ကချင်ဒုက္ခသည်တွေ ဘာလိုနေသလဲ

Friday, November 30, 2012




~




သန်းထိုက်ဦး ~


တရုတ် - မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောက်လာသည့်  စစ်ပြေး ဒုက္ခသည်များ လာမည့်ဆောင်းရာသီကို ခုခံနိုင်မည့် အနွေးထည်၊ အကျီ၊ ဘောင်းဘီ၊ စောင် စသည့် အကူအညီများ လိုအပ်နေကြောင်း ကချင်ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆားက ဧရာဝတီသို့ ပြောသည်။

လုံခြုံရေးအခြေအနေအရ တိမ်းရှောင်လာသူများ ဟု အစိုးရက ခေါ်ဆိုသူများနေထိုင်သည့် ဒုက္ခသည် စခန်းများတွင် ကျောင်းသုံး ပစ္စည်းများနှင့် ဖိနပ် တို့ကို စေတနာ အလှူရှင်များက ထောက်ပံ့ပေးမှုများရှိသော် လည်း အနွေးထည်နှင့် စောင်များကို  လာရောက် လှူဒါန်းခြင်း မရှိသေးကြောင်း သိရသည်။

“အခုလောလောဆယ် ကျနော်တို့က အားလုံး ၀ိုင်းဝန်ပြီးတော့ စီစဉ်ပေးထားတာတော့ ရှိပါတယ်” ဟု ဦးဒွဲပီဆားက ဆက်ပြောသည်။

အဆိုပါ ဒုက္ခသည်များ ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် ဘာသာရေး အသင်း အဖွဲ့များ၊ နိုင်ငံတကာရောက် အလှူရှင်များနှင့် ပုဂ္ဂလိက အလှူရှင်များက လှူဒါန်းပံ့ပိုးပေးကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း ကချင် လွပ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ ထိန်းချုပ် ဒေသရှိ စစ်ပြေး ဒုက္ခသည်များ ယာယီ နေထိုင်ရန် အတွက် ဆောင်လုပ်ထားသော အိမ်ခြေ ၂၀ ကျော်ကို အစိုးရတပ်က မီးရှို့ပျက်စီးခဲ့ကြောင်း ဦးဒွဲပီဆားက ရှင်းပြသည်။

ယင်း ဒေသတွင် လှုပ်ရှားနေသော အစိုးရ စစ်တပ် ခြေလျင်တပ်ရင်း ၂၄၀ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကြားသိရ ကြောင်း ၎င်းက ဆိုသည်။


လတ်တလောတွင် KIA ၏ လိုင်ဇာ ဗဟို ဌာနချုပ် အနီးတွင် အစိုးရတပ်များ တပ်အင်အားနှင့် စစ်လက်နက်ခဲယမ်းများ တိုးချဲ့ ထားကြောင်း KIA နှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်း သားများ ဒိမိုကရက်တစ် တပ်ဦး ABSDF ပြောရေး ဆိုခွင့်ရှိသူ ဦးလဆိုင်းက ပြောသည်။

တိုးချဲ့သည့် တပ်များမှာ အစိုးရတပ် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၃၊ စကခ ၂၁ နှင့် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း များနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်းများဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ရေး အရ နှစ်ဘက်တင်းမာမှုများ ရှိနေသော်လည်း ယနေ့ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိကြောင်း ဦးလဆိုင်းက ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် KIA  ထိန်းချုပ်မှု အောက်ရှိ ဒုက္ခသည် စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၃,၀၀၀ ကျော်ရှိကြောင်း ဦးဒွဲပိဆားက ပြော သည်။

အစိုးရ ထိန်းချုပ်မှု အောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ မြို့နယ်များတွင်လည်း ဒုက္ခသည် ၃၄,၀၀၀ ကျော် ရှိကြောင်း သိရသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။
ထို့နောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

 တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။


























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved