“Burma” ဟုသာ ဆက်သုံးမည် ~ ဒေါ်အောင်ဆန်းစုကြည် ~

Friday, November 23, 2012

 ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဧရာဝတီ
လင်းသန့် ~
 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အမည်ကို အင်္ဂလိပ်နာမည် Burma အစား Myanmar ဟု အစိုးရတချို့က ခေါ်ဆိုသုံးနှုန်းသည့်အပေါ် စိတ်ပျက်ကြောင်း ပြောဆိုသည်။


သြစတြေလျ အပါအ၀င် အစိုးရတချို့က မြန်မာနိုင်ငံကို အင်္ဂလိပ်အမည် Myanmar ဆိုသည့် မြန်မာနိုင်ငံ သားတို့၏ သ ဘော တူညီမှု မပါဘဲ ယခင် စစ်အစိုးရက မိမိသဘောနှင့် မိမိ နာမည်ပြောင်းခဲ့သည့် အတိုင်း ခေါ်ဝေါ်သုံးစွဲသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက်မှုကို ဖော်ပြခဲ့ကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။ 

“ကျမ ဒီနိုင်ငံကို မြန်မာပြည်သူတွေက ဘယ်လို အမည်ခေါ်ကြမယ်ဆိုတာ မဆုံးဖြတ်ရသေးလို့ အခုထိ Burma လို့ အမြဲ ရည်ညွှန်းပြောဆိုပါတယ်” ဟု ယမန်နေ့က နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီး
နှင့် နေပြည်တော် တွင် တွေ့ဆုံမှုအပြီး သတင်း ထောက်များကို ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့ သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့သည် ဆယ်စုနှစ်ပေါင်းများစွာ အလွန်တင်းကြပ်သည့် စစ်အုပ်ချုပ်ရေး များ အဆုံး သတ် ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖော်ဆောင်နေသည့် နိုင်ငံဖြစ် သည့် မြန်မာနိုင်ငံကို Myanmar ဟု မကြာသေးခင်က တရားဝင် အသိအမှတ်ပြုခဲ့ကြသည်။ 

နှစ်ပေါင်း ၁၅ ၀န်းကျန် နေအိမ်အကျယ်ချုပ်ဘ၀ နေထိုင်ခဲ့ရသူ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ဒီမိုကရေစီအရေးအတွက် တလျှောက်လုံး ရုန်းကန်လှုပ်ရှားနေရ သူဖြစ်ပြီး မြန်မာ့ အသွင်ကူးပြောင်းရေးသည် အောင်မြင်မှု ရရန် အလှမ်းဝေးနေဆဲဖြစ်ပြီး မပြီး ဆုံးသေးကြောင်း ပြောဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာနိုင်ငံများသည် အလွန်အားပေးထောက်ခံနေကြကြောင်း၊ ထိုသို့ထောက်ခံ အားပေးကူ ညီမှုတွင် မည်သို့ အားပေးထောက်ခံကူညီမှုသည် ပို၍ သတိထားပြီး ကူညီစေလိုကြောင်း ပြော သွားသည်။ 

“အစိုးရကို ဗဟိုပြုတဲ့ အကူအညီတွေထက် ပြည်သူကို ဗဟိုပြုတဲ့ အကူအညီမျိုးကို ကျမတို့က လိုလား တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်လာရေး တားမြစ် ခံထားရသည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြုပြင် ပြောင်းလဲပစ်ရမည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြော ဆိုသည်။ 

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ယခုနှစ် ဇွန်လက ပြည်ပ ခရီးစဉ်တွင် နိုင်ငံ၏ အမည်ကို အင်္ဂလိပ် ဘာသာဖြင့် Burma ဟု သုံးစွဲခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီသည့်အတွက်ဟုဆိုကာ ကန့်ကွက်ခဲ့ဖူးသည်။ 

အခြေခံဥပဒေတွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” လို့ပဲ ပြဋ္ဌာန်းထာပြီး The Republic of the Union of Myanmar ဟု အင်္ဂလိပ် ဘာသာပြန်စာအုပ်မှာ ပြဋ္ဌာန်းထားသော်လည်း အခန်း ၁၅ တွင် စကားလုံး တလုံးချင်း၏ အဓိပ္ပာယ်ကို “မြန်မာစာဖြင့် ရေးသား ထားချက်များ အပေါ်တွင် သာ အခြေပြုရမည်” ဟု ဖော်ပြထားသည်။ 

နိုင်ငံ၏ အမည်ပြောင်းခြင်းသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သို့မဟုတ် လူထုကိုယ်စားလှယ်များနှင့် တိုင်ပင်သဘော တူမှု ရရှိပြီးမှသာ အတည်ပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုထားပြီး အစဉ် တစိုက် Burma ဟုသာ သုံးနှုန်းသည်။ 

၁၉၈၉ ခုနှစ်မှ စပြီး နိုင်ငံအမည်ကို Myanmar ဟု ထိုစဉ်က န၀တ စစ် ကောင်စီအစိုးရက တဖက် သတ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်က ၂၀၁၀ ခုနှစ် နိုဝင် ဘာလ ၁၃ ရက်နေ့ က ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ဖျက်သိမ်းခြင်းခံထားရသည့် ပါတီကိစ္စနှင့် အနာဂါတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် ဆက်လက်ပါဝင်နိုင်ရေး ပါတီခေါင်းဆောင် များ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး မူဝါဒ ၃ ရပ်ချမှတ်ကာ ပါတီအား ပြန်လည် မှတ်ပုံတင်ခဲ့ကာ အခြေခံဥပဒေကို လေးစားမည်ဟု ကတိသစ္စာ ပြုခဲ့သည်။ 

တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဟူသည့် မူဝါဒ ၃ ရပ်ချမှတ်ကာ NLD ပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပါတီပြန်လည်မှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

 မြန်မာအစိုးရ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ အမည်ကို အင်္ဂလိပ်ဘာသာဖြင့် Myanmar ဟု သာ ခေါ်ဝေါ်ရန် တိုက်တွန်း ပြောဆိုလေ့ရှိပြီး အမေရိကန်အပါအ၀င် နိုင်ငံများက ယခင်အမည်ကို ၄င်းတို့၏ တရားဝင်ခေါ်ဆိုမှုတွင် Burma ဟုပင် သုံးစွဲကြသည်။ 

မကြာသေးမီက အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ သမိုင်းဝင်ခရီးတွင် မြန်မာနိုင်ငံ မင်္ဂလာပါဟု မြန်မာဘာသာစကားဖြင့်ပြောဆိုခြင်း၊ မြန်မာအမည် မြန်မာစကားဖြင့် ရန်ကုန် ဟု သုံးနှုန်း ခဲ့ခြင်းများသည် ၂ နိုင်ငံ ဆက်ဆံရေး လေးစားမှုကို ပြသသည့် အနေဖြင့် မြန်မာ စကားနှင့်သာ မြန်မာ ဟု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ တရားဝင် အသုံးအနှုန်းမှာ မြန်မာနိုင်ငံအား Burma ဟု ပင်သုံးနှုန်းကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်က ဘီဘီစီနှင့် အင်တာဗျူးတခုတွင်ပြောဆိုခဲ့သည်။ 

အဆိုပါ Burma နှင့် Myanmar ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က လည်း Myanmar ဟု ခေါ်ဆိုမှုကို ပါတီမူဝါဒအနေဖြင့် လက်မခံကြောင်း၊ မြန်မာ စကား
နှင့် မြန်မာနိုင်ငံဟု သုံးနှုန်းပြီး အင်္ဂလိပ်စကားဖြင့် နိုင်ငံတကာ အသုံးပြုသကဲ့သို့ Burma ဟုပင် သုံးကြောင်း ပြောသည်။

6 comments :

  1. Anonymous said... :

    တိုင်းရင်းသားတွေကိုမငဲ့ညှာဘဲသူခေါ်ချင်သလိုခေါ်မယ်ဆိုတဲ့သူတယောက်ဟာသူကိုယ်တိုင်ပြောပြောနေတဲ့ "အမျိုးသားရင်ကြားစေ့ရေး" ကိုတန်ဖိုးမထားကြောင်းပြသ
    နေတာပဲ

  1. ဦးတင်လှိုင် said... :

    နိုင်ငံတော်အလံကိုလည်း ပြည်သူ့ဆန္ဒအတိုင်းသာသတ် မှတ်ရမှာဖြစ်ပါတယ် .... အခုအလံမှာ တိုင်းရင်းသားတွေရဲ့ Character တွေပါဝင်မှုကိုဖျောက်ထားတာ ဟာ မသင့်တော်ပါဘူး

  1. Anonymous said... :

    ဖွဲ့စည်းပုံပခြေခံဥပဒေကအာဏာတည်ပြီးလို့ ဒီမိုကရေစီအစိုးရတောင်ဖြစ်လာပြီ ဘာဖြစ်လို့ 
    အခေါ်အဝေါ်တွေကိုမပြောင်းချင်ရတာလ?
    နောက်ကြောင်းပြန်မလှည့်ကြေးပြောပြီး
    နောက်ကြောင်းပြန်လှည့်နေပြီလား။

  1. Anonymous said... :

    မြန်မာနိုင်ငံ၏မြို့ တော်ကို ရန်ကုန်မြို့အဖြစ်သာသတ်မှတ်သင့်ပါတယ်။
    ကျွန်တော်တို့ ဝန်ထမ်းများဟာ နေပြည်တော်မှာ အဆင်မပြေကြပါ။
    နေပြည်တော်မှာ မြို့တော် အဂ်ါနှင့် မပြည့်စုံသေးပါ။
    အစစအရာရာ ရန်ကုန်မြို့ထက်ဈေးကြီးပါတယ်။

  1. Joker said... :

    Myanmar ဆိုသည်မှာ တိုင်းရင်းသားပေါင်းစုံ
    မှီတင်းနေထိုင်သော နိုင်ငံဖြစ်ပါသည်။
    Burma ဆိုသည်မှာ လူမျိုးကိုခေါ်ဆိုပြီး
    မြန်မာနိုင်ငံအတွင်း ကချင်၊ ကယား၊
    ကရင်၊ ချင်း အစရှိသဖြင့် တိုင်းရင်းသားပေါင်းစုံ
    ရှိရာ Burma ဟုခေါ်ဆိုသည်မှာ ဗမာလူမျိုးသာ
    ရှိသော နိုင်ငံဟု ဆိုလိုသလို ဖြစ်နေပါသည်။
    ထို့ကြောင့် လူမျိုးကို ခေါ်ဆိုပါက ဗမာ၊ ရခိုင်၊
    ရှမ်း၊ ကချင် အစရှိသဖြင့် ခေါ်ဆိုနိုင်ပြီး
    နိုင်ငံကို ခေါ်ဆိုပါက Myanmar ဟုသာ
    ခေါ်ဆိုသင့်သည်ဟု ထင်ပါသည်။

    မှတ်ချက် - ကျွန်ုပ်၏ ထင်မြင်ချက်သာဖြစ်ပါသည်။

  1. Anonymous said... :

    ဒေါ်စု က တကယ်တော့ တိုင်းပြည်ဆင်းရဲတွင်းမှ လွတ်မြောက်ရေးဆိုတာကို ခေါင်းထဲမထည့်အားဘဲ. အရေးမပါတာကို အရေးတယူလုပ်ပြိံးပါတိံမှာ ကိုယ့်အယူအဆ ကို သူတလူငါတမင်းပါဝါအဖြစ်ပြောင်းလဲပြိံး အာဏရှင်ဆန်ဆန်လုပ်ခြင်း, နိုင်ငံရပ်ခြားတိုင်းပြည်များကို အလည်ထွက်ပြိံး ထင်ထင်ပေါ်ပေါ်နေ ရခြင်းကို နှစ်ခြိုက်စုံမက်ခြင်း။.....ဒါတွေနဲ့ဘဲ အချိန်တွေကုန်သွားနေပါပြိံ။. တော်တော်တော့. စိတ်ကုန်စရာဖြစ်နေရပါပြိံဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved