အစိုးရငြိမ်းအဖွဲ့နဲ့ တွေ့ဖို့ KNU ဘားအံသွားပြီ

Saturday, September 1, 2012

.



ပြည်တော်မြင့် ~

(ဓာတ်ပုံများ - ဧရာဝတီ)

သောင်မတင်ရေမကျဖြစ်နေသော နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာကျင့်ဝတ်များ ဆွေးနွေးနိုင်ရန်အတွက် ကရင်အမျိုးသား အစည်းအရုံး KNU မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည့် ယနေ့နံနက်က မြ၀တီမှတဆင့် ဘားအံမြို့သို့ ထွက်ခွာသွားသည်။

မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အဖွဲ့ဝင် ၁၄ ဦး ပါရှိသည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခန့်က ထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့မှတဆင့် ထွက်ခွာသွားခြင်းဖြစ်သည်။

ပထမအကြိမ်ပြည်ထောင်စုအဆင့်ငြိမ်းရေးဆွေးနွေးပွဲတွင် စတင်ဆွေးနွေးခဲ့သည့် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များနှင့်ပတ်သက်၍ ဒုတိယအကြိမ်တွင်လည်း အဓိကထား၍ ဆက်လက် ဆွေးနွေးသွားမည်ဟု KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် ပဒိုစောအားတိုးက ပြောသည်။

၎င်းက “နှစ်ဘက်လိုက်နာရမဲ့ကျင့်ဝတ်တွေနဲ့ လူထုဘ၀ လုံခြုံစိတ်ချရမှု အာမခံချက်ရရှိဘို့အပြင် နှစ်ဘက်တပ် တည်နေရာသတ်မှတ်ရေးကိစ္စတွေကို အဓိကဆွေးနွေးသွားမှာဖြစ်တယ်၊ ဆွေးနွေးမဲ့ရက်ကဒီလ ၃ - ၄ ရက်တွေမှာဖြစ်တယ်” ဟုမြ၀တီမှ မထွက်ခွာမီ ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယနေ့နံနက်ပိုင်းက သတင်းထောက်များနှင့်တွေ့နေသည့် အဖွဲ့ခေါင်းဆောင်နော်စီဖိုးရာစိန်

၎င်းတို့အဖွဲ့သည်ယနေ့တွင် မြ၀တီမှဘားအံသို့ ထွက်ခွာပြီး ၂ ရက်နေ့တွင်တရက်ရပ်နားကာ ၃-၄ ရက်နေ့ များတွင်နှစ်ဘက်ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ၅ ရက်နေ့တွင် ဘားအံမြို့မှတဆင့် မြ၀တီလမ်းကြောအတိုင်း ပြန်လည် ထွက်ခွာလာမည်ဟု ပဒိုစောအားတိုးက ဖြည့်စွက် ပြောကြားသည်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌသမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ ဦးဆောင် တက်ရောက်ကြမည်ဟု မြန်မာအစိုးရပြည်ထောင်စုဝန်ကြီးတဦးကပြောသည်။

အဖွဲ့ဝင် ၁၄ ဦးပါရှိသည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာ စိန်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA စစ်ရုံးမှ ဗိုလ်မှူးချုပ် စရှာထူးဝေါ်၊ ပဒိုအားတိုး အပါအ၀င် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုယ်စားလှယ် ၉ ဦးဖြစ်ပြီး ကျန် ၅ ဦးမှာ မှတ်တမ်းအဖွဲ့ဝင်များဖြစ်သည်

ယနေ့နံနက်ကမြ၀တီမှတဆင့်ဘားအံမြို့သို့ထွက်ခွာသွားသည့် KNU ကိုယ်စားလှယ်အဖွဲ့

ပြည်တွင်းပြည်ပမှ ဆွေးနွေးပွဲလေ့လာသူ ၆ ဦးကိုလည်း KNU က တက်ရောက် လေ့လာစေမည်ဖြစ်ပြီး ပြည်တွင်းမှ ဒေါက်တာအဲနာမေစေးဖ၊ နန်းမြင့်တင်၊ ဘိရှော့ဖိုးရေ၊ ဘုန်းတော်ကြီးမက်သယူးအေးနှင့် ပြည်ပမှ Ms Emma Leslie နှင့် Ms Meghan Stewart တို့ ဖြစ်သည်။

KNU သည်မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက် ဆွေးနွေးရာတွင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များကို အဓိကထား ဆွေးနွေးနိုင်ရန်အတွက် လွန်ခဲ့သည့်အပတ်က ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးက လမ်းညွှန်မှု ချမှတ်ခဲ့သည်။

KNU အဆင့်မြင့်ခေါင်းဆောင်တဦးက “ဒီအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်ကိစ္စကို တထိုင်ထဲနဲ့တော့ ဘယ်လိုမှ ဆွေးနွေးလို့ပြီးမှာ မဟုတ်ဘူး။ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန်ကို ထပ်ပြီးတော့ ဆွေးနွေး ရဦးမှာဖြစ်တယ်၊ ဒီပြဿနာတွေပြေလည်ဖို့ ဆိုတာက မြန်မာအစိုးရအပေါ်မှာ အများကြီးမူတည်ပါတယ်” ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံးသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အတွက် ၁၉၄၉ ခုနှစ်ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီး ယခုနှစ်ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပဏာမသဘောတူညီချက်ကို ဘားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။

၎င်းနောက် ပထမအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရန်ကုန်မြို့ တွင်ပြီးခဲ့သည့် ဧပြီလက ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဘားအံမြို့တွင် ယခုလ ၃ - ၄ ရက်နေ့များတွင် ဆက်လက် ကျင်းပကြမည်ဖြစ်သည်။




.

1 comments :

  1. Anonymous said... :

    hello KNU WHERE YOU GO YOUR WAY OR ?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved