သာပေါင်းတွင် လူပေါင်းရာနှင့်ချီ ဖျားနာ

Tuesday, September 18, 2012


~




သန့်စင်ငြိမ်းချမ်း
~

ပြီးခဲ့သည့် သြဂုတ်လက တွေ့ရသည့် သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာ အလယ်တန်းကျောင်း (ဓာတ်ပုံ - သန့်စင်ငြိမ်းချမ်း/ဧရာဝတီ)

ရေကြီးမှုဒဏ် အကြီးအကျယ် ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖျားနာနေသူ ရာနှင့်ချီရှိသည်ဟု သိရသည်။

ထန်းဇင်လှ၊ ထန်းကြို့ကုန်း၊ အင်းကလေးနှင့် အနီးနားကျေးရွာတချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင် ဖျားနာကြခြင်း ဖြစ်ပြီး အများစုမှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ဆိုသည်။

ထန်းဇင်လှကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းသားစုစုပေါင်း၏ ၃ ပုံ ၁ ပုံခန့်မှာ ဖျားနာနေကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်အောင်က ပြောသည်။

“ကျနော်တို့ကျောင်းမှာ ကျောင်းသား စုစုပေါင်း ၃၀၀ ကျော်ရှိပါတယ်။ အခု ကျောင်းသား ၁၀၀ လောက် ဖျားနေတယ်။ စာမေးပွဲဖြေတာတောင် ဖျားနေလို့ စောင်ခြုံတွေနဲ့ လာဖြေကြရတယ်” ဟု သူက ပြောသည်။

ထို့ပြင် အင်းကလေးကျေးရွာ မူလတန်းကျောင်းတွင်လည်း ကျောင်းသားစုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ဖျားနာနေသည့်အတွက် တခြားကျောင်းသားများကိုပါ ကူးစက်မည်စိုးသဖြင့် ယခုလ ဒုတိယပတ် တပတ်လုံး ကျောင်းပိတ်ထားကြောင်း ဒေသခံများက ပြောသည်။

ဖျားနာသူ ကလေးသူငယ်များမှာ လသားအရွယ်မှ အသက် ၁၆ နှစ်အရွယ်အထိ ပါဝင်ပြီး လုံလောက်သည့် ကုသမှု မရရှိကြောင်း ယင်းဒေသသို့ သွားရောက်ခဲ့သူ သတင်းထောက်တစ်ဦးက ပြောသည်။

“ထန်းကြို့ကုန်းမှာက ကျန်းမာရေးမှူးရှိတော့ သူကနေ ကုပေးနေတယ်။ ဒါပေမယ့် ဆေးဝါး လုံလောက်မှု မရှိဘူး။ ထန်းဇင်လှမှာ ဆိုရင် ဆေးဆိုင်ရှိတယ်။ ဒါပေမယ့် ရောဂါဖြစ်နေတဲ့ လူက ဆေးဝယ်သောက်ဘို့ ပိုက်ဆံမရှိဘူး။ သူတို့အခြေအနေက စနစ်တကျ ကုသမှုခံဖို့ အမြန်လိုအပ်နေပြီ” ဟု သူက ပြောသည်။

လက်ရှိတွင် ဝေဒနာရှင်များအတွက် မည်သည့်အကူအညီပေးရေးအဖွဲ့မှ မရောက်ရှိသေးပေ။

ဒေသခံတို့က နားလည်တတ်ကျွမ်းစွာ ကုသပေးမည့် ဆရာဝန်များကို မျှော်လင့်နေကြသည်။

ရောဂါဖြစ်ပွားနေသည့်ဒေသမှာ ပြီးခဲ့သည့် ဇူလိုင်နှင့်သြဂုတ်လများအတွင် ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှုဒဏ်ကို အဆိုးဆုံးခံစားခဲ့ရသည့်ဒေသဖြစ်သည်။

“ရှိသမျှ နေရာအကုန်လုံး ရေကြီးနစ်မြုပ်နေတော့ ကလေးတွေက ဆော့စရာ လမ်းလျှောက်စရာ နေရာမရှိဘူး။ အဲတော့ ကလေးတွေ ချိကုန်ကြတယ်” ဟု ထန်းကြို့ကုန်းကျေးရွာ ဆရာတော် ဦးအရိယ၀ံသက မိန့်ကြားသည်။

ပုသိမ်မြို့ အောင်ဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ သန်းထိုက်ကလည်း “ကလေးတွေက မဆော့ရ၊ မသွားမလာရတဲ့ကြားထဲမှာ တုပ်ကွေးကလည်းမိ။ အအေးလည်းပတ် ဆိုတော့ တုပ်ကွေးကြောင့် အာရုံကြောယောင်သွားရင်လည်း ချိသွားတတ်တယ်။ ဗိုက်တာမင်ဘီဝမ်း ချို့တဲ့ရင်လည်း ချိတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

စနစ်တကျ ကုသပါက ပျောက်ကင်းနိုင်သည့်ရောဂါများ ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့က အမြန်ဆုံး ကုသမှုပေးရန် စီစဉ်သင့်ကြောင်း ဒေါက်တာက ဆက်ပြောသည်။

“တုပ်ကွေးရှိရင် တုပ်ကွေးကို အရင်ကု။ နောက် အာရုံကြောအားဆေးပေး။ အားဆေးဆိုတာက ဗိုက်တာမင်ပေါ့။ အဖျားထွက်သွားအောင် ဆေးကုမယ်။ ပြီးရင် ဗိုက်တာမင်ပြန်ပေးမယ်။ အနားယူမယ်ဆိုရင် ပြန်လမ်းလျှောက်ပါတယ်”ဟု သူက ပြောသည်။

ရောဂါဖြစ်ပွားနေသည့် ဒေသသည် သွားလာဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းခရီးဖြင့်သာ သွားရောက်နိုင်သည်။ သာပေါင်းမြို့မှ ၎င်းကျေးရွာများသို့ မော်တော်ဖြင့် ၂ နာရီခန့် မောင်းနှင်ရသည်။

ပြီးခဲ့သည့် ဇူလိုင်နှင့်သြဂုတ်လများအတွင်း မိုးများခြင်းနှင့် မြစ်ရေတက်ခြင်းတို့ကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၃၀၀ ကျော် ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့ရပြီး လူပေါင်း သောင်းနှင့်ချီ၍ ရေဘေးဒုက္ခ ခံစားခဲ့ရသည်။





`

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved