သည်။ ၁၂ အောင်စ ကိုကာကိုလာဘူးတွင် ကဖင်းသည် ၃၅ မီလီဂရမ် ပါရှိသည်။ အချိုရည်ဘူးကြီးများတွင် ကဖင်းသည် ၁၂ဝ mg အထိ ပါရှိသည်။

အကျိုးသက်ရောက်မှုများ


အားဖြည့်အချိုရည်တို့၏ အကျိုး သက်ရောက်မှုသည် ပါဝင်သည့် ပစ္စည်းအလိုက် ကွဲပြားသည်။
သုတေသနနှစ်ရပ်က အားဖြည့် အချိုရည်တို့သည် စိတ်အလိုပြည့်မှုနှင့် မှတ်ဉာဏ် ဆိုင်ရာ စွမ်းဆောင်နိုင်မှုကို တိုးတက် စေသည်ဟုဆိုသည်။

လွန်ကဲစွာ သောက်သူများတွင် ကဖင်း၏စိတ်ကြွစေမှုကြောင့် ဝမ်းသာပီတိ ဖြစ်တတ်သည်။ ထို့အပြင်စိုးရိမ်ပူပန်မှု၊ စိတ်ဆိုးလွယ်မှုတို့ဖြစ်ပေါ်လေ့ရှိပြီး အိပ်မပျော်ဘဲ မျက်စိကြောင်နေတတ်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများ ခံနိုင်ရည်ပိုရှိလာတတ်သည်။ ကဖင်း နှင့် ဂလူးကို့တို့ကြောင့် မှတ်ဉာဏ် ပြန်လည်ကောင်းမွန်လာတတ်သည်။ မောပန်းနေသူတို့ကို အမောပြေစေ တတ်သည်။

အသက်ကြီးသူတို့သည် အားဖြည့်အချိုရည်ကို သတိထား၍ သောက်သုံးသင့်သည်ဟု သုတေသန တစ်ရပ်က အကြံပြုထားသည်။ အချိုရည်တစ်ခွက်သည် ခန္ဓာကိုယ်တွင် ကဖင်းမပိုလျှံစေနိုင်သော်လည်း တစ် နေ့တည်းနှစ်ခွက်ထက် ပိုသောက်ပါက ကဖင်း လွန်ကဲမှုဖြစ်စေနိုင်သည်။ ဂွါရနာစသည်တို့တွင်လည်း ကဖင်း ပါဝင်နေပြီး ဂျင်ဆင်းစသည်တို့သည် လည်း စိတ်ကြွပစ္စည်း များဖြစ်သည်။
ကဖင်း၊ ဂွါရနာစသည်တို့အားလုံး ပေါင်းစပ်မှုသည် ၄ဝဝ mg ကျော်လွန် သွားသောအခါ စိတ်လှုပ်ရှားမှု၊ စိတ်ဆိုးလွယ်မှု၊ အိပ်မပျော် မျက်စိ ကြောင်မှု၊ ဆီးများမှု၊ နှလုံးခုန်မြန်မှု တို့ဖြစ်လာတ်သည်။ စိတ်ကျဆေးတို့ နှင့် တွဲဖက်သုံးစွဲပါက မျက်စိကျယ် နေတတ်သည်။ အားဖြည့်အချိုရည်တို့ သည် ကလာပ်စည်း၊ သွေးစသည်တို့ တွင် ပါဝင်သောအိုင်ယွန်- ion တို့ဖြစ် သည့် electrolytes တို့ကို ဖြစ်ပေါ်စေ ခြင်းမရှိပေ။

အားဖြည့်အချိုရည်တို့ တွင်ပါဝင်သောကဖင်းသည် သွေးအ တွင်း ရောက်ရှိ လာသော သကြားလွန် ကဲမှုကို လျှော့ချရန်အတွက် ရေကို စွန့်ထုတ်လေ့ရှိရာ ခန္ဓာကိုယ်တွင် ရေ ဓာတ်လျော့ကျသွားတတ်သည်။ ခန္ဓာကိုယ်တွင် ရေဓာတ် ၁ ရာခိုင်နှုန်းလျော့ နည်းသွားပါက စွမ်းဆောင်ရည်သည် ၁ဝ ရာခိုင်နှုန်း ကျဆင်းသွားသည်။

အမေရိကန်ပြည်ထောင်စုတွင် အားဖြည့်အချိုရည် သောက်သုံးမှုကြောင့် မအီမသာအော့ချင်အန်ချင်ဖြစ်၊ နှလုံးခုန်နှုန်း ပုံမမှန် ဖြစ်ကာ အရေးပေါ် ဆေးခန်းသို့ ရောက်ကြလေ့ရှိသည်။ သောက်သုံးမှု များသွားသူများတွင် ရုတ်တရက်အားပြတ် ပြိုလဲသွား တတ်သည်။

အမေရိကန်ပြည်ထောင် စု၌ အချိုရည်တွင် ကဖင်းမည်မျှ ပါဝင်သည်ကိုဖော်ပြရန် သတ်မှတ်မထားပေ။ သို့သော် အချို့ဥပဒေပညာ ရှင်တို့က ဖော်ပြပေးရန် တိုက်တွန်းလျက်ရှိသည်။
ကွန်နက်တီကပ်က ဆေးဝါးကျွမ်းကျင်သူ ဒေါက်တာ Marcie Schneider က ''အားဖြည့် အချိုရည်ဆိုတာတွေဟာ ဘာကောင်း ကျိုးမှမဖြစ်စေပါဘူး။ ကလေးတွေ အတွက် မသင့်တော်ပါ ဘူး''ဟု ပြောခဲ့သည်။

"---အားဖြည့်အချိုရည်တို့သည် စိတ်ကိုကြွစေပြီး အရက်သည် စိတ်ကို လေးပင်စေသည်။ ဆန့်ကျင် သတ္တိ နှစ်ခု ပေါင်း စပ်ခြင်းသည် အာရုံကြောများကို ရှုပ်ထွေးစွာ အချက်ပြကာ နှလုံးခုန်မှုကို ပုံမမှန်ဖြစ်စေသည်---"

အရက်နှင့်ရောစပ်ခြင်း


အရက်သောက်သူတို့သည် အချိုရည်ကို အရက်နှင့်ရောစပ်၍ သောက်လေ့ရှိသည်။ အချို့က အရက်၏ သတ္တိကို လျော့ကျစေရန်၊ အချို့က အရသာကောင်းစေရန် ရောစပ်ကြသည်။ အထူးသဖြင့် အရက်ပြင်း သောက်သူများဖြစ်သည်။ ဗော့ဒကာ၊ ရမ် စသည်တို့ကို Red Bull အချိုရည် နှင့် ရောသောက်လေ့ရှိသည်။ ယမကာဆိုင်များတွင်လည်း အရော များကို ရောင်းချလေ့ရှိသည်

အားဖြည့်အချိုရည်တို့သည် စိတ်ကိုကြွစေပြီး အရက်သည် စိတ်ကို လေးပင်စေသည်။ ဆန့်ကျင် သတ္တိ နှစ်ခု ပေါင်းစပ်ခြင်းသည် အာရုံကြောများကို ရှုပ်ထွေးစွာ အချက်ပြကာ နှလုံးခုန်မှုကို ပုံမမှန်ဖြစ်စေသည်။ အရက်ကြောင့် ဟန်ချက်ပျက်ယိမ်း ယိုင်မှုတို့ကို မထိန်းနိုင်ဖြစ်စေသည်။
အရက်၏သတ္တိသည် ငုပ်နေကာ ပို၍စိတ်ကြွ ပို၍အားရှိသကဲ့သို့ ခံစားရစေသည်။
အရက်သောက်သည်မှာ များနေပြီ၊ မူးနေပြီဖြစ်ပါလျက် မများသေး၊ မမူးသေးဟု အထင်ရောက်စေသည်။
အရက်ကို အချိုရည်နှင့်ရော၍ သောက်သူတို့သည် အရက်ပို၍ သောက်မိကာ အမူးလွန်မှုဒဏ်ကို ပို၍ခံကြရသည်။
အမူးလွန်ကာ ယာဉ်တိုက်မှု စသော မတော်တဆ ထိခိုက်မှုများ ပို၍ဖြစ်ပွား ကြရသည်။

လူသားစွမ်းဆောင်ရည် ဓာတ်ခွဲခန်း သုတေသီတို့က အားဖြည့်အချိုရည်ကို အရက်နှင့်ရော၍ မသောက်ရန် အကြံပြုထားသည်။
ဝါရှင်တန်မြို့တော်နှင့် မီချီကန်ပြည်နယ်တွင် အရက်ကို အားဖြည့် အချိုရည်နှင့် ရော စပ်၍ ရောင်းချမှုကို တားမြစ်ထားသည်။
တားမြစ်မှုသည် ၂ဝ၁ဝ ခုနှစ် နှောင်းပိုင်းတွင် အရက်နှင့်အားဖြည့် အချိုရည်ရောသောက်သူ ကောလိပ် ကျောင်းသားများအား ဆေးရုံတင် လိုက်ရသောအခါ ပို၍လူသိများလာသည်။

အူတာပြည် နယ်နှင့် အိုကလာ ဟိုးမားပြည်နယ်တို့သည်လည်း အလားတူပင်တားမြစ်ခဲ့ကြသည်။ ထို နှစ်တွင်ပင် အမေရိကန်အစား အစာနှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ FDA သည် ဖျော်ရည်ကုမ္ပဏီလေးခုအား အားဖြည့်အချိုရည်တွင် အရက်ရော၍ ရောင်းချခြင်း မပြုရန် သတိပေးတားမြစ်ခဲ့သည်။
အရက်နှင့် အားဖြည့်အချိုရည် ရော၍သောက်ခြင်းသည် လူထု၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်ဟု FDA က သတ်မှတ်ခဲ့သည်။

"---အားဖြည့်အချိုရည်သည် ရေဓာတ်ခန်းခြောက်စေကာ ပြဿနာများပေးမည် ဖြစ်သည်။ သဘာဝနှင့်အနီးဆုံးဖြစ်သော ရေကိုသာသောက် သင့်ပေသည်---"

၂ဝ၁ဝ ခုနှစ်တွင် ဟူစတန်ရှိ တက်ဆတ်ဆေးကျောင်းက အားဖြည့်အချိုရည်တွင် ကော်ဖီထက် ကဖင်း ပို၍ပါဝင်သည်။
ဂွါရနာ၊ တောရင်း၊ တိုင်းရင်းဆေးနှင့် သတ္တုဓာတ် စသည်တို့ ပေါင်းစပ်လိုက်သောအခါ တုံ့ပြန်ဓာတ်ပြုမှုများဖြစ်ပေါ်လာသည်။

အားဖြည့်အချိုရည်ကို အရက်နှင့် ရောသောက်သောအခါ နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေသည်ဟု ထုတ်ပြန်ခဲ့သည်။ ကဖင်း သည် ၁၆ အောင်စ ကော်ဖီတစ်ခွက် တွင် ၇ဝ မှ ၂ဝဝ mg အထိ ပါဝင်ပြီး အားဖြည့်အချိုရည် တွင် ၈ဝ မှ ၃ဝဝ mg အထိ ပါဝင်သည်။

အားကစားသမားများသောက် ကြသော ရေ သို့မဟုတ် အောက်တိန်း နိမ့်သောက်ရေတို့တွင် Electrolytes သတ္ထုဓာတ်နှင့် ကာဘိုဟိုက်ဒရိတ်တို့ ပါရှိရာ ရေဓာတ်လျော့မှုနှင့် သွေးဖိ အားတက်မှုကို သက်သာစေသည်။ အားဖြည့်အချိုရည်တွင် ကဖင်းပါလာ မှုကြောင့် အိပ်ချင်မှုကို ပြေပျောက် စေကာ အရက်မူးမှုကို နှောင့်နှေးစေသည်။ ထို့ကြောင့် အရက်ကိုပို၍ သောက်မိ ကြကာ အရက်ဒဏ်ကိုပို ၍ခံကြရသည်။

ကဖင်းနှင့် အရက်နှစ် မျိုးလုံးသည် ဆီးကိုများစေသည် ဖြစ်ရာ ရေဓာတ်လျော့နည်းမှု လွန်ကဲ စေတတ်သည်။ ဆက်၍အော့အန်ပြီး မအီမသာဖြစ်လာလေ့ရှိသည်။ ရေရှည် ကျန်းမာရေးပြဿနာတို့ ဖြစ်ပေါ် တတ်သည်။

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီး ယားပြည်နယ်မှ အသက် ၁၆ နှစ် အရွယ် ကျောင်းသူဆာရာမီလိုဆီဗစ်- Sara Milosevic သည် ပါတီပွဲတစ်ခုတွင် ဗော့ဒကာ၊ ဆိုဒါနှင့် ဂွါရနာတို့ ပါဝင်သော အားဖြည့်အချိုရည် သုံးဘူးကို သောက်အပြီးတွင် သေဆုံးသွားခဲ့သည်။

ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဦးစီးဌာနအရာရှိချုပ် Jerril Rechter က ''အချိုရည်ကုမ္ပဏီတွေဟာဘာလို့ ကျန်းမာရေးအတွက် အန္တရာယ်ကြီးတဲ့ အရက်နဲ့ အချိုရည်ရောဘူးတွေကို လူငယ်တွေ သောက်အောင် ထုတ်လုပ်နေကြတာလဲ။ ဒီဘူးတွေကြောင့် အမေရိကန်မှာလည်း သေတာများလှပြီ။ အခု ဆာရာမီလိုဆီဗစ် သေခဲ့ရပြီ။ သူတို့ကို ပိတ်ပြစ်ဖို့ပဲရှိတော့တယ်'' ဟု ပြောခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဝန်ကြီး David Davis သည် အရက်ရော အချိုရည်ဘူးများကို ပိတ်ပင်ရန်အတွက် ကျန်းမာရေး ဌာန၏ အရက်ရော အားဖြည့်အချိုရည်များ၏ အကျိုးသက်ရောက်မှု များ လေ့လာတင်ပြချက်ကို စောင့်နေသည်။ လွှတ်တော်အမတ် ဒွန်နာဘောင်ယာ-Donna Bauerက ''ဒီကိစ္စကသိလေလေကြောက်စရာ ကောင်းလေလေ ပဲ၊ လူတွေက အရက် နဲ့ အချိုရည်ရောသောက်တဲ့ အန္တရာယ်ကို သိကြဟန်မတူဘူး'' ဟု ပြောခဲ့သည်။

စင်စစ် လွန်ခဲ့သော နှစ် ကပင် အရက်နှင့်အချိုရည် ရောသောက်မှု သည် ကျန်းမာရေးအတွက် အန္တ ရာယ်ကြီးကြောင်း သုတေသန စာတန်းနှစ်စောင် ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
ဆန်ဖရန်ဆစ္စကိုမှ သွားဆရာဝန် ဒေါက်တာ Donna Bauer က ''လူတွေအချိုရည်ခဏခဏ သောက် တာဟာသွေးတွေကို အချဉ်ဓာတ်နဲ့စိမ် သလိုဖြစ်နေတယ်။ အချိုရည်မှာပါတဲ့ သကြားနဲ့ အချဉ်ဓာတ်က သွားရဲ့ ကြွေသားတွေကို ပျက်စီးစေတယ်။ သွားတွေကောင်းအောင် အချိုရည်နဲ့ အချဉ်ဓာတ်တွေကို လျှော့စားသင့် တယ်''ဟု ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ သုတေသနတစ်ရပ်တွင် အရက်မပါ သော အားဖြည့်အချိုရည် အသောက် လွန်မှုကြောင့် အရေးပေါ် ဆေးရုံသို့ပိုရ သူဦးရေသည် ၂ဝဝ၅ ခုနှစ်တွင် ၁,၁ဝဝ ရှိခဲ့ရာမှ ၂ဝဝ၉ ခုနှစ်တွင် ၁၃,ဝဝဝ အထိ တိုးများလာသည်ဟု ဆိုသည်။ ဤပမာဏသည် ဆယ်ဆကျော် တိုးများလာခြင်းဖြစ်သည်။
ဖလော်ရီဒါမြောက်ပိုင်းမှ ချာရီလ်ဂျိမ်း- Cheryl James က အသက် ၁၉ နှစ်ရှိ သူ့သားဒရူးသည် အချိုရည် အသောက်လွန်မှုကြောင့် နှလုံးပုံမမှန်ဖြစ်ကာသေဆုံးရသည်ဟု ယုံကြည်နေသည်။ မေရီလန်းမှ အသက် ၁၄ နှစ်ရှိ Anais Fournier သည် ၂၄ နာရီအတွင်း အချိုရည်ဘူး ကြီးနှစ်ဘူး သောက် ပြီး သေဆုံးရသည်ဟု မိဘများက ပြောနေပေသည်။

ကျွမ်းကျင်သူတို့က ဖောင်နီယာ သောက်သည့်ပမာဏမှာ များလွန်းလှသည်။ တစ်နေ့အတွင်း ဘူးသေးသုံး ဘူးထက် ပိုမသောက်သင့်ဟုဆိုသည်။ အားဖြည့်အချိုရည်ဆိုသည်များကို ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကဖင်းနှင့်မတည့်သူများ မသောက်သင့်ဟု သမားတော်များက ပြောနေပေသည်။
အချိုရည်၏ လွှမ်းမိုးမှုသည် သောက်သုံးသူ၏ကိုယ်အလေး ချိန်ပေါ်တွင် တည်မှီသည်။ကိုယ်အလေးချိန် နည်းနှင့် အမျှ ပို၍လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ပင် ကလေးများ၊ လူငယ်များသောက် သုံးပါက ပို၍ထိခိုက်ရခြင်းဖြစ်သည်။

ဖလော်ရီဒါနှင့် အော်လန်ဒိုဆေးရုံ အရေးပေါ်ဌာနတို့တွင် အချိုရည် တစ်ချိန်ကမူ ထုတ်လုပ်သူတို့ သည် မိမိထုတ်လုပ်သည့်ပစ္စည်း အပေါ် တာဝန်ယူခဲ့ကြသည်။
၂ဝဝ၈ ခုနှစ်က ဖော်စတာနှင့် လိုင်ယွန်နသန် ကုမ္ပဏီ တို့သည် ၎င်းတို့ထုတ်လုပ်သော အရက်ရောအချိုရည်တို့သည် ကျန်းမာ ရေးအတွက် အန္တရာယ်ရှိကြောင်း သိလာသည်နှင့် တစ်ပြိုင်နက် ထုတ် လုပ်မှုကိုရပ်ဆိုင်းခဲ့ကြသည်။

ယနေ့ တွင် အချိုရည်ထုတ်လုပ်သူတို့ သည် မိမိပစ္စည်းကြောင့် အန္တရာယ် ဖြစ်ကြ သည်ကိုသိသော်လည်း မသိသလိုပင် နေခဲ့ကြသည်။ သူတို့၏ တာဝန်ယူမှု သည် အချိုရည်ဘူးကိုယူပြီး ဆိုင် အပြင်ရောက်သည်နှင့် ပြီးဆုံးသွားပေသည်။

လူငယ်အားကစားသမားအချို့သည် အားဖြည့်အချိုရည်ဆိုသည်များကို သောက်နေကြသည်။ ဤအချိုရည်များသည် ကဖင်းဓာတ်ကိုဖြည့်စွက်ထားကြရာ ကော်ဖီခွက်ထက် ကဖင်းဓာတ်သုံးဆခန့်အထိ ပါဝင်နေသည်။ ထိုအချိုရည်ကိုသောက်သူသည် အားကစားစွမ်းရည် တိုးတက် ကောင်းမွန်မလာနိုင်သည့်အပြင် သွေးဖိအားမြင့် လာကာ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။
အားဖြည့်အချိုရည်အစား လိမ္မောသီးစားရန်၊ လိမ္မော်ရည် သောက်ရန် နယူးဂျာဆီပြည်နယ်၊ ဟက်ကင်ဆက်ဆေး တက္ကသိုလ် မှနှလုံးသွေးကြောပါရဂူ ဒေါက်တာရော ဘတ်တော့ဇီ- Robert Tozzi က အကြံပေးထားသည်။

ဟူစတန်ပြည်နယ်၊ တက်ဆတ် ကျန်းမာရေးသိပ္ပံဗဟိုဌာနနှင့် သြစတေးလျ၊ ကွင်းစလန်းတက္ကသိုလ်များမှ သုတေသီတို့ ပူးပေါင်း၍ စူပါမတ်ကက်ကြီးများမှအစ ရပ်ကွက်ဆိုင်ငယ်ကလေးများ အထိ နေရာအနှံ့တွင် ရောင်းချနေသော အားဖြည့်အချိုရည်များကို အင်္ဂလိပ်ဘာသာသိပ္ပံစာတမ်း အားလုံးကို လေ့လာ၍ သုတေသနပြု ခဲ့ကြသည်။ သူတို့၏စာတမ်းကို ၂ဝ၁၁ ခု နိုဝင်ဘာလ မေရိုးဆေးခန်း တွေ့ရှိချက်များ- Mayo Clinic Proceedings တွင် ဖော်ပြခဲ့သည်။


"---ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် နာမည်ကျော်အနုပညာရှင်များက အချိုရည်ကြော်ငြာများကို အားရပါးရ သီဆိုဟစ်ကြွေး ကြော်ငြာပေးနေကြသည်---"

သုတေသီတို့သည် လူငယ်များ အကြားရေပန်းစားနေသည့် ကဖင်းပါဝင်သောRed Bull, Rockstar စသော အချိုရည်များကို အထူး စိုးရိမ်နေကြသည်။ ထိုအချိုရည်များ၏ ကဖင်းများစွာပါဝင်မှုသည် သောက်သုံးသူများအတွက် အန္တရာယ်များလှသည်။ ထိုအချိုရည်တို့သည် သွေးဖိ အားကိုမြင့်စေသည်။ နှလုံးခုန်နှုန်းကို မြန်စေသည်။ အဆင်မသင့်ပါက အသက်အန္တရာယ်ကိုပင် ဖြစ်စေတတ်သည်။
ဤအားဖြည့်အချိုရည်သောက်မှုကြောင့် လူ လေးဦးသေဆုံးခဲ့ရပြီး၊ ငါးဦးမှာ ပြင်းစွာ မကျန်းမမာဖြစ်ခဲ့ရသည်ဟု စာတမ်းတွင်ဖော်ပြခဲ့သည်။

အသက် ၁၈ နှစ်ရှိ ဘတ်စကက်ဘောကစားသမားတစ်ဦးသည် အားဖြည့်အချိုရည်နှစ်ဘူးသောက်ပြီး ဘတ်စကက်ဘော ကစားခဲ့ရာ နှလုံးထိခိုက်ပြီးသေဆုံးခဲ့ရသည်။ အသက် ၂၈ နှစ်ရှိ ပြိုင်ကားမောင်းသူ တစ်ဦးသည် အားဖြည့် အချိုရည်သောက်ပြီး ပြိုင်ပွဲဝင်ခဲ့ရာ နှလုံးထိခိုက်ပြီး ဆေးရုံတင် ကုသခဲ့ရသည်။

အခြားအားဖြည့် အချိုရည်သောက်မှုကြောင့် ကျန်းမာရေး ထိခိုက်ရမှုများစွာတို့ကိုလည်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

သကြားများစွာပါဝင်သည့်အချိုရည် ထုတ်လုပ်သူတို့သည် အားဖြည့်အချိုရည်ဟု အမည်တပ်နိုင်ရန်အတွက် ဗီတာမင်ဘီအချို့ကို ဖြည့်စွက် ထုတ်လုပ်လာကြသည်။ သို့သော် နေ့စဉ်အစားအစာတွင် ဗီတာမင်ဘီတို့ က ပါဝင်ပြီးဖြစ်သည်။ အားဖြည့်အချိုရည်တွင် ပါဝင်သော ထိုဗီတာမင်တို့သည် ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန် ပိုးသာဖြစ်ရလေသည်။

ကဖင်းသည် ကြွက်သားလှုပ်ရှားမှုကို တိုးတက်စေသည်။ အထူးသဖြင့် ကြံ့ခိုင်ရည် လိုအပ်သော လှုပ်ရှားမှုများတွင်ဖြစ်သည်။ ထို့ကြောင့် ကဖင်းသုံးစွဲမှုကို အားကစားပြိုင်ပွဲများတွင် တားမြစ်ထားသည်။ အားဖြည့်အချိုရည်သောက်သုံးမှုများသူတို့သည် အားကစားပြိုင်ပွဲမှ အပယ်ခံရတတ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ဒွန်တေစတားဝပ်သည် အရက်ရော Red Bull အချိုရည်များကိုသောက်ပြီး ကားမောင်းခဲ့ရာ လူတစ်ယောက်ကို တိုက်မိပြီး သေဆုံးသွားခဲ့သည်။ စတားဝပ်က အရက်မူးသည် ဟု မခံစားခဲ့ရကြောင်း ပြောသည်။ အားဖြည့်အချိုရည် ထုတ်လုပ်သူတို့သည် ကဖင်းကို ဆေးအမယ်တစ်ခုအနေဖြင့် မဟုတ်ဘဲ အနံ့ကောင်းစေရန်ထည့် သွင်းကြခြင်းဖြစ်သည်။ သို့သော် ကဖင်းသည် သူ့သတ္တိကိုမူ ပြမည်သာ ဖြစ်သည်။

အားဖြည့်အချိုရည်ကို သောက်မိပါက စွဲလမ်းသွားတတ်သည်။ စွဲလမ်းမှုဟူသည် အန္တရာယ်ရှိသည်သာ ဖြစ်သည်။
အားဖြည့် အချိုရည်ကို စွဲသောက်သူတို့သည်သွေးဖိအားမြင့်လာသည်။ စိုးရိမ်သောကများလာသည်။ အိပ်မပျော် မျက်စိကြောင်နေပြီး နှလုံးခုန်မြန်လာသည်။
အားကစားသမားတို့သည် အားဖြည့်အချိုရည်ကို ရေအဖြစ်လည်းမသောက်သင့်ပေ။ အားဖြည့်အချိုရည်သည် ရေဓာတ်ခန်းခြောက်စေကာ ပြဿနာများပေးမည် ဖြစ်သည်။ သဘာဝနှင့်အနီးဆုံးဖြစ်သော ရေကိုသာသောက် သင့်ပေသည်။

အားဖြည့်အချိုရည်တို့သည် မည်မျှသာသောက်သင့်သည်ဟု ဖော်ပြထားခြင်းလည်းမရှိ။ ပါဝင်ပစ္စည်းများကို တိကျစွာဖော်ပြထားခြင်းလည်း မရှိ။ အသက် ၁၁-၁၂ နှစ် ရှိသူများလည်း ဝယ်ယူနိုင်သည်။ အချို့က ကဖင်းပါဝင်မှုကိုသာ ဖော်ပြထားပြီး ကဖင်း ပါဝင်သည့် ဂွါရနာ စသော ပစ္စည်းများပါဝင်မှုကို ဖော်ပြထားခြင်းမရှိပေ။ ဖော်ပြထားမှုကိုသာ ယုံကြည်သောက်သုံး သူများတွင် ကဖင်းဓာတ်လွန်ကဲကာ ကျန်းမာရေး ပြဿနာဖြစ်ကြရပေသည်။

တားမြစ်ပိတ်ပင်ခြင်း


ပြင်သစ်နိုင်ငံတွင် အသက် ၁၈ နှစ်ရှိ ဘတ်စက်ကဘောသမား ရော့ ကူနီ- Ross Cooney သည် ဘတ်စကက်ဘောကစား အပြီး Red Bull အချိုရည်လေးဘူး သောက်အပြီး သေဆုံးသွားသဖြင့် Red Bull အချိုရည်ကို ပိတ်ပင်ခဲ့သည်။ ဤအမှုကို ၂ဝဝ၄ ခုနှစ်က တရားရုံးတွင် ရင်ဆိုင် ရှင်းလင်းခဲ့ကြရာ ပြင်သစ်သိပ္ပံ ကော်မတီ Red Bull တွင် ကဖင်း လွန်ကဲစွာ ပါရှိနေသည်ဟု သုံးသပ်ပေးခဲ့သည်။ အိုင်ယာလန်၊ ဆွီဒင်၊ ပြင်သစ်နှင့် ဒိန်းမတ်နိုင်ငံတို့သည် အားဖြည့်အချိုရည်များကို ကလေးများအား ရောင်းချ ခြင်းမပြုရန်တားမြစ်ထားသည်။

နော်ဝေနိုင်ငံတွင် အားဖြည့်အချိုရည်တို့ကို ဆေးဆိုင်များတွင်သာ ရောင်းချရန် ကန့်သတ်ထားသည်။ ဖိလစ်ပိုင်နိုင်ငံ တွင် Red Bull သည် အမျိုးသားတို့၏ မျိုးပွားမှုကို ထိခိုက်နိုင်သည်ဟု ဆိုကာ ပိတ်ပင်ထားသည်။ အင်္ဂလန် နိုင်ငံ၏ ကျောင်းအချို့တွင် အားဖြည့် အချိုရည် ရောင်းချမှုကို ပိတ်ပင်ထားသည်။ နယူးမက္ကဆီကို စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းတစ်ဦးသည် အားဖြည့်အချိုရည်များသောက်သုံး အပြီးတွင် ဆေးရုံတင်လိုက်ရသဖြင့် ကျောင်းအတွင်း အားဖြည့်အချိုရည် ရောင်းချမှုကို ပိတ်ပင်ခဲ့သည်။
လတ်ဗီးယားပါလီမန်သည် ၂.၇ ၏ ၂ဝ၁၂ တွင် အသက် ၁၈ နှစ်အောက် လူငယ်များအား အားဖြည့်အချို့ရည် မရောင်းချရန် ဥပဒေပြု တားမြစ်ခဲ့သည်။

ယခုအခါ ကမ္ဘာကျော်အချိုရည်ကုမ္ပဏီသည် နိုင်ငံတော်တွင် စက်ရုံတည်ထောင်၍ များစွာ ထုတ်လုပ်ကာ ဈေးကွက် ချဲ့ထွင်လာကြမည်။ များစွာ ကြော်ငြာလာကြဦးမည် ဖြစ်သည်။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် နာမည်ကျော်အနုပညာရှင်များက အချိုရည်ကြော်ငြာများကို အားရပါးရ သီဆိုဟစ်ကြွေး ကြော်ငြာပေးနေကြသည်။ သို့သော် အားဖြည့် အချိုရည် တို့သည် ကြော်ငြာတေးသံရှင် ဆိုပြနေသကဲ့သို့ အားပြည့်တာ မဟုတ်ကြောင်း၊ အားဖြည့်အချိုရည်တို့သည် သောက်စရာမကောင်း၊ ကြောက်စရာသာကောင်းပါကြောင်း ဖြင့်...

ဖိုးဆွေ(သစ်လုပ်ငန်း)


ညွှန်း - ဈေးကွက်ဂျာနယ် - zaygwet.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved