အထင်ကရ မဟုတ်ပေမယ့် အလွန်လှပတဲ့ ကမ္မတောင်

Sunday, September 23, 2012

~


စမ်းစမ်းစိမ့် (မန္တာလာမြေ) ~

http://shweamyutay.com/images/stories/sept-own-2.jpg 
အမှတ် ၁ စက်မှုဝန်ကြီးဌာန စက်ရုံများ နယ်မြေ ကျောက်ဆည်တွင်းမှာ ရှိသော ကမ္မတောင်ပေါ်ကို တက်ခဲ့ရသည့် အကြောင်းလေးကို teen မဂ္ဂဇင်း၏ ကိုယ်တွေ့ ခရီးကဏ္ဍမှာ ဝေမျှချင်ပါသည်။
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် သံရွာအုပ်စု၊ နောင်ခမ်းရွာ၊ ငပြောင်ဆည်မြှောက်ဘက်၊ ကမ္မတောင် ကျောက်ဂူတောရ အောင်တော်မူ ဓမ္မရိပ်သာ (အောင်မေတ္တာ) ဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒသာမိ၏ တရားဓမ္မများကို နာယူ မှတ်ကြားရင်း ကြည်နူး ချမ်းမြေ့ခဲ့ရသည်ကို မျှဝေ ခံစားစေချင်ပါသည်။ စစ်ကိုင်းမှ သီလရှင်လေး တစ်ပါးနှင့် ခင်မင်မှုကြောင့် ဆက်စပ်ပြီး ကျောက်ဂူတောရ ဓမ္မရိပ်သာမှာ ၂၀၀၈ သင်္ကြန်တွင်း ကာလတွင် ၁၀ ရက် တရားစခန်း ၀င်ခဲ့ပါသည်။

ထိုမှစ၍ ကျောင်းထိုင် ဆရာတော်ဘုရား၏ ဆရာတော် မဖြစ်မီ ငယ်ရွယ်စဉ် ကိုရင်ဘ၀မှ စ၍ ထူးဆန်းစွာ တရားကျင့်ပုံ၊ ဆရာတော်၏ မေတ္တာ၊ စေတနာနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများကို နာယူမှုတွေကို မြင်တွေ့ရသောအခါ ခရီးထွက်လာမှု အပေါ် ကျေနပ်အားရမှု ဖြစ်ခဲ့ပါသည်။

စခန်းပြီး ပြန်မည်ပြုလျှင် အရင် ကမ္မတောင် တက်ခဲ့ဖူးသော နယ်ခံလူတွေ က “တောင်တက်သွားပါလား”ဟုဆို၍ “ဘယ်တောင်လဲ” “ဟိုတောင်ပဲ”ဆို ပြီး လက်ညှိုး ထိုးပြလိုက်ရာ မြင်လိုက်ရသည့် တောင်ကိုကြည့်ပြီး “အမလေး”ဟု လန့်တောင် သွားမိပါသည်။ တောင်ခြေရိပ်သာမှ လှမ်းကြည့်လျှင် ဟိုးအဝေးကြီး တောင်အထပ်ထပ် ကျော်ပြီး အမြင့်ဆုံး တောင်ထိပ်ကြီးမှာ တည်ထားသည့် စေတီလေးကို မှုန်ပျပျမြင်ရသောကြောင့် တက်ရမှာလန့် နေမိပါသည်။
နယ်ခံ သူငယ်ချင်းတစ်ယောက်က “ဒီလောက်အမြင့်ကြီး တောင်မှာ တစ်ခါ တက်ဖူးရင် နောက်တစ်ခေါက် တက်ချင်စိတ်ပေါက်တယ်” ဆိုသော အညွှန်းကို လက်တွေ့ စမ်းသပ်ကြည့်ချင်သောကြောင့် တက်ခဲ့ကြသည်။ သူငယ်ချင်း ပြောသည့် အတိုင်း ၂၀၀၈ မှာ တက်ခဲ့ဖူးသော ကျွန်တော်က ၂၀၀၉ သင်္ကြန်မှာ စခန်း မ၀င်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ် တက်ချင်သည့် စိတ်တွေ တဖွားဖွား ပေါ်လာတာကြောင့် တမင် သက်သက်ပင် ကျောက်ဆည်မြို့ ကျောက်ဂူတောရရိပ်သာ ကျောင်းကိုသွားပြီး ဆရာလေး ကျောင်း၌ တစ်ညအိပ်ပြီး မနက်စောစော အဖွဲ့စုပြီး တက်ရောက်ခဲ့ပါသည်။

မန္တလေးမြို့မှ သင်္ကြန် အကြတ်နေ့ ၈ နာရီခွဲတွင် ဆိုင်ကယ်နှင့် ညီအစ်မ နှစ်ယောက် ထွက်လာခဲ့ရာ ကျောက်ဆည်မြို့တွင်းတွင် ရေကစား မဏ္ဍပ်များနှင့် လမ်းပိတ်ဆို့ နေ၍ တစ်ဖန် တောင်ကြီး လမ်းခွဲသွားရာ ဟံမြင့်မိုရ် ရွာလမ်းဘက် မှ မောင်းတာကြောင့် ၁၀ နာရီကျော်မှ ကျောင်းရောက်ပါသည်။ ကျောင်းရောက်ရောက်ချင်း ခင်မင်သူ ဆရာလေးက ဆရာတော်ကြီး ကျောင်းတိုက်သို့ လိုက်ပို့ပါသည်။
ဆရာတော်ကြီး ကျောင်းဆောင်၊ ဒုလ္လဘ ၀င်သူ ရဟန်းသံဃာ ဆောင်များနှင့် ယောဂီများ၊ သီလရှင်၊ လူဝတ်ကြောင် ရိပ်သာ ၀င်သူများ ကျောင်းဆောင်များနှင့်က တသီးတခြားစီ စီမံထားတာကြောင့် နည်းနည်း လှမ်းပါသေးသည်။ ကမ္မတောင်ခြေက ဆရာတော်ကြီး ကျောင်းနှင့် ပိုနီးပါသည်။
ဆရာတော် ဘုရားအားပါလာသည့်မုန့်ထုပ်ဖြင့် လှူဒါန်း ရှိခိုးပြီး ခင်မင် သူဓမ္မ မိတ်ဆွေများကို နှုတ်ဆက်ကာ မနက်ဖြန်တောင် တက်မည့် အဖွဲ့ကို ရှာ၍ အဖော်စုရပါသည်။ မနက်ဖြန် သင်္ကြန် အတက်နေ့ နောက်ဆုံးရက် စခန်းသိမ်း ခါနီးလည်း ဖြစ်တာကြောင့် တက်မည့်သူ မရှားလှပါ။ သူသူကိုယ်ကိုယ် ဒီတောင်ထိပ်ကြီးကို စမ်းတက်ကြည့်ချင်ကြသည်။
 မနှစ်က အတူတက်ခဲ့ဖူး သူ “ကိုမျိုးမြင့်သန်း”က တောလမ်းကို ပို၍ မှတ်မိသောကြောင့် သူပါလိုက်မည် ဟုဆိုကာ နောက်ထပ် ယောက်ျားလေး တစ်ယောက် လိုက်မည်ဆိုသောကြောင့် မိန်းကလေး ၇ ယောက်အဖွဲ့နှင့် တပျော်တပါး စီစဉ်ကြသည်။

ဆရာယိမ်းနွဲ့ပါး၏ ခါကာဘိုရာဇီသို့ တစ်ခေါက် ဟူသော စာအုပ်ထူ ထူကြီးကို ပူပူနွေးနွေး ဖတ်ပြီးခါစ ဖြစ်၍ စိတ်က ပိုပြီး တက်ကြွနေသည်။
ထိုစာအုပ်ကြီး ဖတ်စဉ်ကလည်း ဆရာတို့ ခရီးစဉ်မှာ ကိုယ်တိုင် လိုက်ပါခဲ့ရ သကဲ့သို့ ခံစားမိရင်း စာအုပ်ကြောတွင် မျောသွားသည်။
 “သြော် မြန်မာနိုင်ငံတွင်းမှာ ဒီလို လေးနက်သော ခံစားမှုရှိသည့်၊ အဓိပ္ပာယ် လှပသည့် နေရာတွေ ရှိနေပါလားဟု ခံစားရင်း ရောက်ဖူးချင်ခဲ့သည်။
ဆရာမ မေတ္တာဦး၊ ဆရာမ မသီတာ(စမ်းချောင်း)တို့၏ ခရီးသွား ဆောင်းပါးများ၊ တခြား စာရေးဆရာများ၏ ခရီးစဉ် အကြောင်းတွေ ဖတ်ဖူး၍ ယခု မထင်မရှား တောတောင်ထဲကို သွားရမည်ဆိုသော အခါ ကြီးကြီးမားမားနေရာ သွားရမည်ကဲ့သို့ စိတ်သွင်း ထားသည်။

မနက်ခင်းစောစော ၂ နာရီထိုးတွင် ဆရာလေးက တစ်ဖွဲ့လုံးကို နှိုးပါသည်။ နေပူလျှင် လုံးဝသွားလို့ မကောင်းသည် ဖြစ်သောကြောင့် အေးအေးလူလူ သွားနိုင်ရန် စိတ်ကူးခြင်း ဖြစ်သည်။
မနက်ခင်း အိပ်ရာထ၊ သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ သနပ်ခါး လိမ်းသူ လိမ်းနှင့် အစောစာ အတွက် ထမင်းချက်၊ ယမ်ယမ်ပြုတ်သူ ပြုတ်နှင့် စည်စည် ကားကားလေး ဖြစ်နေသည်။
ရေဘူးနှင့် ဖိနပ်မပါလျှင် ကမ္မတောင်တက်လျှင် သိသွားမည် ဖြစ်သောကြောင့် ဆရာလေးက ရေဘူးပေါင်းများစွာ တန်းစီ ထည့်ပေးထားသည်။ တစ်ယောက် တစ်ဘူးစီ ဆောင်သွားရန် လိုသည်။
ကျွန်မတို့ ညီအစ်မနှစ်ယောက် အချဉ်ပေါင်းထုပ် လိုရင်းထိမိစွာ သဘောပေါက်အောင် တရားဟောပြကောင်းမှုကြောင့် ရိပ်သာဝင်သူ ယောဂီများ၊ ဒုလ္လဘ၀င်သူ ရဟန်းသံဃာများ စိတ်ချမ်းသာစွာ တရားဆည်းပူးများ ကြိုတင်ဝယ်ခဲ့ပြီး ဖြစ်သည်။ အားလုံး ပြင်ဆင်ပြီး စထွက်တော့ ၄ နာရီထိုးသွားပြီ။ ရိပ်သာထဲတွင် ပထမကြိမ် ယောဂီများ တရားထိုင်နေကြ သည်ကို တွေ့ရသည်။

တောင်တက်တာများ ဘာဆန်းသလဲ ဆိုလျှင် ဆန်းသည်ဟု ပြောပါရစေ။ ကျွန်တော် တက်ရောက်ခဲ့သောတောင်သည် မန်မာနိုင်ငံတွင်းမှ ပုပ္ပားတောင်၊ ဇွဲကပင်တောင်လို နာမည် မကြီးလှသလို၊ ကျွန်တော်တို့ မြို့ပတ်ဝန်းကျင်မှာ ရှိသော မန္တလေးတောင်၊ ရန်ကင်းတောင်၊ ကျောက်ဆည်တောင်တို့ကဲ့သို့ ငြိမ့်ငြိမ့်ညောင်း ညောင်းတက်ရသော တောင်မျိုး မဟုတ်ပါပေ။
အ၀တ်အစားကောင်း သန့်သန့်လေး ၀တ်ပြီး ချွေးမထွက်ဘဲ ပြုံးရုံလေး သရုပ်ဆောင်ပြရသော အလှပြ မင်းသားနှင့် ပုဆိုး တိုချင် တိုပါစေ၊ အင်္ကျီစုတ်ချင် စုတ်ပါစေ၊ ချွေးနံ့ ထွက်၍ သနပ်ခါး ပျက်ချင် ပျက်ပါစေ သရုပ်ဆောင် ပီပြင်ရန် အဓိကထားသော သဘာဝ မင်းသားတို့ ကွာခြားပုံမျိုး ကွာခြားလှပါသည်။ မန္တလေးတောင်၊ ရန်ကင်းတောင်တို့သည် ကားလမ်း ပေါက်သည်။
ကားလမ်းမှ မတက်ချင်လျှင် လမ်းလျှောက်တက်ဦး မလား။ မိုးလုံလေလုံ ဘုရားတန်ဆောင်း အရိပ်ကောင်းမှ လှေကားထစ်များပေါ် နင်းပြီး လှလှပပ တက်သွားရုံသာ။ အမော ဖြေစရာ အဖြစ် အအေးဆိုင်၊ စားသောက်ဆိုင်များတွင် စားသောက် အမောဖြေပြီး ဆက်လက်တက်သွား ဘုရားဖူးရုံသာ။ ယခု ကျွန်တော် တက်ခဲ့ဖူးသော ကမ္မတောင်သည် အထင်ကရ မရှိသေးပေ။ ဘုရား စောင်းတန်းမရှိပါ။ အရိပ်ကောင်း သစ်ပင်ကြီး မရှိပါ။ ကားလမ်းမပေါက်ပါ။ စားစရာမရှိပါ။ လူသွားလမ်းတောင် ရှေ့လူ နောက်လူ တက်ခဲ့ဖူးသော လမ်းကြမ်းကျဉ်းလေးတွေသာ ရှိသည်။

လပြည့်ကျော် ညပေမို့ အလင်းရောင်က ခပ်မှေးမှေးရှိတာကြောင့် ဓာတ်မီး အလင်းရောင်ကို အားပြုပြီး စမ်းတ၀ါးဝါး တက်ခဲ့ကြသည်။ နှစ်ယောက်ကို ဓာတ်မီးတစ်လက်ပါမှ တော်ကာကျသည်။
တောတောင် တစ်ခွင် မည်းမှောင်နေသည့်ကြားမှ ဟိုအဝေး အမြင့်ကြီးမှ မီးရောင်လက်လက် လေးတွေကို လှမ်းမြင်ရသည်။ ဒါဆို သေချာပြီ။ ကိုယ့်ထက်အရင် ၁ နာရီ၊ ၂ နာရီတက်ကြသူတွေ။
ညအမှောင်မှာ ဘေးဘီကိုရမ်းမကြည့်ရဲ။ လမ်းမှား မည်စိုးသောကြောင့် ရှေ့ကဦးဆောင်သူ နောက်မှာ လမ်းကြောင်းမှန်အောင် ဂရုစိုက်၍ လှမ်းတက်ရသည်။ ကိုယ့်အဖွဲ့ကိုယ် “ရသေးလားဟေ့” ရသေး တယ်ဆို ဆက်တက်၊ မရတော့ဘူးဆို နားလိုက် စောင့်လိုက်နှင့် လုပ်ရသည်။
တက်ရင်း တောင်တွေ မြင့်လာလေ ပိုပိုမောလာလေ၊ လေတိုက်နှုန်းများလာ လေဖြစ်သည်။

ကမ္မတောင်သည် ကျွန်တော့် အထင် မန္တလေးတောင် ၂ တောင် ဆင့်စာတောင် ကျော်နိုင်သည်။ ကြားထဲမှာ ရန်ကင်းတောင်လိုမျိုး တောင် ပေါင်း ၈ တောင်၊ ၉ တောင်ဖြတ်ခဲ့ရသည်ဟု နယ်ခံတွေက ပြောကြသည်။
တောင်မြင့်ပေါ် ကုန်းရုန်းတက်လိုက်ရ။ တစ်ဖန် တောင်နိမ့်ထဲ လျှောဆင်း ပြေးလိုက်နှင့် ခဏခဏ မြင့်သွားလိုက်၊ နိမ့်သွားလိုက်နှင့် ခက်ခက်ခဲခဲ ဇွဲနှင့်တက်ရသည်။
တချို့နေရာများတွင် လူသွားလမ်းရယ်ဟု သတ်သတ်မှတ် မှတ် မရှိ။ တကယ်အတိ တောင်လမ်းစစ်စစ် ဖြစ်သည်။ တချို့နေရာများတွင် တောင်ကမ်းပါးဘေးမှ ကပ်၍ ဖြတ်တက်ရသည်။
နားနေတာများ ကြာသွားလျှင် နောက်တက်အဖွဲ့က ကျော်တက်၊ သူတို့နားနေလျှင် ကိုယ့်အဖွဲ့က ကျော်တက်သွားနှင့် တောင်တက်လမ်းမှာ မိတ်ဆွေသစ်များ ရသည်။

အဖော်စု သွားသော်လည်း သွားရင်းလာရင်း မောသဖြင့် မလိုက်နိုင်၍ ပြတ်ကျန်ခဲ့လျှင် တောဓလေ့ ဟူး...ဝေး...နှင့် အော်ခေါ်၍ လူပြန်စုရ သည်။
 တချို့ ၅၀၊ ၆၀ အရွယ် အန်တီကြီးများ အစပိုင်းတွင် စိတ်ဓာတ်တက် ကြွခဲ့ကြပြီး တောင်က တကယ်မြင့်ပြီး မောသောအခါ နောက်ကြောင်း ပြန်လှည့် ဆင်းချင်ကြသည်။
ထိုအခါ လူငယ်များက တက်လက်စနှင့် စိတ်လျှော့မပစ်ပါနှင့် ရောက်အောင်တက်ပြီး ဘုရားဖူးပါဆိုပြီး အားပေးကာမှ ဆက်တက်ခဲ့ကြသည်။
ကျွန်တော်တို့ အဖွဲ့မှ “ထားထား”ဆိုသူ သူငယ်ချင်းက “အမလေး၊ ဟူး မောလိုက်တာ၊ မောလိုက်တာ ဆရာတော်ဘုရားပြောတဲ့ ၀င်လေ၊ ထွက်လေတရားက ခုမှ အာရုံရတော့တယ်”ဟု ပြော၍ မောသည့် ကြားက ရယ်ရသေးသည်။

သူပြောသည်မှာလည်း ဟုတ်သည်။ တောင်က မြင့်လာလေလေ တက်ရတာ အမော ပိုလေလေ ဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး ဟင်း ဟင်း၊ ဟူး ဟူး၊ ဟောဟဲ ဟောဟဲ ဆိုတဲ့ အသက်ရှူသံတွေက အတိုင်းသား ကြားနေရသည်။
ဗိုက်ကပိန်လိုက်၊ ဖောင်းလိုက် ဆိုသည်မှာလည်း အထင်းသားဖြစ်နေသလို ခံစားရသည်။ ထိုအချိန်မှာ ရေအသက် တစ်မနက် ဆိုသည်မှာလည်း မှန်လိုက်သည် ဖြစ်ခြင်း။
ရေလေး နည်းနည်းလောက် ပါးစပ်ထဲ ၀င်လိုက်ရင်ဖြင့် အမောပြေပြီး လေတဟူးဟူးနှင့် ဆိုတော့ နားရတာ အရသာရှိလှသည်။ သို့သော် ပြန်ဆက် တက်မည်ဆိုရင် ကိုယ်ပါလာသည့် ရေဘူးတွေနှင့် အိတ်ကို မသယ်ချင် လောက်အောင် ဖြစ်ရသည်။
 ရောက်ခါနီး ဘုရားစေတီမြင့်မြင့်လေး လှမ်းမြင် ရချိန်တွင် တောင်ထိပ်၏ ၃ ပုံ ၂ ပုံ ရောက်လာချိန် အမြင့်တွင် တောတောင်တစ်ခွင် မှိုင်းမှိုင်းညို့ညို့ဆင်ပြီး တဝေါဝေါနှင့် အသံမြည်တိုက်ခိုက်လာသည့် လေကြားမှာ မိုးတဖြောက်ဖြောက် ရွာလာသည်။ အာကာတစ်ခွင် မှောင်ရိပ်ဆင် သွားသည်မို့ ချမ်းစိမ့်စိမ့်နှင့် ချောက်ချောက်ချားချားတောင် ဖြစ်လာသည်။

အမောပြေသည်နှင့် တစ်ခါ ဆက်တက်ခဲ့ကြသည်။ ရောက်ခါ နီးတက်ရသော ခရီးလမ်းသည် မတ်စောက်လာ၍ သဘာဝမိုးရေ တိုက်စားမှုကြောင့် ကျောက်တုံး ကြီးများ ပဲ့ကြွေ၍ ရေစီးကြောင်း တစ်လျှောက် ကျောက်သားအတိ လမ်းဖြစ်နေသည်။ အလင်း ရောင်လည်း သဲကွဲလာပြီ ဖြစ်သည်။
တိမ်ရိပ် တိမ်မည်းတွေ ကျဲတောက်သွား၍ ရာသီဥတု ကြည်လင်လာချိန်တွင် ထီးထီး မတ်မတ်ကြီး ရှိနေသည့် တောင်ထိပ်စေတီကို သေချာ မြင်လာရသည်။
မတ်စောက်သည် ထက်မတ် စောက်မြင့်မားလာသောကြောင့် တစ်ဖက်က ကျောက်သား နံရံကြီး၊ တစ်ဖက်က ချောက်ကြီး၊ အဲသည်ချောက်ကြီးဘက်မှ ၀ါးလုံးတန်းများချည် ပြီး ကာထားသည်။
အဲသည် ၀ါးလုံးကို အားပြုပြီး တက်၍မရ။ ချောက်ထဲ ကျသွားနိုင်သည်။ ၀ါးတန်းက ကာထားရုံပင်။ တစ်ဖက်က ကျောက်သားနံရံ အထစ်အငေါ့တွေကို ကိုင်တွယ် ဖက်ထားပြီး လေးဖက်ကုန်း တက်ရသည်။
 မတ်တတ်ရပ်ပြီး ကျော့ကျော့လေး တက်၍မရ။ ရင်တုန် ပန်းတုန်နှင့် သတိထားပြီး တက်ရသည်။ ရောက်ခါနီး မတ်စောက်လာလေ၊ လေးဖက်ကုန်း တက်ရလေ ဖြစ်လာသည်။

၎ နာရီတွင် စတက်သော ကျွန်တော်တို့အဖွဲ့ သည် မနက် ၆ နာရီ ၃၀မိနစ်တွင် တောင်ထိပ် ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
အပေါ် ရောက်ရောက်ချင်း မြင်ရသည့် မြင်ကွင်းက မောပန်းနွမ်းနယ်နေသော ရင်အစုံကို အေးမြ ကြည်နူးစေသည်။
စေတီ ဘုရားအား ဦးခိုက်ရှိခိုး လိုက်သည်နှင့် တစ်ပြိုင်နက် လာရကျိုးနပ်သည့် ပီတိကို ခံစားလိုက်ရသည်။ တောင်ပေါ်စေတီ ဘုရားသည် တောင်ကမ်းပါးထိပ်တွင် အတွင်းဘက် လိုဏ်ဂူ သဘောဖြင့် ငုံ၍ တည်ထားသည်။
 အပြင်နံရံတွင် ဘုရားဆင်းတုတော် တစ်ဆူ၊ တစ် ခန်းနှင့် လေးခန်းတစ်ပေါက် ပြုလုပ်ထားသော်လည်း အတွင်းဘက်တွင် တစ်ဆူ၊ တစ်ခန်းနှင့် ၃ ခန်း တစ်ပေါက် ပူဇော်ထားပါသည်။

၃ ခန်း ပြီးလျှင် ပတ်ဝန်းကျင် တောင်ရှုခင်းကို လှမ်းမြင် ရသည့် တရုတ်ကပ်မှန်နှင့် ပိတ်ထားသော အပေါက် လေးပေါက် ရှိသည်။ မှန်ဖွင့်လိုက်လျှင် လေတဟူးဟူးနှင့် ဘုရား ကန်တော့ရင်း အေးမြမှုကို ခံစားရသည်။
ထူးခြားသည်မှာ အလယ်ဗဟိုတွင် ပုံမှန်စေတီတော် ပူဇော်မထားဘဲ လေးဖက်လေး တန် ကျောက်သား အပိတ်ပေါ်တွင် မြတ်စွာဘုရား၏ ခြေတော်ရာ ပုံစံထဲတွင် အတွင်းမှ မဂ္ဂင်ရှစ်ပါး ကျင့်ကြံ အားထုတ်နိုင်လျှင် အပြင်ဘက်မှာက သစ္စာ ၄ ပါးတရားကို မြင်နိုင်ပြီဟု ပြထားသည့် သဘောဆောင်သည် ဟု စာရေးသူ ထင်ပါသည်။
စေတီနှင့် ကပ်လျက်က“အမျိုးသမီးများ မတက် ရ”ဟု ရေးထားသည့် သိမ်ကျောင်းဆောင် ရှိပါသည်။ သိမ်ကျောင်းနှင့် မျက်နှာချင်းဆိုင် တရုတ်စကားပင်များကြားတွင် သွပ်မိုး ၂ ခန်း ဆောင် တစ်ထပ်တိုက် ဘုန်းကြီးကျောင်းရှိသည်။

တောင်ထိပ်မှ စီးမိုးကြည့်လျှင် ကိုယ်တက်လာရသည်မှ ဟုတ်ပါလေစဟု အံ့သြရလောက်အောင် တောင်အထပ်ထပ်ကို လှမ်းမြင်ရသည်။ “လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖ၀ါးအောက်” ဆိုသည့် အတိုင်းဖြစ်နေသည်။
 တောင်အနောက်ဘက် ဆင်းလျှောက်ကြည့်လျှင် တည်လက်စ စေတီငယ် တစ်ခုနှင့် ဆုတောင်းပြည့် စေတီငယ်လေးများ ရှိသည်။
ဘုရားလည်ပတ်ဖူးမြော်ပြီး လျှင် ဘုန်းကြီးကျောင်းထဲဝင်ပြီး ပါလာသည့်လှူ ဖွယ်ပစ္စည်း လှူဒါန်းရင်း ၀င်ကန်တော့ကြသည်။ တောင်ပေါ်ရောက်မှ ထူးဆန်းအံ့သြဖွယ်ရာတွေကို တွေ့ရသည်။
ကျွန်တော်တို့ တောင်တက်ခဲ့ရာ တွင် လူချည်း သက်သက်တောင်မှ အနိုင်နိုင်တက် ခဲ့ရသည်မို့ ယခုတောင်ပေါ်တွင် သွပ်၊ အုတ်၊ ထုံး၊ သဲကျောက်၊ ရေဘယ်လိုများ တင်ပြီး ဘယ်လို တည်ဆောက်ခဲ့ကြသည်ကို စိတ်ဝင်စား စရာမို့ ဘုန်းဘုန်းထံ မေးလျှောက်ကြည့်ခဲ့သည်။ ဘုန်းကြီးကျောင်း အရင်ဆောက် လုပ်ခဲ့သည်။

ကျောင်းဆောက်ပြီးလျှင် မိုးရေကန်ကြီး ဆောက်လုပ်ပြီး ရေရမှ စေတီကို တည်ခဲ့သည်ဟု သိရသည်။
 ကျောင်းပြီးစီးသည့် ခုနှစ်က ၁၃၆၅-၁၉၉၅ ဟု ရေးထားသည်။ အဲသည့် အရင် ၂ နှစ်၊ ၃ နှစ် ပစ္စည်းစုပြီးမှ ဆောက်သည်ဟု သိရသည်။
အဲသည့် နှစ်တုန်းကဆိုလျှင် ၃ ဂါလံပုံး၊ ၂ ပုံး ၁ ထမ်းကို ၅၀ ကျပ်၊ အုတ်တစ်ခဲ ၅ ကျပ်၊ သဲတစ်ပြည် ၅ ကျပ်နှင့် တင်၍ နောက် အုတ်တစ်ခဲ ၅၀ နှင့် အဆင့်ဆင့် တိုး၍ တင်ခဲ့ကြ သည်ဟု သိရသည်။
ကုသိုလ်ရချင်သောကြောင့် ကုသိုလ်ဖြစ် တင်သည့် လူလည်း ရှိကြသည်။ ထူးခြားပေစွ။ ဘုရား တန်ခိုး၊ တရား တန်ခိုး၊ သံဃာ တန်ခိုး (ဆရာတော်ကျေးဇူး) များကြောင့် သည်လို မြင့်မားသော တောင်ထိပ်ပေါ်တွင် စေတီတည်၍ ဘုရား ဖူးခွင့်ရခြင်း ဖြစ်သည်။
ကျွန်တော်ကတော့ ရှုမငြီးနိုင်သော၊ ကြည့်ရှုမ၀ နိုင်သော တောတောင် ရှုခင်းတွေကို ကင်မရာနှင့် မှတ်တမ်းတင်ရိုက်ခဲ့သည်။ ကင်မရာက သိပ်မကောင်း၍ စိတ်တိုင်းမကျ ဖြစ်ရသည်။

တောင်ပေါ်တွင် ကြွေပန်းပင်များ ပေါများလှသည်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်ခါတွင် အဲသည် ကြွေပန်းများကို တစ်ခေါင်းလုံးဝေအောင် ပန်ဆင်ခဲ့ဖူးသည်။
ခုတော့ မြို့ပေါ်တွင် ရှားသွားပြီ။ တောင်ပေါ်မှ ကြည့်လျှင် ဇော်ဂျီမြစ်ကို လှမ်းမြင်ရသည်။ ဘုန်းဘုန်းကျောင်းမှ မှန်ပြောင်းကြီးကို ငှားပြီး ကြည့်ရာတွင် တောင်ပေါ်သို့ နောက်ထပ် တက်လာသူများကို တွေ့ရသည်။
အုတ်နီစက်ရုံ၊ ဖိနပ်စက်ရုံ၊ သကြားလုံး စက်ရုံစသည့် စက်ရုံများ နယ်မြေကိုလည်း မြင်ရသည်။ တောင်တော်ရွာ၊ နောင်ခမ်းရွာ၊ ငပြောင်ရွာ၊ သင်္ဂဟိုရွာ၊ သံရွာစသည့် ကျေးရွာများကိုလည်း မှန်ပြောင်းဖြင့် ကြည့်ခဲ့သေးသည်။ တကယ့် မမေ့နိုင်စရာ လှပသော မြန်မာပြည်၏ တောင်ပေါ်ရှုခင်း ပါလေ။

တောင်ပေါ် ဘုန်းကြီးသည် ဥပုသ်သည်များ ပါလာလျှင် တောင်အောက် ဆရာတော်ဘုန်းကြီး၏ မနက်ခင်း သီလတရား မမီမှာစိုး၍ သီလပေးသည်။ ကြည်နူးစရာ ဗုဒ္ဓဘာသာ ပီသမှု ဖြစ်သည်။
နောက်ပြီး တောင်တက်လာ သူအားလုံးကို ဘုန်းကြီးကျောင်းမှ တစ်နေကုန် ထမင်းအ၀ ကျွေးသည်။ ကျောင်းကပ္ပိယဦးကြီးသည် “အ၀စား၊ အ၀စားနော်၊ အလှစားမဟုတ်ဘူး။ ပြီးရင်တော့ ဝေယျာဝစ္စလေး လုပ်အားပေးကြပါဦး” ဟု အော်နေသည်။
ကျွန်တော်တို့ အဖွဲ့လည်း ကြာဇံခတ် ကုလားပဲဟင်း၊ ငရုတ်သီးကြော်၊ သရက် ချဉ်သုပ်ဖြင့် ထမင်းအ၀ စားခဲ့ကြသေးသည်။
ထမင်းစားပြီး နောက်လူများ အတွက် လုပ်အားပေး စားပွဲထိုး လုပ်ခဲ့သေးသည်။ ယခု ကျွေးနေသော ထမင်း၊ ဟင်းများမှာ ကပ္ပိယကြီးမှ ချက်ပြုတ်စရာများ ထုတ်ပေးထား၍ အရင် တက်လာသူက ချက်သွား ပြီးရင် စားသောက်၊ ပြန်ဆင်း၊ နောက်လူက အရင်လူ ချက်ပြီးသား ၀င်စား၊ ပြီးရင် ပြန်ချက်သွား၊ အဲသည်လို နည်းနှင့် တစ်နေကုန် ထမင်းဝိုင်း မပျက်ရှိခဲ့သည်။
 မြန်မာနိုင်ငံသားတို့၏ အချင်းချင်း ကူညီမှု၊ ချစ်စရာလူမှုရေးအသိကို တွေ့ရသည်။ ရဟန်းသံဃာများ တောင် တက်လာလျှင်လည်း ဘုန်းဘုန်းက မွန်းမလွဲမီ ဘုဉ်းပေးနိုင်ရန် စီမံပေးသည်။ ယခုကဲ့သို့ အခါကြီးရက်များတွင် တစ်နေကုန် ဆန် ၃၊ ၄ တင်း ကုန်သည်ဟု သိရသည်။ ပုံမှန် ရက်ဆိုရင်တော့ တက်သည့်လူ သိပ်မရှိဟု သိရသည်။ အဆင်းတွင်မြန်မှာပဲဟု တွက်လျှင် မှားမည်။

မတ်စောက်သော တောင်မှ ဇောက်ထိုးကြီး ဆင်းရသလို ဖြစ်သောကြောင့် ဒူးတွေ ညွတ်ညွတ်သွားကာ ခြေဖ၀ါးတွေ နာလာသောကြောင့် ထောက်ဆင်းစရာ ၀ါးလုံးရှာပြီး ဖြည်းဖြည်း ထိန်းဆင်းခဲ့ရသည်။
အတက်ခရီးနှင့် အဆင်းခရီး အချိန်ချင်းက တူတူလောက် ကျသည်။

မြန်မာနိုင်ငံတွင် အထင်ကရ မဟုတ်သော်လည်း ဒီလို မထင်မရှားတောင်များမှာ လျှို့ဝှက်နက်နဲသည့် သဘာဝ အလှတွေ၊ ဆွဲဆောင်မှုရှိသည့် တောတောင်၏ ပင်ကို ဟန်တွေ၊ ဗုဒ္ဓဘာသာ၏ လေးနက်သည့် အဓိပ္ပာယ်တွေကို ရင်ထဲမှာ သိမြင် ခံစားလာရပါသည်။
ရောက်ဖူး၊ တက်ဖူးခဲ့လျှင်ဖြင့် “ကမ္ဘာမှာ မြန်မာအလှရယ်” ဆိုသည့် မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းလာမှာ အသေအချာမို့ “လူငယ်များကို” ကံမစေမည့် ကမ္မတောင်သို့ တက်ကြည့်ပါလားဟု စေတနာစကားဖြင့် အမှာပါးချင်ပါသည်။ “မောတော့___မောတာ ပေါ့ ___ ဒါပေမယ့် မမောဘူးပေါ့နော်”။


ဖူးငုံမဂ္ဂဇင်း
http://shweamyutay.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved