မနက်ပိုင်း အရုဏ်တက် နေထွက်ချိန်ကို ဓါတ်ပုံရိုက်ပြီးတော့ ဟိုတယ်ပြန်၊ မနက်စာစား၊ ပြီးတော့ လျှောက်လည်တဲ့ အချိန်မှာ သားကို အပျော်တမ်း ကင်မ်ကော်ဒါလေးတစ်လုံး ပေးထားလိုက်တယ်၊ အဲဒီတော့ ကျနော်ရိုက်သလို သူလည်း လိုက်ရိုက်ရင်းနဲ့ ဘေးနားမှာ တချိန်လုံး နီးပါး ရှိနေသလို ဖြစ်သွားတယ်၊ တကူးတက လိုက်ထိန်းစရာ မလိုတော့ဘူး ဆိုတဲ့ စိတ်ကူးနဲ့ပါ၊
သူဘာတွေ ရိုက်နေလဲဆိုတာ ကျနော်တော့ မစစ်အားပါဘူး၊ ကိုယ့်ကင်မရာနဲ့ကိုယ် ရှုပ်နေတယ်၊ သားက ကျနော့်ဘေးမှာ ရှိနေတာ စိတ်ချသွားတဲ့ မအိမ်သူလည်း အဲဒီတော့မှ ဈေးဆိုင်တွေ လွတ်လွတ်လပ်လပ် လျှောက်ကြည့်ရတယ်၊
မြင်းလှည်းကို တနေ့လုံးစာ ငှားလိုက်တယ်၊ ပုဂံက မြင်းလှည်းတွေကို တခြားနေရာက မြင်းလှည်းတွေထက် ပိုသဘောကျတယ်၊ သူက အမိုးဖွင့်လို့ ရတဲ့အပြင် ဆိုဖာကူရှင်တွေလည်း ထည့်ထားသေးတာကိုး၊း) တကယ်တော့ ပုဂံလိုနေရာမှာ လည်ဖို့ အကောင်းဆုံး ယာဉ်က မြင်းလှည်းပါပဲ၊ ၄၂ စတုရန်း ကီလိုမီတာ အတွင်းက ရှိသမျှဘုရားတွေကို မြင်းလှည်းက လိုက်ပို့နိုင် ပါတယ်၊ ပြီးတော့ မြေလမ်းကလေးပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေထုကိုလည်း မညစ်ညမ်းစေဘူးလေ..၊
ရွာဟောင်းကြီး...၊ sunset အတွက် ကျနော် နှစ်သက်ခဲ့တဲ့ ဘုရားပါ၊ အထူးသဖြင့် ဖေဖေါ်ဝါရီလမှာ ရွာဟောင်းကြီး ပေါ်က ကြည့်ရင် နေက အာနန္ဒာနဲ့ သဗ္ဗညု ကြားထဲကို ဝင်တဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းကို ရပါတယ်၊ အခုတော့ တက်ခွင့်မရတာ ကြာခဲ့ပါပြီ..၊
မြန်မာပြည် မလာခင် ၆ လလောက် အလိုကတည်းက ပုဂံရောက်ရင် မြင်းလှည်းမောင်းရမယ်လို့ သားကို ကျနော်က ပြောထားခဲ့တာ..၊ အခုတော့ သူ့အိပ်မက်တွေ စေရာအတိုင်း မြင်းဇက်ကြိုးကို တပိုင်တနိုင် ဆွဲနိုင်ပြီပေါ့၊း) ပုဂံမှာ တော်တဲ့၊ စိတ်ရှည်တဲ့၊ မြင်းလှည်းဆရာတွေ အများကြီး ရှိပါတယ်၊ အဲဒီထဲက တစ်ယောက်က ဒီလှည်းဆရာ ကိုစိုးတင့်ပါ၊ သူ့လှည်းကို သရပါတံခါး မဝင်ခင် ညာဖက်က ရွှေမြန်မာ-၃ ထမင်းဆိုင် ဝင်းထဲမှာ ဂိတ်ထိုးတယ်၊ လှည်းနံပါတ် ၄၄ ဖြစ်ပါတယ်၊ အများအားဖြင့်တော့ ကိုစိုးတင့်က တိုးကုမ္ပဏီတွေနဲ့ လိုက်တာများတယ်၊ ဒါပေမယ့် သူ့ကို ကြိုပြီး ပြောထားရင် ရပါတယ်၊ တောင်ဘီရွာသားပီပီ ပုဂံကို ကြေညက်ပါတယ်၊ တခြားမြင်းလှည်း ဆရာတွေလို ပုဂံအကြောင်း ပြောနိုင်တဲ့အပြင် ဓါတ်ပုံဆရာတွေ အများကြီးနဲ့ သွားဖူးလို့ ဘယ်အချိန် ဘယ်နေရာကနေ ဘယ်ဘုရားကို ဓါတ်ပုံရိုက်လို့ ကောင်းသလဲ ဆိုတာပါ သိတယ်၊ ပုဂံရောက်ဖြစ်ရင် မြင်းလှည်းတော့ စီးလိုက်မဟဲ့-လို့ တွေးထားသူများ ရှိရင် ကိုစိုးတင့်ကို ကျနော် recommend လုပ်ပါတယ်၊
'အနုမှာ အာနန္ဒာ' လို့ ဆိုကြတယ် မဟုတ်လား၊ မရောက်လို့ ဘယ်ဖြစ်မလဲ၊ အာနန္ဒာမှာ အတွင်းက ကြည့်စရာတွေ မကုန်နိုင်သလို အပြင်ကို ထွက်ပြီး ဖူးရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ အထူးသဖြင့် ၁၉ ရာစုမှာမှ ထပ်တိုးထားတဲ့ ကိုလိုနီခေတ် လက်ရာ အနောက်ဖက် စောင်းတန်းနဲ့ ဘုရားကို ယှဉ်ကြည့်တဲ့အခါ ဆင့်ပွားအတွေးတွေ အများကြီး ထွက်လာပါ လိမ့်မယ်၊
အတွင်းထဲက မတ်ရပ်ဆင်းတုတော်ကြီး ၄ ဆူမှာ အများသိကြတဲ့ အတိုင်း တောင်နဲ့မြောက် ၂ ဆူက ပုဂံခေတ် လက်ရာပါ၊ ပုဂံက ပန်းပုအကျော်အမော်တွေရဲ့ လက်ရာကို ဒီဘုရား ၂ ဆူမှာ ကောင်းကောင်း တွေ့ရတယ်၊ ဧည့်လမ်းညွှန်တွေက ဒီအချက်ကို သေသေချာချာ ရှင်းပြီး ဧည့်သည်တွေကို လက်တွေ့ပြလေ့ ရှိပါတယ်၊ အပေါ်ပုံမှာ မြင်ရသလို ပထမ အဝေးကနေ ပြတယ်၊ ဘုရားဟာ ပြုံးနေတယ်..၊
ပြီးတော့မှ ခြေတော်ရင်းအထိ ခေါ်ပြီး ဖူးခိုင်းတော့ မျက်နှာတော်ဟာ အခုလို တည်သွားတာကို တွေ့ရပါတယ်၊ ဒါကိုတွေ့တဲ့ ဧည့်သည်တိုင်းလိုလို အံ့သြသွားကြလေ့ ရှိတယ်၊ ဘုရားဖူး ရှင်းတဲ့ အချိန်ဆို အဝေးက အာရုံခံ တန်ဆောင်း ထဲမှာရပ်ပြီး မျက်နှာတော်ကိုကြည့်၊ ပြီးတော့ မျက်နှာ မလွှဲဘဲ မျက်နှာတော်ကို ကြည့်ရင်းက ရှေ့ကို တစ်လှမ်းချင်း လျှောက်လာတဲ့အခါ မျက်နှာတော်ဟာ ပြုံးနေရာက တဖြည်းဖြည်းနဲ့ တည်သွားတာကို တအံ့တသြ တွေ့ရပါလိမ့်မယ်၊ ပြီးတော့ ဒီမတ်ရပ်ကိုယ်တော်ကြီး တွေကို ကျွန်းပင်တစ်ပင်ထဲကနေ ထုလုပ်ထားတာ ဖြစ်ပါတယ်၊
နေ့လယ်စာကို အာနန္ဒာရဲ့ မြောက်ဖက်က အထွက်မှာ ရှိတဲ့ သရပါ-၃ ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ စားဖြစ်ပါတယ်၊ ဒီဆိုင်ရဲ့ နာမည်ကြီးက ကြက်သားကြော်နဲ့ အညာဟင်း၊ အသုပ်လေးတွေပါ၊ ဆီတွေများတဲ့ ရိုးရိုး ကြက်သားဟင်းကို ကျနော်တို့က မတို့မထိပဲ ကြက်ကြော်ကိုပဲ ဝိုင်းအားပေးကြတော့ ဆိုင်ရှင်ကလည်း အလိုက်တသိပဲ ပြန်သိမ်းသွားတယ်၊
အညာလက်ရာ မန်ကျည်းရွက်သုပ်...၊ တော်တော်လေးကို ကောင်းပါတယ်၊
အဲ.. ဒီအသုပ် နာမည်တော့ မေ့သွားပြီ..၊း) တွေးကြည့်တာ ပြေးကြည့်တာထက် မှန်တယ်ဆိုတဲ့ မောင်နှမတွေ ပါရင် နာမည်လေး ခန့်မှန်းပေးခဲ့ ပါဦးဗျာ..၊
အန်တီစုလည်း ပုဂံလာတုန်းက ဒီ သရပါ-၃ မှာပဲ စားသွားခဲ့ ပါသေးတယ်၊ အခုလိုပဲ ခုံပုလေးတွေမှာ ထိုင်ပြီး စားရပါတယ်၊ အနားမှာ ခွေးကလည်း သုံးလေးကောင်လောက် ရစ်သီရစ်သီနဲ့၊ ဆိုင်ရှေ့က မြေလမ်းမှာ ကားမောင်းသွားရင်လည်း ဖုန်တွေက တလုံးလုံး..၊ ဒါပေမယ့် ကြိုက်တယ်၊ ပကာသန မပါဘူး၊ ဈေးချိုတယ်၊ အညာဟင်းတွေ ရတယ်၊ ကျေးလက်ဆန်တယ်၊ ကျနော်တို့ ၃ ယောက်လုံး ကြိုက်လို့ ၂ ခါပြန် သွားစားဖြစ်တယ်၊
'ဥာဏ်မှာ သဗ္ဗညု' တဲ့..၊ ဘုရားကြီးက စိတ်မကောင်းစရာ အရင်ကထက်ကို ပိုပြီး ညစ်ထပ်ထပ် ဖြစ်သွားပြီ၊ ရေတံလျှောက်တွေက ရေစီးကြောင်းတွေက နံရံပေါ်မှာပဲ စီးကျရင်းနဲ့ အမည်းစင်းကြီးတွေ ဖြစ်လာတယ်၊ အထဲမှာလည်း နံရံဆေးရေးတွေကို ထုံးက အထပ်ထပ် အုပ်ထားလို့ ဘာမှ မကျန်တော့ပါဘူး၊ မအိမ်သူကတော့ သဗ္ဗညုကို အနှစ်သက်ဆုံးလို့ ပြောတယ်၊ ဒီဘုရားကို ရောက်လာရင် ရင်ထဲမှာ မွန်းကျပ်သလို၊ လွမ်းသလို၊ တစုံတခုက ဆွဲထားသလို ခံစားရတယ် ဆိုပဲ၊ သူငယ်ချင်းတွေကို ပြောပြတော့ ဒါဆို ပုဂံခေတ်တုန်းက သဗ္ဗညုမှာ ကောင်းမှုပြုခဲ့တဲ့ မင်းသမီး ဖြစ်မယ်လို့ နောက်ကြတယ်၊ ကျနော်က ခပ်သောသောနဲ့ ဝင်ပြောလိုက်တယ်၊ ဘုရားကို လှူခဲ့တဲ့ 'ကျွန်မ' လည်း ဖြစ်နိုင်တာပဲ-လို့၊ မျက်စောင်းတစ်ချက် ဒိုင်းကနဲ ရောက်လာခဲ့တယ်..၊း)
၂၀၀၉ ပြန်တုန်းက ဒီဘုရားကို ဓါတ်ပုံရိုက်ခဲ့တာ ပုံထွက်က ခပ်ဝါးဝါးပဲ ရတယ်၊ ဒီတစ်ခေါက်တော့ အလင်းဝင်ပေါက် f/1.4 ထိ ဖွင့်လို့ရတဲ့ မှန်ဘီလူးနဲ့ မကျေပွဲ သွားပြန်နွှဲတယ်၊ ပုထိုးသားများ ဘုရားထဲကပါ၊ အထဲမှာ တော်တော့်ကို မှောင်တယ်၊
ပုထိုးသားများက ပုဂံခေတ်ဦး မွန်လက်ရာပါ၊ အဲဒီခေတ်ဦး ဗိသုကာပညာမှာ ပြူတင်းပေါက်၊ မျက်နှာကြက် အပေါက်၊ စတာတွေ မပါဘဲနဲ့ အတွင်းထဲက ဆင်းတုတော်ပေါ်ကို အဓိက ဝင်ပေါက် တစ်ခုတည်းကနေ အလင်းသွယ်ယူတာ တကယ်တော်ပါတယ်၊ ဘုရားထဲ ဝင်လိုက်တဲ့အခါ ခပ်မှောင်မှောင် အခင်းအကျင်းထဲ အပေါ်ပုံထဲကလို ဘုရားက သဘာဝ အလင်းရောင်နဲ့ စံပယ်နေတာ သပ္ပယ်လှတယ်..၊
ဘယ်တော့မှ မရိုးနိုင်တဲ့ ပုဂံရဲ့ မြင်ကွင်း...၊ တခါတလေ အဲဒီလို ဆိတ်အုပ်၊ နွားအုပ်တွေထဲ ဝင်ထိုင်ပြီး တမေ့တမော နွားကျောင်းသား လုပ်နေလိုက် ချင်တယ်..၊း)
'ထုမှာ ဓမ္မရံ' တဲ့...၊ ဓမ္မရံကြီးကို ပုဂံရဲ့ ပိရမစ်လို့ တင်စားခေါ်ကြတာ ဒီလို ရှုထောင့်ကနေ သုံးသပ်ခဲ့ကြတာ ဖြစ်မယ်၊ ကျန်တဲ့ဘုရားတွေမှာ အလှူရှင်တွေ အသီးသီး ပေါ်လာကြပေမယ့် သူ့မှာတော့ အခုထိကို အပယ်ခံ..၊ ဘုရင်ကိုယ်တိုင် အပြီးမသတ်နိုင် မှတော့ နှောင်းလူတွေလည်း လက်ရှောင်ကြတယ် ထင်ပါရဲ့...၊ တကယ်တော့ ဒီလိုဖြစ်နေတာကပဲ ခပ်ကောင်းကောင်းလို့ ဆိုရမှာပါပဲ၊ ပြင်လိုက်မှ ပိုဆိုးသွားတာတွေက များသထက် များလာတယ် မဟုတ်လား..၊
ဒါက ဂူနီညီအစ်မပါ၊ ဒီတခေါက် ပုဂံမှာ စိတ်မကောင်းစရာက ကျနော်နှစ်သက်တဲ့ ဘုရား ၂ ဆူကိုပါ အပေါ်တက်ခွင့် ပိတ်လိုက်တာနဲ့ ကြုံရတာပါ၊ ခေမင်္ဂနဲ့ တရုတ်ပြေး...၊ ဒီဘုရား ၂ ဆူပေါ်မှာ နေကုန်နေခန်း ထိုင်ခဲ့ဖူးတယ်၊ အကြိမ်ပေါင်းများစွာ တက်ဖူးတယ်၊ ဒါပေမယ့် ဘယ်တော့မှ မဝပါဘူး၊ ဂူနီညီအစ်မတော့ အခုထက်ထိ တက်လို့ရသေးတယ်၊ ဓမ္မရံကြီးရဲ့ တောင်ဖက်ကပ်ရက် ပါပဲ၊ မြောက်ဂူနီ ပေါ်ကနေလည်း နေဝင်ချိန်ကြည့်လို့ လှတယ်၊
အဲဒီလို ဘုရားတွေ နောက်ခံနဲ့ ဖုန်တလုံးလုံး မြင်းလှည်းတန်းတွေများ မြင်ရင် ကျနော့်မှာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ ဒီလိုသာ ထိုင်ငေးနေချင် တော့တယ်..၊း)
အို... ချစ်သောပုဂံ...၊
ဒီမြင်ကွင်းလေးကတော့ ဘာမှကို ပြောင်းလဲ မသွားဘူး၊ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်က ကျနော် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်ကလည်း ဒီလိုပဲ ဘုရားရှေ့က ဖြတ်ပြီး နွားတွေကို အိမ်ပြန်မောင်းသွားတာ တွေ့ရတယ်၊ အခုလည်း ဒီနေရာ၊ ဒီအချိန်ပဲ၊ အနောက်ဖွားစောရွာက နွားတွေပါ၊ ပြဿဒ်ကြီး ပေါ်ကနေ ရိုက်ပါတယ်၊
တနေဝင်ပြန် အုံးတော့မယ်၊ ပုဂံဟာ မျက်စိရှေ့မှာပဲ တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပြီ၊ မထတမ်း ဆက်ကြည့်နေမယ်၊ အဲဒီနေလုံး တန့်ကြည့်တောင် အနောက်ကို ငုပ်သွားတဲ့ အထိပေါ့လေ...။ ။
(ဆက်ပါဦးမယ်..)
ညီလင်းသစ်
၁၂ ဧပြီ၊ ၂၀၁၂
0 comments :
Post a Comment