~
ခင်ဦးသာ ~
![]() |
စစ်တွေမြို့ မင်းဂံဒုက္ခသည်စခန်းမှ မြင်ကွင်းတခု (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ) |
ထိန်ထိန်မလင်းပါဘူး။ မလင်းတဲ့ရခိုင်ဒေသဟာ ပုဂ္ဂလိက မီးပေးဝေရေး လုပ်ငန်းများ မရှိရင် အမှောင်ထဲ ထိုင်နေရမယ့် အခြေအနေ ဖြစ်နေပါတယ်။
မကြာခင် တရုတ်နိုင်ငံကို ပို့မယ့် ဒေသထွက် သဘာဝဓာတ်ငွေ့ တန်ချိန် ကုဗမီတာပေါင်းက တနှစ်ကို ၁၂ ဘီလီယံ ရှိလာပါလိမ့်မယ်။ အဲဒီထဲက တစိတ်တပိုင်း ဒေသတွင်းမှာ သုံးမယ် ဆိုရင် ဒေသခံတွေ လျှပ်စစ်မီးရရှိမှာပါ။
ဟိုတလောက ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားမှာ မီတာခတွေ တက်သွားပါတယ်။
ပဋိပက္ခကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လောင်စာဆီ ဈေးနှုန်းတက်ခြင်း၊ စားသောက်ကုန် ပစ္စည်း ဈေးတက်ခြင်း တို့ကြောင့် စားဝတ်နေရေး ခက်ခဲနေချိန်မှာ ဒီလို မီတာခ တက်လာတာပဲ လို့ ရခိုင်ဒေသခံများက ဧရာဝတီကို ပြောပါတယ်။
ကျောက်ဖြူ -
ယခင်က ကျောက်ဖြူမြို့ ပုဂ္ဂလိက မီးပေးဝေရေး လုပ်ငန်းများက တယူနစ် ကျပ် ၆၅၀ ကောက်ခံပြီး၊ ယခုအခါ ၈၀၀ အထိ ကောက်ခံနေတယ်၊
မိသားစုတခု လစဉ် မီတာခအတွက် ကုန်ကျငွေ ကျပ် သုံးသောင်းကျော်ကနေ တသိန်းခွဲ အထိရှိလာပြီလို့ သိရပါတယ်။
မြို့နယ်မီးလင်းရေး ကော်မတီကတော့ တယူနစ် ကျပ် ၅၀၀ သာ ကောက်ခံတယ်၊ သို့သော်လည်း ပဋိပက္ခများနောက်ပိုင်း ဒေသတွင်း လုံခြုံရေးအတွက် ၂၄ နာရီ မီးပေးနေရခြင်း၊ လောင်စာဆီဈေး ကြီးမြင့်သွားခြင်းကြောင့် ပုံမှန် မီးပေးဖို့ ခက်ခဲနေတယ်လို့ မြို့မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်သိန်းက ဧရာဝတီကို ပြောပါတယ်။
“ဒီဇယ် တပီပါကို အရင်က ကျပ် တသိန်း ရှစ်သောင်းဝန်းကျင် ရှိတယ်၊ အခုက နှစ်သိန်း နှစ်သောင်းဝန်းကျင် ဖြစ်သွားတော့ မီးပေးသူတွေ အဆင်မပြေကြဘူး၊ ကျနော်တို့ မီးလင်းရေး ကော်မတီလည်း အရှုံးပေါ်နေတယ်” လို့ ဥက္ကဋ္ဌက ရှင်းပြပါတယ်။
ကျောက်ဖြူမှာ ပုဂ္ဂလိက မီးပေးဝေရေး လုပ်ငန်း ၁၁ ခု နဲ့ မြို့နယ်မီးလင်းရေး ကော်မတီတို့က ပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားပဲ ရှိတာပါ။ ရခိုင်ပြည်နယ် တခုလုံးမှာလည်း အစိုးရဌာနများက ၀န်ဆောင်မှုပေးတဲ့ လျှပ်စစ်ဓာတ်အား မရှိဘူး လို့ ရခိုင်ဒေသခံများက ပြောပါတယ်။
စစ်တွေ -
မြို့တော်စစ်တွေမှာလည်း တယူနစ် ၄၄၀ ကနေ ၄၆၀ တိုးမြှင့် ကောက်ခံနေတယ်လို့ ပုဂ္ဂလိက မီးပေးဝေရေး လုပ်ဆောင်နေတဲ့ ဖိုးသီချို ကုမ္ပဏီ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။
၎င်းက“၂၀ ပဲ တိုးကောက်တာပါ၊ ဒါဟာလည်းပဲ ဒီဇယ်ဈေး တက်တဲ့ အတွက်ပါ၊ ဆီဈေးကျရင် မီတာဈေး အရင်အတိုင်း ကောက်ခံမှာပါ” လို့ ဆိုပါတယ်။
မြောက်ဦး -
မြောက်ဦးမြို့နယ်မှာ တယူနစ် ၄၅၀ ဖြစ်ပါတယ်။ သို့သော်လည်း ဒေသတွင်း လောင်စာဆီ ဈေးတက်နေခြင်းကြောင့် တခြားဒေသများကဲ့သို့ မီတာခ တိုးကောက်လာမှာ စိုးရိမ်ကြောင်း ဒေသခံ တဦးဖြစ်တဲ့ ဦးမောင်သန်းက ပြောပါတယ်။
ဒေသခံ အများစုက အလုပ်အကိုင် ရှားပါးလို့ စားဝတ်နေရေး ကျပ်တည်းနေကြတယ်လို့ သူက ဖြည့်စွက်ပြောပြပါတယ်။
တောင်ကုတ် -
တောင်ကုတ်မြို့နယ်မှာတော့ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ် မရှိကြောင်း မြို့နယ် မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်က ဧရာဝတီကို ပြောပါတယ်။
ယခင်အတိုင်း တယူနစ် ၄၅၀ လို့ ဆိုတယ်။
တခြားမြို့များ -
ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်တော်၊ သံတွဲ စတဲ့ မြို့နယ်များမှာတော့ ဈေးမတူကြပါဘူး။ တယူနစ် ၄၅၀၊ ၅၀၀၊ ၆၅၀၊ ၇၀၀ စသဖြင့် အမျိုးမျိုးပါပဲ။
ပုဂ္ဂလိက လျှပ်စစ်မီးပေးဝေရေး လုပ်ငန်းများကိုပဲ အားကိုးနေရ၊ ဈေးကြီးပေးနေရခြင်းကြောင့် လျှပ်စစ် အသုံးပြုရတဲ့ စီးပွားရေး လုပ်ငန်းများ ခရီးမတွင်ဘူး လို့ လျှပ်စစ်ဌာန ၀န်ထမ်းဟောင်း ဖြစ်သူ ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ဧရာဝတီကို ပြောပြပါတယ်။
ရခိုင်ဒေသတွင်း လျှပ်စစ်မီး ရရှိရေးကို ဗဟိုအစိုးရက ဆောင်ရွက်ပေးမယ်လို့ ဆိုနေကြပေမယ့် ဒီနေ့အထိ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပါဘူး လို့ သူက ထောက်ပြပါတယ်။
ဝန်ကြီးရဲ့အပြော -
စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ကျောက်ဖြူမြို့မှာ တည်ဆောက်နေတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းက ထွက်တဲ့ လျှပ်စစ် ရာခိုင်နှုန်း အနည်းငယ်ကို ရခိုင်ဒေသအတွက် ပေးမယ်လို့ အာမဘန္တေခံခဲ့ပါတယ်။ သို့သော်ငြား ရာခိုင်နှုန်း ဘယ်လောက်ပေးမယ်၊ ဘယ်အချိန်မှာ ပေးမယ် ဆိုတာကို တိတိကျကျ ပြောမထားပါဘူး။
ရွှေ ဓာတ်ငွေ့ စီမံကိန်းက ရမယ့် စွမ်းအင်တွေကနေ ဒေသတွင်း လျှပ်စစ်မီး ရရှိရေးအတွက် ရခိုင်ပြည်သူ ထောင်သောင်းချီ ကျောက်ဖြူမြို့မှာ ဆန္ဒခံယူပွဲပြုလုပ်ခဲ့၊ တောင်းဆိုခဲ့ကြပါသေးတယ်။ ယခုနှစ်ဆန်းပိုင်းမှာပါ။
နိုင်ငံရဲ့ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ မီတာခ အမြင့်ဆုံးပေး ဆောင်နေရတဲ့ ဒေသတခုလည်း ဖြစ်လာနေပါတယ်။
ဒို့မိတ္တိလာတော့ မီတာခက ပုံမှန်ပါဘဲ တ၇က်ကို မြို့သစ်မှာလျပ်စစ်မီး ၅ ခါလောက် ပျက်တယ် လုပ်ကြပါအုံး လုပ်တတ်တဲ့ အင်ဂျင်နီယာ၇ှိယင်လှဲပေးပါ