အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်အား ပေးသောဆု ပုံစံတူ တံဆိပ်နှင့် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ ဓာတ်ပုံ- ကျော်သူ
အမေစုကို မြန်မာပြည်သူလူထု၊ လူကြီး၊ ကလေးမကျန် သိရှိကြသလို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ တိုင်းပြည် များ ရှိ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များအပြင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အီသီယိုပီးယား နိုင်ငံ ရှိ ပြည်သူများပါမကျန်သိရှိကြခြင်း၊ ကြည်ညိုကြခြင်းတို့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူ/ သားများ အဖို့များစွာဂုဏ်ယူဖွယ်ဖြစ်သည်။
ထို့ပြင် “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဆောင်းပါးတွင် ရေးသားခဲ့သော ဖြစ်ရပ်မှန် တွင်(အီသီယိုပီးယား လူမျိုး TAXI DRIVER အလွန်တောင်းတ လိုအပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရင်ထိုးအား ကျွန်တော်သည် သူ၏လက်ထဲသို့ပေးလိုက်သောအခါ သူသည်ချက်ချင်းဆိုသလို သူ၏မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ကိုးကွယ်ရာဖြစ်သော ဘုရားသခင်ပုံတော်တို့ အား မြတ်မြတ်နိုးနိုး ချိတ်ဆွဲကာ မော်တော်ကားDash Board နေရာတွင် အမေစုရုပ်ပုံရင်ထိုးအား ချိတ်ဆွဲထားလိုက်သည်။
အမေစုအား ကမ္ဘာ့ ပြည်သူ အပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟူသမျှလေးစား အသိမှတ်ပြုကြသည်မှာ အမေစုရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့် သစ္စာတရား၊ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော စစ်မှန်သည့် မေတ္တာတရားတို့၏ စွမ်းပကားတို့မှာ အရှိန်အဝါ ထုထည်ကြီးမားမှုကို လက်တွေ့ပြသ လိုက်ခြင်းဖြစ်သည်။
“ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့ သည် အမေရယ်” ဟူ၍ ကျွန်တော်ရေးသားခဲ့ဖူးသည်။
ထိုစဉ်အခါက ကျွန်တော်၏ သက်မဲ့ပိုင်ဆိုင်မှုတစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂ ဆုံးရှုံးမှု ကွက်လပ်တစ်ခု ဖြစ်ပေါ်ခံစားခဲ့ရသည်။ သို့သော် ယင်းတဒင်္ဂ ဆုံးရှုံးမှုသည် လူစိမ်း တစ်ယောက် ၏ မြတ်နိုးစွာတန်ဖိုးထားရှိမှုကို မြင်တွေ့ခဲ့ရ၍ ဝမ်းသာပီတိ ကျေနပ်စွာဖြစ်မိသည်။
တစ်စုံတစ်ယောက်မှ မိမိပိုင်ဆိုင်သော အရာဝတ္ထုတစ်ခုအား လိုချင် တောင်းတမှုကို မိမိမှ ပြန်လည်၍ ပေး အပ်ခြင်း (ပေးဆပ်ခြင်း) တို့ကို ဆောင်ရွက်ခြင်းကြောင့် မိမိတွင် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း တစ်စုံတစ်ယောက်သောသူမှာ သူ၏ဆန္ဒပြည့်ဝသွားမှုကို ကြည့်ရှု မြင်တွေ့ခဲ့ရသောအခါ မိမိသည်လည်း ထိုတစ်စုံတစ်ယောက်၏ ကြည်နူးဝမ်းသာမှုတို့ကို ပြန်လည်၍ ကူးစက်ခံစားစေနိုင်သကဲ့သို့ ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် ယင်းကဲ့သို့ ပေးဆပ်မှု၏ ရလဒ်ဖြစ်သော ပီတိကိုယ်သာ စားသုံးရသည် မဟုတ်ပါလား။
ယင်းဖြစ်ရပ်မှန် ဖြစ်စဉ်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ကျွန်တော်တို့၏ NED ဆုပေးပွဲ
နှင့် ဒေါ်အောင်ဆန်းစုကြည် အတွက် အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ဆုပေးပွဲတို့ ပြီးဆုံးသွားသောအချိန်တွင် ကျွန်တော်သည် အမေရိကန်နိုင်ငံရှိ သုဿန်များကို လိုက်လံလေ့လာ ပြီး မြန်မာနိုင်ငံသို့ ပြန်ရတော့မည်ဖြစ်သောကြောင့် ကျွန်တော်၏ညီဝမ်းကွဲ ရှိရာ လော့အိန်ဂျလစ်မြို့နေအိမ် သို့ ရောက်ရှိနေပြီဖြစ်သည်။
ရန်ကုန်မြို့သို့ မထွက်ခွာမှီ (၂)ရက်ခန့်အလိုတွင် ကျွန်တော်နေထိုင်ရာ လော့အိန် ဂျလစ်မြို့ နေအိမ်သို့ စာတိုက်မှတဆင့် ပါဆယ်ထုတ်တစ်ထုတ် ကျွန်တော့်နာမည်နှင့် ရောက်ရှိလာခဲ့သည်။
ကျွန်တော်သည် ထိုပါဆယ်ထုတ်အား ဖွင့်ကြည့်သောအခါ ကျွန်တော် မမျှော်လင့်သော၊ မထင်မှတ်သော၊ တန်ဖိုးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား မြင်တွေ့ရတော့သည်။
ယင်း ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား ကျွန်တော် ရင်းနှီးစွာ၊ အကျွမ်းဝင်စွာ၊ မကြာခဏ ယခုရက်ပိုင်းအတွင်း မြင်တွေ့ခဲ့ဖူးသည်။ စင်စစ် ယင်းဆုတံဆိပ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ပုံစံတူ တစ်ခုပင်ဖြစ်တော့သည်။
ယင်း ပါဆယ်ထုတ်နှင့်အတူ တွဲပါလာသော စာအိတ်အား ဖွင့်ဖတ်ကြည့်သောအခါ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ (ဗာဂျီးနီးယား) မြို့နေမြန်မာလူမျိုးဖြစ်သော ဒေါက်တာစိန်ဝင်းနှင့် ဇနီး ဒေါက်တာတင်မိုးသူ တို့မှ ကျွန်တော်နှင့် ကျွန်တော်၏ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့၏လူမှုရေး လုပ်ဆောင်မှုများ အား အထူးကျေးဇူးတင်ဂုဏ်ယူမိပါကြောင်းနှင့် ယခုပေးလိုက်သော လက်ဆောင်ပစ္စည်းမှာလည်း အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်သော ရွှေတံဆိပ်ဆု ပုံစံတူ တစ်ခုဖြစ်သည့်အပြင် ယင်းရွှေတံဆိပ်ပုံစံတူ စုစုပေါင်း (၁ဝဝ)ခုသာ အမေရိကန်နိုင်ငံ အစိုးရ US Government Mint မှထုတ်လုပ်ခဲ့ကြောင်းနှင့် ယင်းကုမ္ပဏီမှ ဆုတံဆိပ်(၁ဝဝ) ထဲမှ မိမိတို့ကြိုတင်မှာ ယူဝယ်ထားခဲ့ကာ ဦးကျော်သူတို့ဇနီးမောင်နှံအား မိမိတို့မှ ဂုဏ်ပြုသည့်အနေဖြင့် အမှတ်တရ ပို့ပေးခြင်း
ဖြစ်ကြောင်း ရေးသားထားသည်ကိုအံ့သြဝမ်းသာစွာဖြင့်ဖတ်ရှုရတော့သည်။
ထို့ကြောင့် ယခင်ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော အမေဒေါ်စု ရုပ်ပုံရင်ထိုးမှ နေ့ချင်းညချင်း ကမ္ဘာ့နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သည့် အမေစုရုပ်ပုံပါ ပုံစံတူ တံဆိပ်ကြီး အဖြစ် ပြောင်းလဲသွားမှုကို တွေ့မြင်ခံစားမိတော့သည်။
ကျွန်တော်၏ သက်မဲ့ပိုင်ဆိုင်မှုတစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂဆုံးရှုံးမှု ကွက်လပ် တစ်ခုသည် နေ့ချင်းရက်ချင်းအတွင်းကျွန်တော့်အဖို့ အဖိုးမဖြတ်နိုင်သော ရလာဒ်တစ်ခု၊ တန်ဖိုးကြီးမား လှသော ကွက်လပ်တစ်ခုကို ပြန်လည်အစားထိုးရရှိခဲ့ခြင်းပင်ဖြစ်ပေသည်။
ကျွန်တော်ရေးသားခဲ့သော “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဖြစ်ရပ်မှန်ဆောင်းပါး၏ နောက်ဆုံး စာပိုဒ်ဖြစ် သည့် “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့သည် အမေရယ်” ဟူသောစကားသည်လည်း ကျွန်တော့်အဖို့ လုံးဝ ဥဿုံ မှန်ကန်လှပေတော့သည်။
ကျော်သူ
ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်
that right