~
သုတကျော် ~
ဆီအုန်းပင်ကို အင်္ဂလိပ်လိုရေးသားရာတွင် မြန်မာသဒ္ဒါရေးထုံးလိုပင် Oil Palm ဆီအုန်းဟုဖော်ပြကြပါသည်။ ထိုဆီအုန်းပင်ကထွက်သော ဆီကိုရေးသားသောအခါတွင်မူ Palm Oil အုန်းဆီဟု ရေးကြပြန်ပါသည်။ ဆီအုန်းပင်၏ ရုက္ခဗေဒအမည်မှာ Elacis Guineensis, Jacq ဟု သတ်မှတ်ထားသည်။ ခရိုမိုဆုမ်း အရေအတွက်မှာ 2n=32 ဖြစ်သည်။
ဆီအုန်းပင်သည် တောင်အမေရိက၊ ဘရာဇီးနိုင်ငံ ကမ်းရိုးတန်း၌ ပေါက်ရောက်သော Cocoid Palm နှင့် ဆင်တူ၍ တောင်အမေရိကသည် ဆီအုန်းပင်၏ ဇာတိမြေဟု ယူဆခဲ့ကြသည်။ နောက်ပိုင်းတွင်မူ အာဖရိကတိုက် အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ၌ ဆီအုန်းပင်များ ပေါက်ရောက်ကြောင်း အနောက်တိုင်းသားတို့ ၁၄ ရာစုတွင် တွေ့ရှိခဲ့ခြင်းကြောင့်လည်းကောင်း၊ နိုက်ဂျာမြစ်ဝ ဒေသရှိ မိုင်ယိုစင်ခေတ်နှောင်း ကျောက်လွှာများတွင် ဆီအုန်းပင်၏ဝတ်မှုန် Pollen နှင့်တူသော ကျောက်ဖြစ်ရုပ် ကြွင်း Pollenများကို တွေ့ရှိရခြင်းကြောင့် လည်းကောင်း၊ အာဖရိကသည် ဆီအုန်းပင်၏ ဇာတိ အစစ်အမှန် ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် သက်သေထူနိုင်ခဲ့ကြပါသည်။
ယနေ့အုန်းဆီ Palm Oil ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကား နေကြသော ဆီများမှာ နှစ်မျိုးနှစ်စား ရှိသည်။ ပထမအမျိုးအစားမှာ ဆီအုန်းသီး၏ အစေ့ခွံ -Shell of Palm Fruit ၏ အပြင်လွှာဖြစ်သော Mesocarp အမျှင်ထုမှ ညှစ်ယူရရှိသော ဆီ ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ ဆီအုန်းသီး၏အစေ့ဆန် -Kernel ကို ကြိတ်ယူရရှိသောဆီဖြစ်သည်။
Palm Oil ခေါ် ဆီအုန်းဆီကို အာဖရိကဒေသတွင်း၌သာ ရောင်း ဝယ်ဖောက်ကားသုံးစွဲနေကြသော်လည်း နောက်ပိုင်းတွင် ဥရောပသားကုန်သည်တို့က သက်ဆိုင်ရာ ဥရောပနိုင်ငံများသို့ တင်သွင်းလာကြသဖြင့် လူသိများခဲ့ရသည်။ ဥရောပတွင် စက်မှုတော်လှန်ရေးကြောင့် စက်ယန္တရားမျိုးစုံပေါ်ထွန်းလာသောအခါ Palm Oil ကို စက်ချောဆီအဖြစ် သုံးစွဲလာကြသဖြင့် ဆီအုန်းစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးမှာ စီးပွားရေး လုပ်ငန်းကြီး တစ်ခု အဖြစ် ဖွံ့ဖြိုးလာခဲ့ကြတော့သည်။
Palm Oilသည် ဥရောပနှင့် အမေရိကတွင် ဆပ်ပြာချက်လုပ်ငန်းများအတွက် အဓိကအရေးပါသော ကုန်ကြမ်းဖြစ်သည်။ ယူနီလီးဗားဘရားသားဆပ်ပြာကုမ္ပဏီက ထုတ်လုပ်သော ဆန်းလိုက်ဆပ်ပြာနှင့် အမေရိကန်လုပ် Palmolive ဆပ်ပြာတို့မှာ ဆီအုန်းပင်ကရသော Palm Oil ကို အခြေခံ ထုတ်လုပ်ထားသည့် ဆပ်ပြာများဖြစ်ကြသည်။ ၁၈၇ဝ ပြည့်လွန် နှစ်များမှစ၍ နိုက်ဂျီးရီးယားနှင့် ဂါနာနိုင်ငံများ အပါအဝင် အနောက်အာဖရိကဒေသ၏ အဓိကပို့ကုန်မှာ ဆီအုန်းဆီ Palm Oil ဖြစ်လာခဲ့သည်။
ဒတ်ခ်ျတို့သည် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းသို့ ၁၈၄၈ ခုနှစ်တွင် ဆီအုန်းပင်များကို စတင် သယ်ဆောင် စိုက်ပျိုးခဲ့ကြသည်။ ဗြိတိသျှလက်အောက်ခံ မလေးကျွန်းဆွယ်ဒေသသို့ ဆီအုန်းပင်များ စတင် ယူဆောင်စိုက်ပျိုးခဲ့သူမှာ စကော့အမျိုးသား William Sime ဖြစ်သည်။ ၁၉၁ဝ ခုနှစ် တွင် Sime ၏ မိတ်ဆွေဘဏ်လုပ်ငန်းရှင် Henery Derby ကလည်း ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းတွင် ပါဝင်လာခဲ့သည်။ နှစ်အနည်းငယ် အတွင်းမှာပင် လုပ်ငန်းများ အကြီး အကျယ် အောင်မြင်လာခဲ့သည်။
Siem Darby ကုမ္ပဏီနှင့် Bou-sted ကုမ္ပဏီ ကဲ့သို့သော ကုမ္ပဏီများ ပေါ်ထွန်းလာကြပြီး ဆီအုန်းခြံကြီးများ ထူထောင်ကာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေးတွင် နှစ်ပေါင်းများစွာ လက် ဝါးကြီးအုပ်ထားခဲ့ကြသည်။ ထို ကုမ္ပဏီကြီးများသည် ၁၉၇ဝ ပြည့် နှစ်များ၌ မလေးရှားအစိုးရက နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းကြီးများကို ပြည်သူပိုင်သိမ်းချိန်အထိ ရပ်တည်နိုင်ခဲ့ကြသည်။
၂ဝဝ၆ ခုနှစ်တွင် Siem Darby Berhad, Golden Hope Planation Berhad, Kupulan Guthrie Berhad တို့ ပူးပေါင်းလိုက်ကြပြီး အခြား ကုမ္ပဏီငါးခုနှင့် တွဲကာ ကုမ္ပဏီကြီး ရှစ်ခုပါဝင်သည့် ကမ္ဘာ့အကြီးဆုံး ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစုကြီးအဖြစ် ထူထောင်ခဲ့ကြသည်။ ထို့နောက်စိုက်ခင်းဧရိယာ ဟက်တာ ၅၄၃ဝဝဝ ကိုမြေလုပ်ငန်းစု -Land Bank အဖြစ် ပြောင်းလဲလိုက်ကြသည်။ ထိုလုပ်ငန်းစုကြီးသည် နှစ်စဉ်ဆီအုန်း ဆီ Palm Oil တန်ချိန် ၂.၅ သန်း အထိ ထုတ်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှု ပမာဏမှာ ကမ္ဘာ့ဆီအုန်း ထုတ်လုပ်မှု၏ ငါးရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
မလေးရှားအစိုးရသည် Federal Land Development Authority -FELDA ကို ဖွဲ့စည်းပြီးနောက် ပြည်သူအများစု ဆင်းရဲမွဲတေမှုမှ လွတ်ကင်းအောင်ဆောင်ရွက်ခဲ့သည်။ နယ်မြေသစ်များ ထူထောင်ကာ မိသားတစ်စုလျှင် မြေဆယ်ဧကနှုန်း အနှစ် ၂ဝ ဆိုင်းငံ့ ပေးချေသော စနစ်ဖြင့် ချထား ပေးခြင်းဖြင့် ပြောင်းရွှေ့ အခြေချလိုသူများကို မက်လုံးပေးဆွဲဆောင်ခဲ့သည်။ ထိုနယ်မြေသစ်များ၌ပြောင်းရွှေ့ အခြေချသူများအား သူတို့ရရှိသော မြေ ၁၀ ဧက ပေါ်တွင် ဆီအုန်း သို့မဟုတ် ရာဘာကို စနစ်တကျ စီမံကိန်းချကာ စိုက်ပျိုးစေခဲ့သည်။ ၁၉၅၇ ခုနှစ် မလေးရှားတို့ လွတ်လပ်ရေး ရရှိပြီးနောက် အစိုးရက ရာဘာ စိုက်ပျိုး ထုတ်လုပ်မှုအပေါ် တန်ဖိုး ထပ်ဆင့် ခံစားခွင့်ရရှိရေးဆောင် ရွက်ပေးခဲ့ပြန်ရာ ပြည်သူအများစု ဆင်းရဲတွင်းမှ လွတ်ကင်းခဲ့ရသည်ဟု ဆိုပါသည်။
၁၉၆ဝ ခုနှစ်မှ ၁၉၇ဝ ခုနှစ် အတွင်း မလေးရှား၏ အဓိကပို့ကုန် ဖြစ်သော သံဖြူနှင့် ရာဘာတို့ ဈေးတွေထိုးကျလာသဖြင့် အစိုးရက ရာဘာအစား အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးနိုင်အောင် စီမံပေးခဲ့သည်။ ထိုစဉ်မှစ၍ မလေးရှားတွင် ရာဘာခြံများမှာ ဆီအုန်းခြံတွေအဖြစ် ပြောင်းလဲခဲ့ကြသည်။ ၁၉၆၁ ခုနှစ်တွင် FELDA ၏ ပထမဆုံးသော ဆီအုန်း စိုက်ပျိုးရေးစီမံကိန်းကို စိုက်ခင်းဧရိယာ ၃၇၅ ဟက်တာဖြင့် စတင်ခဲ့ရာ ၂ဝဝဝ ပြည့်နှစ်သို့ ရောက်သောအခါ ဟက်တာ ၆၈,၅၅၂ဝ အထိ ဖြစ်လာခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် FELDA အဖွဲ့၏ လက်အောက်တွင် အဖွဲ့ဝင် မိသားစုပေါင်း ၁၁၂,၆၃၅ အထိရှိလာ ခဲ့ပြီး စိုက်ခင်းဧရိယာမှာလည်း ဟက်တာ ၈၅၃,၃၁၃ ဖြစ်လာခဲ့သည်။
Oil Palm ကို မလေးရှားနှင့် အပြိုင် စိုက်ပျိုးထုတ်လုပ်သော အခြား အာရှနိုင်ငံမှာ အင်ဒိုနီးရှားဖြစ်သည်။
ဆီအုန်းဆီကို စားသုံးဆီ၊ စက်မှုကုန်ကြမ်း၊ အလှကုန်နှင့် ကျန်းမာရေး အားဖြည့် အာဟာရထုတ်ကုန်လုပ်ငန်းများအပြင် ဇီဝလောင်စာဆီအဖြစ်ပါ အလေးထားလာကြသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါ စိတ်ဝင်တစား ရင်းနှီး မြှုပ်နှံလာကြပါသည်။
လက်ရှိအခြေအနေ၌ ကောက်ယူရရှိသော စာရင်းဇယားများအရ ဆီအုန်းစိုက်ဧရိယာနှင့် ထုတ်လုပ်မှု ပမာဏကို အောက်ပါအတိုင်း တွေ့ရပါသည်။
၁။ ။ မလေးရှား ။ စိုက်ဧရိယာ ဟက်တာ ၄.၅သန်း။ ထုတ် လုပ်မှုတန်ချိန် ၁၇.၇ သန်း။
၂။ ။ အင်ဒိုနီးရှား ။ စိုက်ဧရိယာ တိုးချဲ့ဆဲ။ လက်ရှိထုတ်လုပ် မှုတန်ချိန် ၈.၆၆ သန်း။
၃။ ။ ကိုလံဘီယာ ။ စိုက်ဧရိယာ ဟက်တာ ၁၈ဝ,ဝဝဝ။ ထုတ် လုပ်မှုတန်ချိန် ၈.၃ဝ သန်း။
၎။ ။ အခြားသောနိုင်ငံများမှ စုစု ပေါင်း ထုတ်လုပ်မှုတန်ချိန် ၈.၄ဝ သန်း။
အင်ဒိုနီးရှားသည် လက်ရှိနိုင်ငံခြားဈေးကွက် လိုအပ်ချက်ကို ဖြည့်စွက်ရောင်းချပေးနိုင်ရုံမျှမက ဘိုင်အို ဒီဇယ် ထုတ်လုပ်ရေး၌ပါ စိတ်ဝင်စားလျက်ရှိရာ ဒေသခံကုမ္ပဏီများဖြစ်ကြသော PT Astra Agro Lestari Terbuka, PT Bakrie Group, Suriga Dumai Group တို့နှင့် အတူ နိုင်ငံတကာကုမ္ပဏီများ ဖြစ်ကြသော Cargill, CPT Holding of Singapore နှင့် Rotterdam Refinery တို့ ပါဝင် ရောက်လာကြကာ ခြေလှမ်းပြင်နေကြပြီဖြစ်သည်။
ဘော်နီယိုကျွန်းတွင်လည်း သဘာဝမိုးသစ်တောကြီးများကို ခုတ်ထွင်ရှင်းလင်းကာ ဆီအုန်းစိုက်ခင်းသစ်များ ထူထောင် နေကြပြီဖြစ်သည်။ အလားတူပင် ကိုလံဘီယာ၊ ဘီနင်၊ ကင်ညာ၊ ဂါနာ စသော လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများတွင်လည်း အတော်အသင့် တိုးချဲ့စိုက်ပျိုးနေကြသည်။
အထူးသဖြင့် အင်ဒိုနီးရှားတွင် ဟက်တာ သန်းပေါင်းများစွာ ကျယ် ဝန်းသော သဘာဝမိုးသစ်တောကြီးများမှာ တိုးချဲ့ဆီအုန်းစီမံကိန်းများ ကြောင့် ပျက်စီးစပြုနေပါပြီ။ မြေပြန့် လွင်ပြင်ရှိသစ်တောကြီးများကိုလည်း ဆီအုန်းအတွက် ခုတ်ထွင်ရှင်းလင်း ပစ်ကြသဖြင့် သဘာဝပတ်ဝန်းကျင် အခြေအနေ မကောင်းလှတော့ပေ။ ရေ ဝပ်မြေများ၌ အောင်းနေသော ရေများကို ထုတ်ပစ်ကာ သစ်ဆွေးမြေနှင့် နွံအိုင်များတွင်ပါမကျန် ဆီအုန်းစိုက်ဖို့ စီမံဆောင်ရွက်နေကြပါသည်။
ကမ္ဘာနှင့်အဝန်း ဆီအုန်းဆီ အသုံးတွင်ကျယ်လာခြင်း၊ ဈေးချိုခြင်း စသော အခြေအနေများကြောင့် ဆီအုန်းသမားများ စီးပွားဖြစ်လာကြပါသည်။ မလေးရှားနှင့် အင်ဒိုနီးရှား တွင် ဆီအုန်း ကျေးဇူးကြောင့် ပြည်သူ အများစု စားဝတ်နေရေး အဆင်ပြေ တိုးတက်လာကြသည်။ ခေတ်ကာလ အခြေအနေက တောင်းဆိုလာသော ဘိုင်အိုဒီဇယ်အတွက်လည်း ဆီအုန်း လုပ်ငန်းကြီးများက တစ်ဘက်တစ် လမ်းမှ အကျိုးပြုလာနိုင်စရာရှိလာပါသည်။
ဆီအုန်းဆီဈေးကွက်တွင် မြန်မာတို့နှင့် မရင်းနှီးသော Red Palm Oil ခေါ်ဆီအုန်းဆီအနီမှာ ဗီတာမင် ကြွယ်ဝခြင်း၊ အင်တီအောက်ဆီးဒင့် နှင့် Phytonutrientများပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် အထူး အထောက်အကူပြုသည်ဟု ဆိုပါသည်။ Red Palm Oil မှာ ၄င်းတွင် ပါဝင်နေသော Beta-Carotene နှင့် Lycopene ဓာတ်များကြောင့် နီညိုရောင် ဖြစ်နေသည်။
အဆိုပါ Beta-Carrtotenm နှင့် Lycopene ဓာတ်များကြောင့် နီညိုရောင်ဖြစ်နေသည်။ အဆိုပါ Beta-Carotene နှင့် Lycopene တို့မှာ ခရမ်းချဉ်နှင့် မုန်လာဥဝါ တို့တွင် ကြွယ်ဝစွာပါဝင်နေသော ဓာတ်များဖြစ်ပါသည်။ ဆီအုန်းဆီအနီ မှာ ပါဝင်သော Provitamin A, Beta- Carotene နှင့် Alpha Carrtotene ပမာဏမှာ Carot ခေါ် မုန်လာဥဝါ တွင် ပါဝင်သော ပမာဏထက် ၁၅ ဆပိုပြီး ခရမ်းချဉ်သီးထက် အဆ ပေါင်း ၃၈ဝ ခန့် ပိုသည်ဟုဆိုသည်။ အထူးသဖြင့် ဗီတာမင်အေဓာတ် ချို့တဲ့ မှု ကာလ ရှည်ကြာလာသောအခါ မျက်စိကွယ်ခြင်း၊ မှုန်ခြင်း၊ အရိုးပျော့ခြင်း၊ ကိုယ်ခံအားနည်းခြင်း စသောဝေဒနာများ စွဲကပ်လာတတ်သည်ဟု ဆိုသည်။ စာသင်သား အရွယ်များတွင် ဗီတာမင် အေချို့တဲ့လျှင် ဥာဏ်ရည်ဥာဏ်သွေး ကျဆင်းခြင်း၊ ကျောင်းစာဘက်တွင် ညံ့ဖျင်းခြင်း စသည့် လက္ခဏာများနှင့် ကြုံတွေ့ရတတ်ပါသည်။
သုတေသီတို့၏အဆိုအရ Red Palm Oil ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာမျှ မှန်မှန်မှီဝဲပေးလျှင် ကလေးများ ကျန်းမာဖွံ့ဖြိုးမှု ကောင်းသလို နို့တိုက်မိခင်များ၏ နို့ရည်တွင်လည်း ဗီတာမင်ဓာတ် နှစ်ဆ သုံးဆခန့် ပိုလာတတ်သည်ဟု သိရှိရပါသည်။
Red Palm Oil တွင် အထက် ဆိုခဲ့ပါအတိုင်း Beta-Carotene နှင့် Alpha-Carotene တို့အပြင် အခြားသော Carotene အုပ်စုဝင်အမျိုး ၂ဝ ခန့်လည်း ပါဝင်သည့်အပြင် ဗီတာမင်အီးဓာတ်လည်း ကြ၊ွယ်ဝသည်။ တောင်အာဖရိကမှ ဆီအုန်းဆီအနီကို သုတေသနပြုနေကြသော ပညာရှင်များ၏ အဆိုအရ ဆီအုန်းဆီအနီသည် ကိုလက်စထရောကြောင့် နှလုံးတွင် ကျရောက်တတ်သော အန္တရာယ်များကိုလည်း ထိထိရောက်ရောက် တားဆီးနိုင်ကြောင်း သိရှိရပါသည်။
ဆီအုန်းတွင် Pulp or Mesocarp Oil နှင့် အဆန်ဆီ Kernel Oil ဟူ၍ ပါရှိသည်။ ယင်းဆီနှစ်မျိုးတွင် အခြားသော ဟင်းသီးဟင်းရွက်ဆီများမှာကဲ့သို့ပင် Fatty Acid တွေ ပါဝင်နေကြသည်။ Pulp or Mesocarp ခေါ် အခွံဆီတွင် ပြည့်ဝ Fatty Acid ပါဝင်နှုန်းမှာ ၅ဝ ရာခိုင်နှုန်းခန့် ရှိပြီး Kernel ခေါ် အစေ့အဆန်ဆီတွင် ၈၉ ရာခိုင်နှုန်းအထိ ပါဝင်နိုင်သည်။ ယနေ့ဈေးကွက်ထဲတွင် ရောင်းဝယ် ဖောက်ကား စားသုံးနေသော Palm Oilသည် မြန်မာနှင့် အာရှဒေသခံများ စားသုံးလေ့ရှိသည့် အုန်းဆီ Coconut Oil ထက် ပြည့်ဝဆီ ပါဝင်နှုန်း နည်းကြောင်း သိရသည်။
Palm Oil ထွက်ပစ္စည်းတစ်မျိုး ဖြစ်သော Napalm မှာ Napthenic Acid နှင့် Palmitic Acid အတွဲမှ ဖြစ်ပေါ်လာပြီး ပျစ်ချွဲချွဲအရည်တစ်မျိုးဖြစ်ကာ အလွန်မီးလောင်လွယ်သည်။ ဗီယက်နမ်စစ်ပွဲကာလတွင် နာမည်ကြီးခဲ့သော မီးလောင်ဗုံးခေါ် နပမ်းဗုံးမှာ အဆိုပါ Napalm အရည်ကို အခြေခံ ထုတ်လုပ်ထားသော ဗုံး ဖြစ်သည်။
Mesocrap Oil နှင့် Kernel Oil တွင်ပါဝင်သော Fatty Acid အမျိုးအစားနှင့်ပမာဏ ရာခိုင်နှုန်းကို ဇယားဖြင့် ဖော်ပြလိုက်ပါသည်။
Palm Oil တွင် ပါဝင်သော ကာဗွန်အရေအတွက်နှင့် Fatty Acid ရာခိုင်နှုန်း
Fatty Acidများ ကာဗွန်အရေအတွက် ရာခိုင်နှုန်း
Palmalic Acid C16 44.30
Stearic Acid C18 4.30
Myristic Acid C14 1.00
Oleic Acid C18 10.50
Linoleic Acid C18 00.90
Kenrel Oil တွင်ပါဝင်သော ကာဗွန်အရေအတွက်နှင့် Fatty Acid ရာခိုင်နှုန်း
Fatty Acidများ ကာဗွန်အရေအတွက် ရာခိုင်နှုန်း
Lauric Acid C12 48.20
Myristic Acid C14 16.20
Palmalic Acid C16 8.40
Capric Acid C10 3.40
Caprylic Acid C8 3.30
Stearic Acid C18 2.50
Oliec Acid C18 15.30
Linoliic Acid C18 2.30
ဖော်ပြပါဇယားများအရ ဆီအုန်းအစေ့အဆန်ဆီ Palm Kernel Oil တွင် ဆပ်ပြာကြမ်း၊ ဆပ်ပြာချောနှင့် ဆေးကြောချေးချွတ်ပစ္စည်းများ ထုတ်လုပ်ရာတွင် မပါမဖြစ် အဓိကကျသော Lauric Acid နှင့် Myristic Acidများ ကြွယ်ဝစွာ ပါဝင်သည်။
ဆပ်ပြာကောင်းတစ်ခု၏ အရည် အသွေး တစ်ခုဖြစ်သော အမြှုပ်အထွက် ကောင်းခြင်းသည် Lauric Acid ပေါ် တွင် လုံးဝ မှီတည်သည်။ ကမ္ဘာ့ထိပ်တန်း နာမည်ကြီးဆပ်ပြာများတွင် Lauric Acid မျိုးကွဲပေါင်း ၁၅ ထက် မနည်း ပါဝင်နေသည်ဟုဆိုသည်။ ပင်လယ်ရေကဲ့သို့သော ဓာတုပစ္စည်းများစွာ ပျော်ဝင်နေသည့် ရေစေး Hard Waterများဖြင့် လျှော်ဖွပ် သန့်စင်ရသော ဆပ်ပြာများတွင်မူ Lauric Acid ပစ္စည်းစုံ ၁ဝဝ ရာနှုန်းအထိ ပါဝင်ရသည်ဟု ဆိုသည်။
မှတ်တမ်းများအရ ၂ဝဝ၆ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်တွင်းသို့ တင်ပို့ခဲ့သော ဆီအုန်းဆီ Palm Oil ပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ။ မလေးရှား ။ တန်ချိန် ၈.၁ဝ သန်း။
၂။ ။ အင်ဒိုနီးရှား ။ တန်ချိန် ၈.၂ဝ သန်း။
၃။ ။ ကိုလံဘီယာ ။ တန်ချိန် ၈.၃ဝ သန်း။
၎။ ။ အာဖရိကနိုင်ငံ အများစုနှင့် အခြားဒေသနိုင်ငံများ။ တန်ချိန် ၈.၄ဝ သန်း။
၂ဝဝ၈ ခုနှစ်တွင် အင်ဒိုနီးရှားသည် ဘိုင်အိုဒီဇယ်ထုတ်လုပ်ရေး အတွက်ပါ ရည်စူး၍ တိုးချဲ့စိုက်ပျိုး လာခဲ့ရာ ယခင်က သူ့ရှေ့မှပြေးနေသော မလေးရှားကို ကျော်တက်သွား ပြီဟု FAO ၏ စာရင်းဇယားများအရ သိရသည်။ ဆီအုန်းဆီကို ဘိုင်အိုဒီဇယ် ထုတ်လုပ်ရေး၌ အသုံးချမှု၊ တွင်ကျယ် စီးပွားဖြစ်ထွန်းလာလျှင် ယင်းဆီကိုပင် စားသုံးဆီအဖြစ် အားထား နေရသော စားသုံးဆီ ဈေးကွက်၌ ပစ္စည်း ပြတ်လပ် ရှားပါးလာမည်ကို ကြိုတင် စိုးရိမ်နေကြသူများလည်း ရှိနေပါသည်။
ဗြိတိသျှစားနပ်ရိက္ခာ ကျွမ်းကျင် သူများ၏ ခန့်မှန်းချက်အရ ၂ဝ၅ဝ ခုနှစ်တွင် ကမ္ဘာ့စားသုံးဆီ စုစုပေါင်း လိုအပ်ချက်မှာ ၂ဝဝ၈ ခုနှစ်ကထက် နှစ်ဆတက်ကာ တန်ချိန်သန်း ၂၄ဝ အထိ ရှိလာမည်ဟု ဆိုသည်။ ထိုမျှ ကြီးမားများပြားသော စားသုံးဆီလို အပ်ချက်ကို စရိတ်အကုန်အကျ အသက်သာဆုံးနှင့် ပြည့်မီအောင် ဖြည့်တင်းပေးနိုင်မည့်ဆီမှာ ဆီအုန်းဆီ Palm Oil သာ ဖြစ်သည်ဟုလည်း ဆိုကြပါသည်။
ဇီဝလောင်စာဆိုင်ရာ ပညာရှင်များကလည်း ဆီအုန်းဆီကို Silica Gel နှင့် Treatment ပေးလိုက်လျှင် Methylester အဖြစ် အလွယ်တကူ ပြောင်းသွားနိုင်ဖို့ အခြေအနေကောင်းများ ဖြစ်ပေါ်လာသည်။ ယင်းအခြေအနေတွင် Sodium Hydroxide နှင့် ဓာတ်ပြုပေးလိုက်လျှင် တွင်းထွက် Petroleum diesel နှင့် တန်းတူအရည်အသွေးရှိသော ဘိုင်အိုဒီဇယ်ကို ရရှိနိုင်ပြီး လက်ရှိ အသုံးပြုနေသော ဒီဇယ်အင်ဂျင်များကို တစ်စုံတစ်ရာ ပြုပြင် ပြောင်းလဲပေးစရာ မလိုဘဲ ဘိုင်အိုဒီဇယ်ဖြင့် ပြောင်းလဲမောင်းနှင်အသုံး ချနိုင်မည်ဟုဆိုသည်။
Palm Oil ဆီသန့် တစ်တန် ထုတ်လုပ်ပြီးတိုင်း ဘေးထွက်ပစ္စည်းများအဖြစ် အုန်းလက်၊ အုန်းရွက် ခြောက်တန်ခန့်၊ အုန်းပင်ကိုင်းခြောက် တစ်တန်ခန့်၊ အုန်းသီးခိုင် အခြောက် ငါးတန်ခန့်၊ ကြိတ်ဖတ်တစ်တန်ခန့်၊ အုန်းသီးဆန် တန်ဝက်ခန့်၊ အုန်းဆန်ကြိတ်ဖတ် တန်တစ်စိတ်ခန့်၊ ဆီအရည်ကျဲ တန် ၁ဝဝ လောက် ရနိုင်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ဆီအုန်းခြံထွက် အလေအလွင့်များဖြင့် သူ့ခြံတွင်းမှာပင် ဆီအုန်း ထုတ်ယူနိုင်လောက်သော စွမ်းအင် အရင်းအမြစ်များကို ရရှိနိုင်သည်။
ကမ္ဘာ့စားသုံးဆီ လိုအပ်ချက်ကို သုတေသနပြုနေသူများက နောက်ထပ်ဆီအုန်းစိုက်ခင်း ဧရိယာဟက်တာ ၁၂ သန်းခန့် လိုအပ်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါ လိုအပ်ချက် ဧရိယာဟက်တာ ၁၂ သန်းကိုလည်း သဘာဝမိုးသစ်တောများနှင့် မုတ်သုန်တောများကို မထိပါးစေဘဲ လက်ရှိ မြေလွတ်မြေရိုင်းများမှာပင် တိုးချဲ့ ထူထောင်နိုင်သည်ဟု ဆိုပါသည်။
Palm Oil ကြောင့် နိုင်ငံအချို့တွင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးကာ နိုင်ငံရေးတည်ငြိမ်မှုလည်း ရှိလာသဖြင့် နိုင်ငံအတွက် လိုအပ်သော လူမှုရေး အထောက်အပံ့ အဆောက်အအုံများကို ပံ့ပိုး ဖန်တီးနိုင်ခဲ့ကြောင်း မှတ်တမ်း အထောက်အထားတွေ အခိုင်အမာ ရှိနေပါသည်။
ဥပမာအားဖြင့် ဆီရာယာလီယွန်တွင် မာကင်နီနယ်ရှိ Magbenteh ဆေးရုံအတွက် ဒေသခံ ဆီအုန်းခြံရှင်များက ၄င်းတို့ တိုးချဲ့စိုက်ပျိုးသော ခြံသစ်များမှ ထွက်သည့်ဆီအုန်း ရောင်းရငွေများဖြင့် ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ထောက်ပံ့ ကူညီနိုင်ခဲ့ ကြသည်။ ကွန်ဂိုနိုင်ငံတွင်လည်း Food Security Program က အမျိုးသမီး ဦးဆောင်သော ဆီအုန်း သမဝါယမခြံများ ထူထောင်ကာ ဆီအုန်းဆီ ရောင်းချရာမှ ရရှိသော အမြတ်ငွေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများအတွက် ကူညီ ပံ့ပိုးနိုင်ခဲ့ပါသည်။ FAO ၏ အစီအမံဖြင့်လည်း ကင်ညာနိုင်ငံတွင် စပ်မျိုး ဆီအုန်းခြံများ ထူထောင်ကာ ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။
အထက်ဖော်ပြပါများမှာ ဆီအုန်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆက်နွယ်နေသော ကောင်းကျိုးရလဒ်များဖြစ်ပါသည်။
သို့သော် ထိုဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုကြောင့်ပင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံ တွေ့ခဲ့ရပြီး အချို့ဒေသများတွင် အဖတ်ဆည်၍ မရနိုင်အောင် ပျက်စီး ဆုံးရှုံးခဲ့ကြပါသည်။
ကိုလံဘီယာတွင် အစိုးရက ဖွဲ့စည်းပေးသော ပြည်သူ့စစ်များအတွက် မြေယာသစ် ဟက်တာ ၇ သန်းခန့် ချဲ့ထွင်ကာ ဆီအုန်းခြံများ ထူထောင်ပေးခဲ့သည်။ သို့သော် အစိုးရက တာဝန် အပြည့်အဝ မယူနိုင်သဖြင့် သောင်းကျန်းသူများက ပြည်သူ့စစ် အဖွဲ့ဝင်နှင့် မိသားစုများကို တိုက်ခိုက် မောင်းထုတ်ကာ ထူထောင်စ ဆီအုန်းခြံများတွင် ကိုကင်း ထုတ်လုပ်သော ကိုကာပင်များကို ဝင်ရောက် စိုက်ပျိုးကြပါတော့သည်။
အင်ဒိုနီးရှားနိုင်ငံတွင်မူ မိုးသစ်တောများအတွင်းရှိ Peat Swamp ခေါ် ရေဝပ်ဒေသစိမ့်မြေလွင်ပြင်များမှ ရေများကို မြောင်းသွယ်ကာ ထုတ်ပစ်ခဲ့သည်။ ရေထွက်သွားသော နေရာတွင် ဆီအုန်းခြံများ ထူထောင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် ရေဝပ်စိမ့်မြေများ၌ သဘာဝအလျောက် နှစ်ပေါင်း ငါးထောင်ခြောက်ထောင်ခန့် စုဆောင်းထားသော ကာဘွန်ဓာတ်တွေ ကို ဆွပေးသလိုဖြစ်ကာ အောက်စီဂျင်နှင့် ပေါင်းမိပြီး တောမီးလောင်မှုများ ဖြစ်ပွားနိုင်ပြန်ပါသည်။ ထိုသို့သော တောမီးလောင်မှုများကြောင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် အာရှ ဒေသအချို့တွင် မီးခိုးငွေ့တွေဖုံး လွှမ်းခဲ့ဖူးသဖြင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အငြင်းပွားမှုတွေ ဖြစ်ခဲ့ဖူးပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ၊ ဆီ စားသုံးမှု၊ အထူးသဖြင့် Palm Oil စားမှု လျှော့ချရန်တိုက်တွန်း အကြံပြုခဲ့ ရပါသည်။ ဆီအုန်းဆီ ပါဝင်သော အသင့်စား အစားအစာ Snack များကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ရရှိနိုင်ကြောင်း WHO က အခိုင်အမာ ထုတ်ပြန် ကြေညာထားသည်မှာလည်း ကမ္ဘာသိပင် ဖြစ်ပါသည်။ ဆီအုန်းဖြင့် စီးပွားဖြစ်လာသော အင်ဒိုနီးရှားနှင့် မလေးရှားတို့ကလည်း Palm Oilသည် Coconut Oil တိရစ္ဆာန်အဆီ၊ နွားနို့နှင့် ထောပတ်တို့လောက် အန္တရာယ်မရှိပါဟု ချေပကြသောအခါ နွားနို့လုပ်ငန်းဖြင့် စီးပွားဖြစ်နေကြသော နိုင်ငံများ၌လည်း ဆူညံပူညံသံတွေ ကြားကြရပြန်ပါသည်။
ဤတွင်စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ ဥစ္စာဓနကြောင့် လောဘဦးဆောင်သော ထုတ်လုပ်သူများ၏ ထုတ်ကုန်များကို စားသုံးသူများဘက်က ရသတဏှာမဖက်၊ မောဟမဖက်ဘဲ သတိတရားဖြင့်သာ ဆင်ခြင် စားသုံးကြစေလိုပါသည်။
Ref:1.Palm Oil-Wikipedia:
2:Tropical Crops, Monocotyledom
J.W Purseglove.
ဈေးကွက်ဂျာနယ်မှ ဆောင်းပါးကို ကူးယူဖော်ပြသည်။ http://www.zaygwet.com/eco_opinion.php?id=25
-
0 comments :
Post a Comment