စည်းရိုးနှစ်ထပ်နှင့် အိမ်ကလေး

Saturday, September 22, 2012

~




သွင်ဆန်းမောင် ~
http://www.shweamyutay.com/images/news/s_aug11/seeyoe2htetninteain.jpg
သည်လမ်းအတွင်းရှိ အိမ်နှင့် ခြံဝိုင်းတွေသည် သူ့နည်းသူ့ဟန်နှင့် နေချင်စဖွယ်တွေချည်းပါ။

ခပ်မြင့်မြင့် အုတ်တံတိုင်းကြီးတွေ၊ ဧရာမသံပန်း သံတံခါးကြီးတွေနှင့် ရဲတိုက်ဆန်ဆန် တိုက်တာကြီးတွေ တော်တော်များများ နေရာယူကာ ကြီးကျယ် ခမ်းနားထည်ဝါစွာ တည်ရှိနေကြပါသည်။ အချို့မှာ လေးလက်မကွန်ကရစ်တိုင်လေးများ ထူကာ သံဆန်ခါလေးများ သေသေသပ်သပ် ကာရံပြီး အမြင်ရှင်းအောင် ဆောက်လုပ်ထားကြသေးသည်။

မတော်တဆ ငေးမိရုံဖြင့် မကြာခဏ ပြန်ပြန် တွေးမိအောင် ဆွဲဆောင်မှု အားကောင်းသည့် အိမ်နှင့်ခြံဝိုင်းလေးကလည်း ဆန်းဆန်းပြားပြား တည်ရှိနေပြန်သည်။ နှစ်စဉ်ရေနံချေး သုတ်ပေးထား၍ မှုန်မှုန်မှိုင်းမှိုင်းလေးဖြစ်နေသည့် သစ်သားခြံစည်းရိုးလေးက စတင် ဖမ်းစားပါတော့သည်။ စည်းရိုး ကာထားပုံလေးက ရိုးသမှ သိပ်ရိုး။ အရိုး လွန်သွားရာမှ အဆန်းဘက်သို့ ကူးသွားခြင်း ဖြစ်နိုင်၏။ ပျဉ်းကတိုး နှစ်တစ်လက်မ သစ်သားချောင်းလေးများကို လက်နှစ်လုံးသာသာ ခြားခြားပြီး ထောင်ကာထားပါသည်။ ထိပ်ဖျားလေးများကို မြားဦးသဏ္ဌာန် ချွန်ထားလိုက်သေးသည်။ ထိုသည်က အပြင်စည်း။

မဟားတရား ခေတ်ကြီးနှင့်အညီ တိုးပွားလာသော ကိုကိုစောရများရန်ကို ကြောက်လွန်း၍ မကြာသေးခင်ကမှ ကာရံထားခြင်းသာ။ နဂိုအတွင်းစည်းက ပုဏ္ဍရိက်ပန်းပင်များကို ထူထူထပ်ထပ် စီစီညီညီ စိုက်ထားခြင်းပင်။ စည်းရိုးနှစ်ထပ်နှင့် မှတ်မှတ်ရရ အိမ်ကလေး။ ထိုသည်က ခြံစည်းရိုး။ အိမ်ကလေး၏ အသွင်အပြင်ကို မြင်သာအောင် ရေးပြပါရစေဦး။ တိုက်တာ အဆောက်အဦတွေကြားက ရှေးရိုးဆန် ပျဉ်ထောင် အိမ်ကလေးတစ်လုံးမျှသာ။ မြင်နေကျအိမ်များနှင့် မတူကွဲပြားလှပါသည်။

အဆောင်ဆောင် အခန်းခန်းတွေကို ဝေေ၀ဆာဆာဖွဲ့၍ အုပ်ဝိုင်းဝိုင်းလေး တည်နေ၏။ ဘုရားခန်းကို ကြည်ညိုဖွယ်ဖြစ်အောင် သီးသန့်တစ်ဆောင် ထုတ်ထားလိုက်သေးသည်။ အသား တော်တော်ကောင်းကောင်း ပျဉ်ကတိုးလျှာထိုးများကိုထောင်ပြီး တစ်အိမ်လုံးကို ကာရံထား၏။ ယင်းသစ်များ၏ မူလအရောင်ကို ပိုမို တောက်ပလာစေရန် ဗားနစ်တို့ဖြင့် အရောင်တင်ထား၏။ ထို့ကြောင့် အဝေးကပင် မြင်နိုင်ပါသည်ဆိုရလောက်အောင် ပေါ်လွင်ပါသည်။ ခြံနှင့်ဝင်းကလည်း ကျယ်ပေသည်ကိုး။

နည်းနည်း အပြစ်ရှာ ပြောစရာရှိသည်မှာ တစ်ထပ်အိမ်ဆိုသည့်တိုင် အောက်ဘက်မှာ လူတစ်ရပ်သာသာ ချန်ထားခဲ့ပုံက ဘုန်းကြီးကျောင်းဇရပ်နှင့် တူသလိုလို။ သည်အချက်ကပင် လှေကားအလှကို အများသူငါ မြင်အောင် အလှဆင်ခွင့် အများကြီး ရရှိသွားပါသည်။

ဤအနီးတစ်ဝိုက်ရှိ အိမ်များသည် မြေရှိသမျှ အဆောက်အဦများကို မဆံ့မပြဲ ဆောက်ထားတတ်ကြ၏။ ယင်းကြောင့် သူတို့၏ အိမ်များသည် လှသင့်သလောက် မလှကြခြင်းဖြစ်သည်။ ထိုစည်းရိုးနှစ်ထပ်နှင့် အိမ်လေးကမူ မြေပြင်ကျယ်ကျယ်မှာ ပြေးလွှားပျော်မြူးနေသည့် မြင်းနီမလေးနှင့်တူလှ၏။

အလုံးစုံ ပြီးပြည့်စုံခြင်းဆိုသည်မှာ မည်သည့်အရာမှာမှ မရှိနိုင်ဟု ဆိုကြ၏။ ဤအချက်ကို ငြင်းစရာမရှိပါ။ စည်းရိုးနှစ်ထပ်နှင့် အိမ်လေးကို အရုပ်ဆိုး အကျည်းတန်အောင် အိမ်ရှေ့ခြံစည်းရိုးတွင် ချိတ်ဆွဲထားသည့် “အိမ်ခြံဖုန်း ရောင်းမည်” ဆိုသည့် ကြော်ငြာ ဆိုင်းဘုတ်လေးက မိမိရရ နှောင့်ယှက် ထားလိုက်၏။ A4 စာရွက်လေးအပေါ်မှာ ကွန်ပျူတာဖြင့် စာစီ၍ ပလတ်စတစ်ကတ်လေးပင် အသေအချာလောင်းထားလိုက်သေးသည်။

အသက်ငါးဆယ်အရွယ် လူကြီးတစ်ယောက် စည်းရိုးနှစ်ထပ်နှင့် အိမ်လေးထဲမှ တလှုပ်လှုပ်ဖြင့် ပေါ်ထွက်လာ၏။ ခြေထောက်တစ်ဖက်မှ တရွတ်ဆွဲကာ ကျန်တစ်ဖက်က ဆာတာတာ။ လက်များက တွန့်လိမ် ကောက်ကွေးနေ၏။ ပါးစပ်ထဲမှ သွားရည်များသည် အံလွဲနေသည့်အတိုင်း တစ်ချိန်လုံး ယိုစီးနေပါသည်။ ခါးဝတ်ပုဆိုးခမျာ မမြဲရှာ၍ စစ်သုံး ခါးပတ်ကြီးနှင့် ပတ်ထားရသေးသည်။ ထိုသူသည် စည်းရိုးနှစ်ထပ်နှင့် အိမ်လေး၏ အရှင်သခင် ဦးကြည်လှဖြစ်ပါသည်။

ယင်း ဝေဒနာဆိုးကြီးကို ပြီးခဲ့သည့်လကမှ လောကဓံတရားဆီမှ မွေးနေ့လက်ဆောင် ရရှိခဲ့ပါသည်။ အိမ်တက်ဆွမ်းကျွေးသည့်နေ့ကပေါ့။ သံမဏိ စိတ်ဓာတ်ပိုင်ရှင် ဦးကြည်လှသည် တဗုန်းဗုန်း လဲလိုက်၊ ပြန်ထလိုက်။ တဗုန်းဗုန်းလဲလိုက်ကနေ ယခုဆို ယိုင်ထိုးယိုင်ထိုး သွားနိုင်သည့်အဆင့်ထိ တိုးတက်လာခဲ့ပါသည်။ ပထမတော့ ကြိုးတန်းတွေ၊ ၀ါးလုံးတန်းတွေ၏ အကူအညီကို ယူခဲ့ရသေးသည်။ မနားမနေ တစ်သွားတည်းသွားကာ လေ့ကျင့်၏။ အားလုံး မြင်ကြသည့်အတိုင်းပါ။ ထိုသည်က ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအနေအထား။ စိတ်အခြေခံအဆောက်အဦကိုတော့ ခန့်မှန်းရ ခက်လှ၏။ ဘာရယ် မဟုတ်ဘဲ ရယ်လိုက် ငိုလိုက်က ရှိသေးသည်ကိုး။

အခုလည်း အိမ်ခြံဖုန်း ရောင်းမည်ဆိုသည့် ဆိုင်းဘုတ်လေးကို မမှိတ်မသုန် စိုက်ကြည့်နေပြန်သည်။ ထို့ နောက် လမ်းဆက်မလျှောက်တော့ဘဲ ခြံစည်းရိုးလေးကို ကျောပေးကာ ခြေလွတ်လက်လွတ်ထိုင်ချလိုက်၏။ မျက်နှာအမူအရာက တစ်ခုခုကို တွေးနေဟန်ဖြင့် သုန်ကာမှုန်ကာ။ ငိုများ ငိုချလိုက်တော့မလားဟု ထင်ရ၏။ ခဏ အကြာမှာ ခြံစည်းရိုး သစ်သားချောင်းလေးတွေကို အားပြုပြီး ထဖို့ရန် ကြိုးစားပြန်သည်။ သူ့ဝန်နှင့်သူ့အားက မမျှ။ လဲကျမတတ် နှစ်ခါလောက် ဖြစ်ပြီးမှ ထနိုင်သွားပါသည်။ ခြေလှမ်းတွေက ကြော်ငြာဆိုင်းဘုတ်လေးဆီကို ဦးတည်ရွေ့လျားနေ၏။ ယခင်ကထက် ပိုမြန် နေသလိုသာ။ ချွေးတွေက တစ်ကိုယ်လုံး ရွှဲရွှဲစိုလို့နေ၏။

ဆိုင်းဘုတ်လေးကို ခြံစည်းရိုးမှာ သံနှင့် ရိုက်ထားခြင်းသာ။ အမြင့်က တစ်ရပ်သာသာ။ ဦးကြည်လှ ဆိုင်းဘုတ်လေးကို လက်ဖြင့်လှမ်းကိုင်ဖို့ ကြိုးစားနေပါသည်။ သူ့လက်တွေက သူ့အလိုသို့မလိုက် တုံ့ဆိုင်းနေကြ၏။ ထိုအခါ ဒေါသတွေ တစ်စတစ်စ ထွက်ပေါ်လာ၏။ အားထုတ်လေ မရလေ၊ ဒေါသထွက်လေ။ တစ်ကိုယ်လုံး နတ်ပူးနေသလို တုန်ခါနေပါတော့သည်။ ဦးကြည်လှ၏ လုပ်ရပ်ကို လမ်းသွားလမ်းလာတွေ နားမလည်ကြပါ။ တစ်ယောက်တစ်မျိုး ထင်ကြေး ပေးကြ၏။ ကိုယ့်လမ်းကိုယ်မသွားဘဲ ရပ်ကြည့်သူက ရှိသေး။ တချို့က သနားလို့ဆိုကာ မျက်နှာမကောင်းကြ။

မကြာပါချေ။ ပုံပျက် ပန်းပျက်ဖြစ်နေသည့် ဦးကြည်လှ မြေကြီးပေါ်သို့ ကိုးရိုးကားရား လဲကျပါတော့သည်။ နာပုံ မရချေ။ မျက်နှာက ပြုံး၍ရွှင်၍။ သြော်- အနားပြုတ်ပြီး ပါလာသည့် ဆိုင်းဘုတ်လေးက သူ့လက်ထဲမှာကိုး။ သူ့ပရိသတ်တွေကလည်း သူကဲ့သို့ ရယ်ကာ မောကာ။

ဦးကြည်လှသည် တောရွာလေးတစ်ရွာမှာ မွေးဖွားလာသူပါ။ မိဘများ၏ လက်ငုတ်လက်ရင်း ဖြစ်သည့် လယ်ယာချောင်းမြောင်း အလုပ်ကိုသာ ခါးတောင်းကျိုက် မဖြုတ်တမ်း လုပ်ကိုင်ပါသည်။ အလုပ်ကိုအလုပ်နှင့် တူအောင်လုပ်သည့်အပြင် စနစ်ဇယားက ကောင်းပြန်သည့်အတွက် အဖိတ်အစဉ်မရှိ။ အသောက်အစား မဖက်၊ လောင်းကစားနှင့်ကလည်း ကင်းကင်းပျက်ပျက် နေတတ်သူမို့။ စဉ်းစားသာကြည့်၊ နှစ်စဉ် ၀င်ငွေက တိုးပြီးရင်း တိုးဖြစ်လေသည်။

ငါ ပင်ပန်းသလို ငါ့ သားသမီးတွေ မပင်ပန်းစေရဘူး ဆိုသည့် မဟာစီမံကိန်းကြီးကို ဦးထိပ်တင်ထားသူမို့ သားသမီးတွေကို လယ်ထဲ ချောင်းထဲ အသီမခံဘဲ ပညာရေး တစ်ခုသာ အာရုံစိုက်လေ၏။ ပညာရေးဟူ၍သာ ခေါင်းစဉ်တပ်လိုက်၊ တောင်းသမျှ ငွေ မနှေးအမြန် ရစေရမည်။ ပညာမှတစ်ပါး တခြားအလုပ်ပိုတွေ နည်းစေချင်၍ ရွာနှင့်မိုင်နှစ်ဆယ် ဝေးသည့် မြို့ကြီးတွင် အိမ်နှင့်ခြံ ၀ယ်ပေးထား၏။ မယားနှင့် သားသမီးတွေ မပူမပင် နေစေ။

မိဘ၏ စေတနာကို အရင်းအတိုင်း နားလည်ကြသည့် သားကြီးနှင့် သမီးလတ် ပညာတတ်ကြီးတွေ ဖြစ်ခဲ့ကြ။ ငွေကြေးဆိုသည့် နှစ်ဖက်သွား ဓားကြီးကို နေရာတကာ အသုံးချမိသဖြင့် အထွေးဆုံး သားလေးမှာမူ လမ်းမှားကိုရောက်၍ မိဘတွေနှင့် အဆက်ပြတ်သည်မှာ ငါးနှစ်ကြာပြီ။ တစ်မိပေါက် တစ်ယောက်ထွန်းလို့သာ ဖြေကြရုံ။ ခေတ်မြန်ကြီးနှင့် ပက်ပင်းတိုး၍ ဟပ်ထိုးလဲသွားခြင်းလည်း ပါသည်ပေါ့။

ထို ငဆိုးလေးကိုမှ သံယောဇဉ်က ပိုနေပြန်သဖြင့် ဦးကြည်လှ အတော်စိတ်ထိခိုက်ခဲ့ရပါသည်။ သည်စိတ်နှင့်ပင် လယ်တွေယာတွေ ရောင်းကာ မြို့ပိုင်းပြောင်းရွှေ့ ပါတော့သည်။ မြို့ကိုပြောင်းပြီး နောက်နှစ်မှာပင် ထာဝရ တိုးတိုးဖော်ကြီးက သူ့ကို အထီးကျန်အောင် လုပ်သွားပြန်ပါသည်။ ဆေးဝါးတွေ၊ ပိုက်ဆံတွေနှင့် ခုခံတွန်းလှန်လို့ မရသည့် ကင်ဆာရောဂါတဲ့။

အခုမှ ငါမပိုင် ငါမဆိုင် ဆိုသည့် အနတ္တသဘောကို ဆရာတော်ကြီးတွေ အကြိမ်ကြိမ် ဟောတာထက် ပိုမြင် ပိုသိခဲ့ရပါသည်။ လူမှန်း သိတတ်ကတည်းက သူ့ဘ၀မှာ လုပ်တိုင်း ဖြစ်ခဲ့သည်မို့ တရားလက်လွတ်တာ မဆန်းပေ။

ယခု သံဝေဂရပြီမို့ သံသရာ ပြတ်မည့် အလုပ်ကို ထလုပ်ပါတော့လားဆိုသည့်အခါ လက်ရှိအိမ်လေးကို ဂျပန်က သမီးလတ်အတွက် ပြင်ပေးချင်သေးသည် တဲ့။ သားကြီးက ရန်ကုန်မှာ အင်ဂျင်နီယာဘ၀နှင့် အခြေတကျ ဖြစ်နေပြီ။ သည်အိမ်နှင့် ခြံကို ညီမလေးအတွက် ထားပေးပါဟု စကားကုန် ပြောပြီးသား။ အိမ်ဟောင်းဖျက်၍ အိမ်သစ်လည်း တည်မည်လုပ်ရော ခြေရင်းဘက်က မြေကွက် ပိုင်ရှင် လင်သေကြွေးပူဈေးနှင့် မြေတစ်ဝက်ပိုင်း ရောင်းပါသည်။ ဈေးကလည်းချို ရွာမှာကဲ့သို့ ခြံကျယ်ကျယ်နေချင်သည့် အာသီသက ရှိနေသဖြင့် မစဉ်းစားဘဲ ၀ယ်ထားလိုက်ပါတော့သည်။

အိမ်ဆောက်မည် လုပ်တော့မှသာ ခေါင်းဖြူအောင် စဉ်းစားရတော့သည်။ မည်သည့်ပုံစံ ဆောက်ကြမည်နည်း။ ဂျပန်မှသမီးက သူ့အတွက် ဆောက်ပေးမည်ကို သိနေသဖြင့် ဂျပန်အိမ်ပုံစံလေးတွေ ဓာတ်ပုံရိုက်ပြီး ပို့ပေးပါသည်။ ဦးကြည်လှ သဘောမကျပေ။ ကျမည့်ကျတော့ ထိုင်းနိုင်ငံမှာအဆောက်များသည့် အိမ်ပုံစံလေး ရွေးချယ်၏။

နောက်ထပ် ပြဿနာတစ်ခုက သည်မြို့ပေါ်က သစ်တွေကို ခွေးချေးထက် ကြောက်သည့် ဦးကြည်လှက “အသား မမှန်ဘူး။ ဆိုက်မမှန်ဘူး။ ဈေးက တအားကြီးတာ” စသဖြင့် ဇီဇာကြောင်ပါတော့သည်။ ရွာတကာ လှည့်ပြီး အိမ်ဟောင်းတွေ ရအောင်ရှာဝယ်ပြန်ပါသည်။ အချိန်နည်းနည်း ပိုပေးရတာကလွဲပြီး သူလိုချင်သည့် သစ်အနေအထား အကုန်ရပါသည်။

ဦးကြည်လှ စနစ်ဇယားကြီးတာ သိကြသည့်အတိုင်း။ ယခုလည်း ဖြစ်ပြန်ပြီ။ ယခုခေတ် လက်သမားတွေက ပညာမစုံသကဲ့သို့ ဆူလွယ်နပ်လွယ်တွေ လုပ်သည်ဟု ဆိုတော့၏။ သို့ဆိုလျှင် ထမင်းထုပ် သိုးအောင် ရှာပေဦးတော့။ အိမ်ဆောက်နေသည့် အိမ်ရှင်အများစုက ပညာရှင်ကို ပညာရှင်ဈေး မပေးချင်ကြသည်မှာလည်း သူ့အခက်အခဲနှင့် သူပင်။ သည်ကိစ္စကို မငြင်းဆန်ရဲသည့် လက်သမားဆရာတွေ ရရာဈေးနှင့် ၀င်လုပ်ကြ၏။ တဖြည်းဖြည်း မြန်ကောင်းသက်သာတို့၊ ပေါချောင်ကောင်းတို့၊ ပြီးပြီးရောတို့မှ ယခုဆို သုံးမရ ချာတူးလန် အဆင့်ထိ လျော့ကျ လာပါတော့သည်။ အလွယ် မလိုက်ချင်သည့် လက်သမားဆရာအစစ်ကြီးတွေက စိတ်အနာကြီး နာပြီး လက်သမားဘ၀ကို စွန့်ခွာသွားကြသည်။ သည်အရာများကို ခရေစေ့တွင်းကျ သိထားသည့် ဦးကြည်လှသည် စွယ်စုံရ လက်သမားဆရာကြီးတစ်ယောက်ကို တွေ့အောင်ရှာပြီး သူ့အိမ်ကို အဆောက်ခိုင်းပါသည်။ ထိုဆရာကြီးလည်း ဦးကြည်လှနှင့် အကြိမ်ကြိမ် ငြင်းခုံရသေး၏။

အိမ်ဆောက်၍ မပြီးခင်မှာပင် ဖုန်းဝယ်တပ်ဖို့ ပိုက်ဆံများကို ဂျပန်ကနေ လွှဲလိုက်၏။ ဦးကြည်လှ၏ ဆန္ဒအတိုင်းဆို ၀ယ်မတပ်ချင်ပါ။ လိုမှ မလိုအပ်ဘဲကိုး။ ဟုတ်ပါသည်။ ယခုဆို အိမ်ခြံဖုန်းများသည် အပိုတွေသာ ဖြစ်နေပါပြီ။ ဦးကြည်လှသည် အ၀တ်အစား သစ်တွေနှင့် တောက်တောက်ပပ ဖြစ်နေပါသည်။ သို့သော် မျက်နှာကတော့ အောက်သိုးသိုးကြီး နေ၏။ စိတ်ကျဉ်းကျပ်၍ ထင်ပါ၏။ သည်နေ့ သူ့ကို သူ့သား ကြီး ကိုမြင့်စိုးကိုယ်တိုင် ရေချိုးပေး၏။ ကြိုကြိုကြားကြားက ကြေးတွေပါ မကျန် တိုက်ချွတ်ပေးပါသည်။ အချိန်အတော် ကြာသွား၏။ ထို့နောက် ဦးကြည်လှ ကြိုက်မည်ထင်သော ဟင်းလျာများကို သားလုပ်သူက ထူးထူးခြားခြား ၀ယ်ကျွေး လိုက်သေးသည်။

ဦးကြည်လှ၏အနီးရှိ ကုလားထိုင်တွင် ကိုမြင့်စိုး ၀င်ထိုင်လေ၏။ တစ်ခုခုကို ဖွင့်ပြောတော့မည့်အသွင် ဆောင်နေ၏။ သူ့အဖေကို ကြည့်လိုက်၊ လမ်းမကို အဓိပ္ပာယ်မဲ့ ငေးလိုက်၊ သက်ပြင်းရှည်ကြီးတွေ ချလိုက်နှင့် အတွင်းစိတ်တွေ ယောက်ယက် ခတ်နေ၏။ လက်ချောင်းလေးကလည်း တုန်ရီနေ၏။ ခဏအကြာတွင် လက်သီးကို တင်းတင်းဆုပ်ပြီး ကိုယ်ကို မတ်မတ်ထားလိုက်၏။
“အဖေ အဖေ”

ဦးကြည်လှ သူ့ကို ခေါ်နေမှန်း သိလည်းသိ၏။ အနီးကပ်မို့ ကြားလည်းကြား၏။ သို့သော် လှည့်မကြည့်ပါ။ နေမြဲတိုင်းနေ၏။ မျက်စိမျက်နှာတော့ အတော် ပျက်နေ၏။ ဘာတွေ ဆက်ဖြစ်လာမည်ကို ကြိုသိထားသကဲ့သို့ပင်။
“အဖေ၊ ကျွန်တော်နဲ့ ရန်ကုန် လိုက်ခဲ့ပါ။ ကျွန်တော် ဒီကို ခဏ ခဏ ပြန်လာလို့ မရတော့ဘူး။ တခြားလူတွေနဲ့ အဖေနဲ့ မဖြစ်ဘူး။ အဖေနေကောင်းရင် ကျွန်တော် ဒီကို ပြန်ပို့ပေးမယ်နော် အဖေနော်”

“ဟင်း အူး အူး”

ဦးကြည်လှ မပီမသ ပြောကာ ခေါင်းတယမ်းယမ်းဖြင့် တုံ့ပြန်၏။ မလိုက်ဘူးဟု ငြင်းပယ်နေခြင်းသာ။
“အဖေ၊ ကျန်းမာရေးက အရေးကြီးတယ်။ ကျန်တာတွေ အရေးမကြီးပါဘူး အဖေရာ။ လိုက်ခဲ့နော် အဖေ”

“အား အူ အူး အား”
အာခေါင်ခြစ်အော်ရုံနှင့် အားမရပေ။ လက်တွေက ကိုမြင့်စိုးကို ရိုက်တော့ပုတ်တော့မတတ် လုပ်လာပြန်သည်။
“အဖေ၊ ကျွန်တော် ကန်တော့ပါတယ် အဖေ၊ ကျွန်တော် ကန်တော့ပါတယ်”

ကြံရာမရသည့် အဆုံး ကိုမြင့်စိုး ထိုင်ကန်တော့လေတော့သည်။ ရိုက်လျှင်လည်း ခံလိုက်မည်ဟု ဆုံးဖြတ်လိုက်၏။

ဦးကြည်လှ သူ့သား၏လုပ်ရပ်ကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တစ်ချက် လှည့်ကြည့်၏။ နောက်ထပ် ဘာတစ်ခွန်းမှ မပြောတော့ဘဲ ကြက်ကြီးလည်လိမ်ထားသလို ထိုင်နေပါတော့သည်။ ထိုအချိန်မှာပင် ရန်ကုန်က လာကြိုသည့်ကားလည်း ရောက်လာပါသည်။ ကားရှိရာသို့ ကိုမြင့်စိုး ခပ်သုတ်သုတ် ထသွားလေ၏။ ကားဒရိုင်ဘာ၏ အမေးကို ခပ်တိုတိုဖြေ၏။ ထို့နောက် ကိုမြင့်စိုးဦးဆောင်ကာ နှစ်ယောက် အိမ်ပေါ်သို့ တက်လာကြ၏။ ကိုမြင့်စိုး ဒုတိယ အကြိမ်ထပ် ကန်တော့ပြန်၏။ ဦးကြည်လှ ငြိမ်ချက်သားကောင်းဆဲ။ မျက်နှာ မည်းမည်းကြီးပေါ်မှာ မျက်ရည်တွေ အိုင်ထွန်းလျက်။ ကိုမြင့်စိုး သတိမထားမိပေ။ သူသိသည်မှာ သူ့အဖေကို ရန်ကုန် ခေါ်သွားရန်ပင်။

ကိုမြင့်စိုး ကားဒရိုင်ဘာကို အသာလက်တို့ကာ ဦးကြည်လှအား လက်မောင်းကနေ တစ်ယောက်တစ်ဖက်စီမ၍ ကားရှိရာသို့ ခေါ်ဆောင်သွားကြပါသည်။ ဦးကြည်လှ၏ ခြေထောက်တွေသည် မြေကြီးနှင့် မထိတစ်ချက် ထိတစ်ချက်ဖြင့် ပါသွားလေ၏။
တစ်လမ်းလုံး ငြိမ်ပြီး လိုက်လာပြီးခါမှ ခြံဝအရောက်တွင် သူ့သား၏ လက်ကို ခပ်တင်းတင်းဆုပ် ကိုင်ထားလိုက်၏။ ကိုမြင့်စိုး သိလိုက်သည်က သူ့အိမ်လေးကို မသွားခင် ကြည့်ချင်သေး၍ ခွင့်တောင်းခြင်းဟု ထင်လိုက်၏ အဖြူရောင်သန်း ပြူးကြောင်ကြောင် မျက်လုံးတွေကလည်း ထပ်မံ အသနားခံနေပြန်၏။ ကိုမြင့်စိုး အတော်သနားသွားပါသည်။
“ကိုသောင်း၊ ခဏလောက် အောက်ချပေးလိုက်ဦး”

ပြောလည်းပြော၊ ရပ်လည်းရပ်။ ကားဆရာ အလိုက်သင့် ရပ်လိုက်ရ၏။ ဦးကြည်လှ ဆတ်ခနဲ ရုန်းလိုက်သည်ကို အသာ လွှတ်ပေးလိုက်ကြပါသည်။ ယိုင်ထိုး ယိုင်ထိုးဖြင့် ခြံစည်းရိုးတွေဆီ တိုးကပ်သွားပါသည်။
“အီး အီး အား အား အီ”

ခြံစည်းရိုးရှိ သစ်သားများကို လက်နှစ်ဖက်ဖြင့် အသေဆုပ်ထားပြီး အော်ငိုနေပါတော့သည်။ တော်တော် ကြာကြာထိ ငိုနေ၏။ ကိုမြင့်စိုး မနေသာတော့ဘဲ သူ့အဖေ၏လက်တွေကို အတင်းဖြေ ကာ ကားပေါ် ပွေ့တင်ရန် ကြိုးစားပါသည်။ မ မနိုင်ပါ။ ကိုသောင်း ၀င်ကူရ၏။ တော်တော်ခက်ခက်ခဲခဲကြီးကို ဖြေယူရ၏။ ကားပေါ် ရောက်သည့် အခါမှသာ ဦးကြည်လှ၏ အရိပ်အခြည်ကို အကဲခတ်ရပါတော့သည်။ မလှုပ်မယှက် ငြိမ်သက်နေ၏။ သံသယ ဖြစ်စရာကောင်းလောက်အောင် ငြိမ်သက်နေပါသည်။

“အဖေ...အဖေ”
ကိုမြင့်စိုး မယုံမရဲဖြင့် သူ့အဖေအား လှုပ်ကြည့်လေ၏။ ထင်မထားသည့် တုံ့ ပြန်မှုမျိုး။ ကားကူရှင်ပေါ်တွင် ထိုင်နေရာမှ တစ်ဖက်သို့ လည်ကျသွားလေ၏။ ထိုအချိန်မှာပဲ လေတစ်ချက် ဝေ့တိုက်လိုက်ပါသည်။ ယင်းလေသည် ခြံတံခါး နှစ်ချပ်ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပိတ်ပစ်လိုက်၏။ ယခုထိ ပိတ်နေဆဲ။ ပိတ်လတ္တံ့။



(၂၀၁၁ ဩဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတို)




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved