ရွှေပြုံး ငွေပြုံး ပျော်ရွှင်မဆုံး ကျမတို့ တောင်ပြုံး

Saturday, September 8, 2012



‘‘ တောင်ပြုံးပွဲများ ရောက်ပြီဆိုရင်လေ ကျမတော့ သိပ်ပျော်တာဘဲ။ ဟောဒီလိုပွဲမျိုးဆိုတာ တနှစ်မှ တခါလောက်သာ ပျော်ရတာ။ အဲလို ပျော်ရဖို့ အတွက်လည်း တနှစ်လုံး အလုပ်လုပ်ရတာ လူကို ဖတ်ဖတ်မောလို့။ လူမောစိတ်မောနဲ့ လုပ်ခဲ့သမျှ အလုပ်တွေကို ဒီပွဲမှာဘဲ ခ၀ါချကြရတာလေ။ ကျမတော့ ဟောဒီပွဲကို တနှစ်မှ မလာရရင်မနေနိုင်ပါတော်…”

နှစ်စဉ် ၀ါခေါင်လဆန်း ၁ရက်နေ့ကစပြီး  တောင်ပြုံးပွဲတော် နိဒါန်းဖွင့်ကြသည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ် နတ်ယုံကြည်ကိုးကွယ်သူများနှင့် တောင်ပြုံးမင်းညီနောင်၏ အမှုတော်ထမ်း ဆွေတော်မျိုးတော်များ သည်အချိန် သည်ရာသီ ရောက်ပြီ ဆိုလျှင် သည်နန်းသို့ အရောက်လာကြရမြဲ။

ဘိုးစဉ်ဘောင်ဆက် မိဘ အဘိုးဘွားများ၏ သမားစဉ်ကို သားစဉ်မြေးဆက်များက ဆက်ပြီး ထိန်းသိမ်းကြရသည်။ ဝေါထမ်းမျိုးနွယ်ဆိုလျှင် ချိုးရေတော် သုံးသည့်နေ့ အရောက်လာကြရပြီး ဝေါယာဉ်ကို ၀င်လုထမ်းကြရသည်။ ဝေါထမ်းလူများမှလည်း ယင်းဝေါယာဉ်ကို လက်ဆင့်ကမ်း သယ်ယူခြင်းမျိုးမဟုတ်ဘဲ ဝေါကိုလာလုသည့် မည်သူ့ကိုမဆို တတောင်ဆစ်နှင့်တွတ်ခြင်း၊ တွန်းထုတ်ခြင်းများ ပြုလုပ်ကြပြီး ဝေါကို အထိမခံတတ်ကြ။ ဝေါအမှုတော်ထမ်းကလည်း ရိုက်နှက် ပုတ်ခတ် တိုးကြပ်နေသည့် ကြားမှ ဝေါကို လက်ဖျားလေးဖြင့်ဖြစ်ဖြစ် တို့ရ ထိရ ရောက်အောင်သွားပြီး အမှုတော်ထမ်းကြသည်။ သည်လိုမှ တာဝန်ကြေသည်ဟု ဖြေသိမ့် စိတ်သက်သာရာရသည်။ သို့မဟုတ်က တနှစ်လုံး အကြွေးတော်ကြီးတခု တင်ကျန်နေသလို ဘာလုပ်လုပ် အဆင်ပြေမည်မဟုတ်။ ကျန်းမာရေးလည်းကောင်းမည် မဟုတ်ဟု တွေးဆကြသည်။

‘‘ကျနော့်အဘိုးဘွားတွေက မင်းနှစ်ပါးရဲ့ ဝေါအမှုထမ်းတွေ.. အဖေအမေတွေကလည်း နှစ်စဉ်ဒီနေ့ ရောက်တိုင်း မင်းနှစ်ပါ်းနန်းကိုလာပြီး ဝေါထမ်းကြတယ်။ ခု ကျနော်လည်း ဒီအမွေကိုဆက်ပြီး ထိန်းသိမ်းထားတာပါ။ ဒီဝေါထမ်းတဲ့မှု ပျက်ကွက်ခဲ့တယ်ဆိုရင် ကျနော်တို့ ခန္ဓာကိုယ်မှာ ဖျားတာတွေ၊ အမည်ဖော်လို့မရတဲ့ အဖုပိန့်တွေထွက်တာတွေနဲ့ စီးပွားရေးလည်း တနှစ်လုံး ဖြစ်မှာ မဟုတ်ဘူး.. အဲဒါကြောင့် လူတွေကြိတ်ကြိတ်တိုး စည်နေတဲ့ ကြားက ဝေါကို ရအောင်ထမ်းတာပါ” ဟု မင်းနှစ်ပါးနန်းတွင် ဝေါအမှုထမ်းသည့် ကိုကြီးအောင်က ပြောပြသည်။
 တောင်ပြုံးနတ်ပွဲတွင် ဂေးများ (သူတို့အခေါ် မိန်းမလျာများ) ပေါများလှသည်။
 တောင်ပြုံးပွဲသည် တချိန်က ဘုရားပွဲ နတ်ပွဲ ဖြစ်သော်လည်း ယခုတော့ မိန်းမလျာပွဲ၊ အခြောက်တို့ပျော်မြူးရာပွဲ ဖြစ်နေချေပြီ။ နတ်ပွဲဆိုသည့်အတွက် နတ်ကတော်များ ပျော်စံသည့်ပွဲလည်း ဖြစ်သည်။ နတ်ကတော်ဆိုသော်လည်း မိန်းမလျာ နတ်ကတော်က ပိုများသည်။ နန်းများတွင် နတ်ဝတ်နတ်စားများဖြင့် ၀င်ရောက်ကခြင်း၊ ပူးခြင်းနှင့် ပျော်မြူးခြင်းများ လုပ်ဆောင်တတ်ကြသည်။

မြန်မာနိုင်ငံတွင် ဆုတောင်းပြည့် ဘုရားပွဲ၊ ဆုတောင်းရဘုရားပွဲများတွင် တောင်ပြုံးဘုရားပွဲသည် အထူးခြား ဆုံးနှင့် အစည်ကားဆုံးဖြစ်သည်။ ဘုရားပွဲနှင့် အတူ နတ်ပွဲပါဆုံပြီး ကျင်းပသည့် အတွက် နတ်တကာ နတ်ပွဲများတွင်  တောင်ပြုံးနတ်ပွဲသည် လူသိန်းချီ လာရောက်သော ပွဲကြီးတပွဲ ဖြစ်သည်။

“ကျနော်တို့ ငယ်ငယ်တုန်းက ဒီ တောင်ပြုံးပွဲကို အဲလို အခြောက်တွေ အများကြီးမတွေ့မိဘူး။ အဲဒီအချိန်တုန်း ကလည်း အခြောက်ပွဲရယ်လို့ နာမည် မတွင်သေးဘူးဗျ။ အရက်သမားပွဲရယ်လို့ပဲ တွင်သေးတာ။ ဘာလို့ လဲဆိုတော့ အရက်သမားတွေ တအား များတာကိုး”” ဟု မင်းနှစ်ပါး ချိုးရေတော်ဆင်းလာသည့်ပွဲကို ကြည့်နေသူ တဦးက ပြောလေသည်။

““အဲဒီအချိန်တုန်းက မင်းနှစ်ပါးကို ချိုးရေတော် သုံးတာ ခုလို နန်းဆောင်နဲ့ မဟုတ်ဘူး။ မြစ်ဆိပ်ကို သွားပြီး ချိုးရတာ။ လမ်း တလျှောက် အော်ကြ.. ပျော်ကြပေါ့။ အရက်မူးသမားတွေလည်း လမ်းမှာ တုံးလုံးပက်လက်ပဲ။ ရန်ဖြစ်တဲ့လူလည်း ဖြစ်ကြတာပေါ့။ ခုမှဘဲ အခြောက်ပွဲ ဖြစ်သွားတာ။ ဘယ်လိုဖြစ်တယ်တော့ မသိပါဘူး” ဟု သူက ဆက်ပြောသည်။

၁၉၉၈ခုနှစ် အရေးခင်းကာလများပင်လျှင် တောင်ပြုံးပွဲ ဘေးဥပါဒ် တစုံတရာမရှိဘဲ စည်ကားခဲ့သည်။ ယင်းနှစ်ပြီး နောက်တနှစ်မှာပင် မိန်းမလျာများကို တောင်ပြုန်းပွဲမလာရ၊ မကဲဟု အမိန့်ထုတ်ပြန်ခဲ့သေးသည်။ သို့သော်လည်း ယင်းနှစ်မှာပင် တောင်ပြုန်းပွဲအများဆုံးလာသူများက မိန်းမလျာများပင်ဖြစ်သေးသည်။

‘‘မိန်းမလျာတွေကို ဖမ်းတယ်ရယ် လို့တော့ မဟုတ်ပါဘူး။ လူကြီးတွေက ဘုရားပွဲမှာ မိန်းမလျာတွေက ယောင်ယောင် ၀ါးဝါးလုပ်တဲ့ပွဲ အရက်သမားပွဲ မဖြစ်စေဖို့ တားမြစ်တာတွေတော့ ရှိခဲ့ဖူးတယ်။  တောင်ပြုံးပွဲကို မိန်းမလို ၀တ်ပြီး မလာရ။ မိတ်ကပ်၊ ဆံပင် အရှည် လုပ်လာမရ ဆိုတာမျိုးကြုံတဲ့နှစ်တော့ ရှိခဲ့ဖူးတယ်”” ဟု  တောင်ပြုံးနန်းထိန်း အမေနိုးက ထိုကိစ္စ ပြန်လည် ရှင်းပြသည်။

““အမလေး ဒီပွဲမှာ ဂျော်တော်ဂျော် လော်တော်လော်တွေ ပေါတာက ခုမှ မဟုတ်ဘူး။ တို့ငယ်ငယ်လေး ကတည်းကပါတော်။ ရှာကျန်ဟဲဆိုတဲ့ မိန်းမလျာမကြီးက ပုဆိုးကို ထမီင်္လို ၀တ်ပြီး ရထားတတွဲလုံးငှားပြီး တောင်ပြုန်းပွဲကို လာကြတာ တွေ့ဖူးတယ်””

““ဟိတ်ကောင်မတွေ လိုက်ခဲ့ကြဟေ့။  တောင်ပြုံးပွဲကို သွားကြမယ်။ လိုက်ချင်တဲ့လူတွေ တက်ပြီး လိုက်ခဲ့ကြ”” ဆိုပြီး လမ်းတလျှောက်မှာရှိတဲ့ အခြောက်မတွေကို လက်ဆင့်ကမ်းတောင် ခေါ်လိုက်သေးတယ်။

““အဲဒီနှစ်က ရထားတတွဲလုံး အခြောက်မတွေကို နည်းတာမဟုတ်ဘူး။ သူကပဲ  တောင်ပြုံးမင်းနှစ်ပါးကို အဲဒီခေတ်က စိန်ပွင့်ကြီးတွေနဲ့ အသားထဲကို စုတ်ထည့်ခဲ့တာ။ ခု ရွှေချလိုက်တော့ စိန်စုတ်ထားတဲ့ နေရာတွေက ဘုလေးတွေ ဖြစ်နေတာပေါ့”

အမေနိုး တောင်ပြုံးမင်းနှစ်ပါး ဟော်နန်းအရှေ့ဘက်မှာ ယာယီတဲ နန်းဆောင်လေး နေလေရဲ့။ သူ့စကားလုံးများက ခြေဟန် လက်ဟန် အမူယာနှင့် တဖက်သားစိတ်ကို သယ်ဆောင်သွားနိုင်သည်။ စကားကို လေယူလေသိမ်း အချီအချ အနိမ့်မြင့်များနှင့် ပြောဆိုနေမှုကြောင့် အနားတွင် လူများ အုပ်လိုက် ရောက်နေကြသည်။

““အဲဒီခေတ်ကတည်းက ဂျော်တော် ဂျော်၊ မော်တော်မော်တွေက ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်း လူဦးရေတွေလည်း တိုးလာသလို မိန်းမလျာတွေလည်း ပိုများလာတယ်လေ””

““သိမ်မွေ့ခြင်း၊ နူးညံ့ခြင်း၊ ရက်စက်ခြင်း၊ ၀မ်းသာဝမ်းနည်း အတ္တလွန်ကဲ ကြတဲ့ ဂျော်တော်ဂျော်တွေက ““ဟာ.. ဆွဲလုပ်ပစ်လိုက်ရမလား”” ဆိုပြီး ကြောက်တတ်အောင် ဟိန်းဟောက် ခြောက်တတ်တယ်။ ““ဟယ်..သနားပါ တယ်”” ဆိုပြီးလည်း အပျော့လည်းဆွဲ တတ်ကြသေးတယ်။ အဲဒါတွေရောနှောတာကို မိန်းမလျာဟု ခေါ်သည်။ ဒါပါဘဲ သား ရယ်..” ဆိုကာ သူ့စကားကို ပြီး ပြုံးရွှင်စွာနှင့် စကားအစသိမ်းလိုက်သည်။

ပြီး  တောင်ပြုံးနတ်ပွဲနှင့် အခြောက်မများ ဘာကြောင့် ပတ်သက်နေသည်ကို ဟန်ချီပန်ချီ ဆိုသေးသည်။

အဲဒီလို ၀မ်းသာ ၀မ်းနည်း အတ္တလွန်ကဲကြတဲ့ ဂျော်တော်ဂျော်တွေဟာ သနားစရာရှိလည်း သူတို့အပြင်မရှိဘူး။ ဆွဲလုပ်ပစ်မယ် ကျွတ်ကျွတ်ဝါးမယ် ဆိုရင်လည်း သူတို့အပြင်မရှိကြဘူး။ အဲဒါဘာနဲ့သွားဆိုင်လဲ ဆိုတော့ မင်းစိုးရာဇာစိတ်နဲ့ သွားဆိုင်တယ်။ ဒီနတ်က မင်းစိုးရာဇာနတ်လေ။ မင်းစိုးရာဇာဆိုတာကလည်း မြောက်စားမယ် ဆိုရင် တောင်စမှုတ်ကနေ ထောင်ထုပ် ယူစေ။ အာဠာဝီချုပ် ခုတ် ဖြုတ်ထုတ် သတ်လိုက်စမ်း။ အဲဒီလို မင်းစိုးရာဇာစိတ်နဲ့ ဒီလိုနတ်တွေက ယှဉ်တော့ ခုလို  တောင်ပြုံးပွဲမှာ မိန်းမလျာတွေ ပေါကုန်တာပေါ့”” ဟု ရှင်းပြသည်။

ဘယ်သို့ဆိုစေ  တောင်ပြုံးပွဲသည် နတ်များ၏ပွဲဖြစ်သည့်အတွက် နတ်ကတော်တို့ စံပျော်ရာ ဘုမ္မိဆိုလည်း မှန်သည်။ နတ်ပွဲဖြစ်သည့်အတွက် နတ်ကတော်ရှိ၏။ နတ်ကတော် ရှိသည့်အတွက် ယုံကြည်ကိုးကွယ်သူများ တပုံ။ ယုံကြည်ကိုးကွယ်သူများကြောင့် နန်းတွင် ထောင်တန်၊ သောင်းတန်များနှင့် အရက်ပုလင်းများက တံဆိပ်စုံ။ အရက်ပုလင်းတံဆိပ်စုံသည့်အတွက် ကာလာစုံ လူအများကလည်း ဒုနှင့်ဒေး။

“တနှစ်တခါသာ ပျော်ကြတဲ့ ဒီလိုပွဲ မျိုးမှာ လွတ်လပ်မှုတွေ ရှိတယ် ဆိုပေမဲ့ နန်းထိန်းတွေ နတ်ဆရာကြီးတွေက တော့ ပျော်ရွှင်ဖို့ အချိန်ကို မရကြပါဘူး။ လာသမျှ ဧည့်သည်တွေ ကျွေးရ မွေးရ တက်ပွဲ တက်ကြနဲ့မို့။ ဒီပွဲကို အပျော် သက်သက် လိုက်လာကြတဲ့ မိန်းမလျာ သေးသေးလေးတွေဘဲ ပျော်ကြရတာပါ”” ဟု ပုပ္ပါးနန်းထိန်း ကိုတင်မောင်ထွန်းက ဆိုသေးသည်။

‘‘ဒီပွဲက နတ်ကတော်တွေ ပေါင်းစုံအောင်လာတဲ့ပွဲဆိုတော့ နတ်ကတော်တွေကလည်း ယောကျာင်္း၊ မိန်းမနဲ့ မိန်းမလျာဆိုရင် မိန်းမလျာများနေတော့ အခြောက်ပွဲလို့တောင် သတ်မှတ်လို့ရတယ်။ လူမျိုးမရွေး ဘာသာမရွေးက အခြောက်မတွေ လာကြတာ။ ဒီပွဲက သူတို့အတွက် သီးသန့်လုပ်ပေးတဲ့ပွဲ မဟုတ်ပေမဲ့လည်း ကြာလာတော့ အခြောက်မတွေရဲ့ ပွဲဖြစ်ကုန်တာပေါ့။ ဘာဘဲဖြစ်ဖြစ် သူတို့တွေက ပျော်ကြတယ်လေ။ အဓိက ဘာပွဲဘဲလုပ်လုပ် ဘယ်သူဘဲ ပါဝင် ပါဝင် စည်ကားဖို့နဲ့ ပျော်ဖို့က အဓိကမဟုတ်လား”” ဟု ကိုတင်မောင်ထွန်းက အာပေါင် အာရင်း သန်သန်နှင့် နတ်ကတော်များ အကြောင်း  တောင်ပြုံးပွဲလာ မိန်းမလျာများအကြောင်း ဖွင့်ဟလေသည်။

ဘာပဲဖြစ်ဖြစ်  တောင်ပြုံးပွဲသည် စည်ကားနေမြဲ။ ပြီးခဲ့သည့် အစိုးရသစ်တက်သည့်နှစ်မှာပင် နှစ်ပေါင်း ၄၀ ကျော် အတွင်း ရက်အရှည်ဆုံး အစည်ကားဆုံးပွဲဖြစ်ခဲ့သည်။ ပွဲစတင်ကျင်းပသည့် ၀ါခေါင်လဆန်း ၈ရက်နေ့မှာပင် တနေ့လျှင် လူဦးရေ ငါးသိန်းအထက် လာရောက်ခဲ့ကြသည်။ ယင်းနေ့မှစပြီး ၁၄ ရက်နေ့ထိတိုင် လူဦးရေ သိန်းကျော်နှင့် စည်ကားခဲ့သည်။

ယခုနှစ်မှာတော့ မိုးများမစဲ ဖွဲဖွဲရွာသွန်းခြင်းနှင့် ဆိုင်ခန်းဈေးများ အဆမတန် မြှင့်တက်ခြင်းတို့ကြောင့်  တောင်ပြုံးပွဲ ထင်သလောက် မစည်ကားခဲ့သော်လည်း လာသူများ တဖွဲဖွဲ၊ ပြန်သူများလည်း မနည်း သည်းသည်းနှင့် စည်ကားမြဲ ဖြစ်လျက် ရှိနေပါတော့သည်။




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved