မြန်မာပြည်မှာ မြန်မာစာ ဖြောင့်အောင်မရေးနိုင်ကြတာ ဘာကြောင့်လဲ
Friday, September 21, 2012
"ခေါင်နှင့်တူသော စာနယ်ဇင်းမီဒီယာများကပါ မြန်မာစာ ဖြောင့်အောင် မရေးနိုင်သော အားနည်းချက်တွေ ရှိပါက ကြမ်းပြင်နှင့်တူသော စာဖတ်ပရိသတ်တို့ကြားတွင် ထင်သလို ရေးနေကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပါ"
http://3.bp.blogspot.com/__MG2zm6mvXo/SiDu1nvKttI/AAAAAAAACVs/kmfG0F3b9Z0/s320/CIMG0256.JPG 
 ဓာတ်ပုံ - 4friends2flip.blogspot.com
ကျနော်တို့ မြန်မာစာအရေးအသား ညံ့ဖျင်းလာတဲ့အကြောင်းရင်းတွေထဲမှာ
(၁) အင်္ဂလိပ်စာနဲ့ IT နည်းပညာတွေကို ပိုပြီး အရေးပေးလာကြခြင်း၊
(၂) ကျောင်းစာ အလွတ်ကျက်ပြန်ရေးမှ အမှတ်ပေးသည့်စနစ် ဆိုတဲ့ အချက်တွေ ပါတယ် တဲ့။
ဒီနေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ညံ့ဖျင်းလာရခြင်းတွေထဲမှာ အရေးကြီးတဲ့တခြားအကြောင်းရင်းတွေလည်း ရှိမှာပါ။ တချို့က (၁) မှာ ပါတဲ့ အင်္ဂလိပ်စာနဲ့ IT နည်းပညာတွေကို မလေ့လာပေမယ့် မြန်မာစာ အားနည်းကြပါတယ်။
မြန်မာစာအားနည်းချက် နည်းလမ်းရှာပြုပြင်ပါမှ
မြေနီသစ္စာ ~
''မျိုးဆက်သစ်လူငယ်တွေ မြန်မာစာအရေးအသားမှာ အားနည်းချက်တွေရှိလာတယ်''ဟု အငြိမ်းစားမြန်မာစာပါမောက္ခ ဒေါက်တာခင်အေးက သုံးသပ်တင်ပြထားပါသည်။ ယင်းသို့ဆိုလျှင် မျိုးဆက်သစ်လူငယ်တွေ မြန်မာစာအရေးအသားမှာ ဘာကြောင့် အားနည်းချက်တွေ ရှိလာရပါသနည်း။
''အဓိကကျတဲ့အကြောင်းတစ်ခုက မြန်မာစာကို သိပ်အလေးမထားတော့တာလည်း ပါတယ်။ အင်္ဂလိပ်စာနဲ့ IT နည်းပညာတွေကို ပိုပြီး အရေးပေးလာကြတဲ့အပြင် မြန်မာစာကို မွေးကတည်းကတတ်ထားတာမို့ သိပ်ပြီးအားထုတ်ဖို့ မလိုဘူးလို့ ယူဆလာကြတယ်'' ဟု ဒေါက်တာခင်အေးကရှုမြင်လျက် ''စာကို အလွတ်ကျက်ပြီး ပြန်ရေးတာတွေကလည်း ဆိုးကျိုးတစ်ခုဖြစ်လာတယ်'' ဟု ဆိုပါသည်။
''ကျောင်းနေကတည်းက စာကိုအလွတ်ကျက်ပြီးပြန်ရေးမှ အမှတ်ရတယ်ဆိုတာမျိုးတွေကြောင့် ကလေးတွေက မစွန့်စားရဲတော့ဘဲနဲ့ အလွတ်ကျက်ပြီးတော့ပဲ ပြန်ရေးတယ်။ ကိုယ်တိုင် အားထုတ်ကြိုးပမ်းပြီး ရေးရမယ့် အခွင့်အလမ်းမရှိတဲ့ ကလေးတွေ စာမေးပွဲအောင်ပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ အချိန်မှာလည်း အဲဒီအကျင့်က ပါလာတယ်။ ဒီလို ပါလာတဲ့အခါမှာ လူငယ်တွေကော လူကြီးတွေကော မြန်မာစာဖြောင့်အောင် မရေးနိုင်တဲ့ အားနည်းချက်တွေ ရှိနေတယ်''
ဒေါက်တာခင်အေး၏ ယင်းရှုမြင်သုံးသပ်ချက်ကို လေ့လာဆန်းစစ်လျှင် အခြေခံအချက်ကြီးနှစ်ချက်ကို တွေ့လာရသည်။
၁။ မြန်မာစာပေကို ယခင်ကလို အလေး မထားတော့ခြင်း။
၂။ လူငယ်ကော လူကြီးပါ မြန်မာစာကို ဖြောင့်အောင် မရေးနိုင်တော့ခြင်း။
ယင်းအချက်နှစ်ချက်နှင့်ပတ်သက်၍ Media စာနယ်ဇင်းတို့ဘက်မှာ အဓိက တာဝန်ရှိနေပုံကို မြန်မာစာပေပညာရှင် ဆရာကြီး ဦးဖေမောင်တင်က ၁၅-၉-၁၉၅၈ နေ့တွင် သတင်းစာပညာ အတတ်သင်ကျောင်း (စာပေဗိမာန်)မှာ ဤသို့ လမ်းညွှန်ခဲ့သည်။
'' သတင်းစာဆရာဆိုတာ လူထုကိုရှေ့ဆောင်ရမယ့် ပုဂ္ဂိုလ်တွေပါ။ လူထုကြီးသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ပညာပေးရေးသားရမယ်။ လူထုသိသင့် သိထိုက်တဲ့ သတင်းဆောင်းပါးတွေကို ဖော်ပြပေးရမယ်။ အဲသလို လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေဟာ ကိုယ့်မြန်မာစာပေရဲ့ ရေးထုံးတွေကို ဂရုတစိုက်လိုက်နာရေးသားဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာလျှင် မှန်ကန်တဲ့သတင်းတွေနဲ့ဆောင်းပါးတွေ၊ ခေါင်းကြီး (Editorial Perspective) တွေကို ဖြောင့်ဖြောင့်မှန်မှန် ပေးဝေဖြန့်ချိနိုင်မှာပါ။
ဆရာကြီး ဦးဖေမောင်တင် ဆိုမိန့်ညွှန်ကြားသလို လူထုရှေ့ဆောင် မီဒီယာတို့က လည်း မြန်မာစာပေရေးထုံးတွေကို ဂရုတစိုက်လိုက်နာရေးသားဖို့ အထူးလိုအပ်ပါလျက် မျက်ကွယ်ပြုနေကြသည်။ ဂျာနယ်အချို့တွင် မျက်နှာဖုံးကအစ ကို(ကံပစ္စည်း)၊ အား(လက်ခံပစ္စည်း)၊ ကနှင့်မှ(ပစ္စည်း) တို့ကို မှားယွင်းစွာ သုံးနှုန်း ဖော်ပြနေကြပါသည်။
(စောင့်စည်း ထိန်းသိမ်းထားလိုပါ၍ ဂျာနယ်အမည်တို့ကို မဖော်ပြပါ။ သက်သေအထောက်အထားတို့ကို အသင့် စုဆောင်းထားရှိပါသည်။)
ခေါင်နှင့်တူသော စာနယ်ဇင်းမီဒီယာများကပါ မြန်မာစာ ဖြောင့်အောင် မရေးနိုင်သော အားနည်းချက်တွေ ရှိပါက ကြမ်းပြင်နှင့်တူသော စာဖတ်ပရိသတ်တို့ကြားတွင် ထင်သလို ရေးနေကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပါ။
စင်စစ်မြန်မာစာဖြောင့်အောင် မရေးနိုင်သည့်ကိစ္စသည် အမျိုးသားရေးကိစ္စဖြစ်သည်။ မသိကျိုးကျွန်ပြုနေပါက အားလုံးနှင့်ဆိုင်သည့် ယင်းအမျိုးသားရေးကိစ္စသည် တစ်နေ့တခြား နိမ့်ပါးလျှောကျနေပေတော့မည်။
ယင်းကြောင့် ဤအမျိုးသားရေးကိစ္စကို စာနယ်ဇင်းမီဒီယာများကအစ သက်ဆိုင်သူ စာပေပညာရှင်များအပါအဝင် ပြုပြင်နိုင်စွမ်းရှိသူ တစ်ဦးတစ်ယောက်ပါမကျန် အချိန်မီနည်းလမ်းရှာ၍ ပြုပြင်ကုစားကြပါရန် လေးစားစွာ တင်ပြနှိုးဆော်အပ်ပါသည်။ ။
2 comments :
  1. Anonymous said... :
  1. Anonymous said... :
    wow! another national building article....u used အမျိုးသားေ၇း...be careful....ur article leads to bad rather than good... minority groups have been fighting against this cultural assimilation(burmanization) over 60 years.. ....remember that “nation-building” process with the notion of “one religion, one language, and one ethnicity” is unsuitable for multi-ethnic, culture and language countries like the Union of Burma.
    ....
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved