လားရှိုး ပုံရိပ်များ - ၂

Friday, December 21, 2012

စည်သူလင်း ~ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှတ်တမ်းတင်ခဲ့မိတဲ့ လားရှိုးမြို့ မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါတယ်။ လားရှိုးကို စိတ်ဝင်စားသူများ၊ လားရှိုးကို သံယောဇဉ်ရှိသူများအတွက် ဒီမြင်ကွင်းတွေက တစုံတရာ ကျေနပ်မှု ပေး ပါလိမ့်မယ်။ 

ဟွေလော့ကျေးရွာ ဘုန်းကြီးကျောင်း နဲ့ ကျောင်းဝင်ပေါက် ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ဆိုပေမယ့် ကိုရင် ၂ ပါး သီတင်းသုံးတဲ့ကျောင်းပါ တဲ့။ ကျောင်းထိုင်ကိုယ်တော် မရှိပါဘူး။ ကျေးလက်ဒေသကို ဆရာဝန်တွေ ရောက်ဖို့ လိုသလို သာသနာရေးဆိုင်ရာ ပုဂိုလ်များလည်း ရောက်ဖို့ လိုနေပါတယ်။ စာတတ် ပေတတ်သံဃာတွေ ဒီလိုဒေသမှာ သီတင်းသုံးခြင်း မရှိတာကလည်း ဘာသာစကား အခက်အခဲကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပလောင်ရွာလေးမှာ ပလောင်စကား အဓိက ပြောပါတယ်။ ရှမ်းလိုလည်း တတ်ကြပါတယ်။ မြန်မာစကားကိုတော့ တချို့ကပဲ နားလည်ကြ၊ ပြောနိုင်ကြတာပါ။ 

ဒါကတော့ ဘုန်းကြီးကျောင်းဘေးက ဟွေလော့ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကပ်ထားတဲ့ ပြက္ခဒိန်ပါ။ လားရှိုးမှာ တာဝန်ထမ်းနေတဲ့ ပလောင်တိုင်းရင်းသားများရဲ့ပုံတွေ ကို ဖော်ပြ ထားပါတယ်။ 

နံပါတ်ပြား တပ်မထားတဲ့ဆိုင်ကယ် အများအပြား လားရှိုးမြို့လယ်မှာ မြင်ရတာ အထူးအဆန်း မဟုတ်တော့ဘူး ထင်ပါရဲ့။ နားလည်မှုရှိရှိ မောင်းကြတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုင်ကယ်နောက်ပိုင်း ထိုင်စီးသူက ဒီဇင်ဘာအအေးဒဏ်ကို ခုခံနိုင်ဖို့ ၀တ်စားဆင်ယင်ထားတာ တွေ့ရပါတယ်။ 

သိန္နီလမ်းက အင်တာနက်ကဖေး နှစ်ဆိုင်မှာ တဆိုင်က ပီဖင်းဂိုးနဲ့ ဆိုင်ရှေ့ကို အလှဆင် ကြော်ငြာ ထားပါတယ်။ နောက်တဆိုင်ကတော့ စုံစုံလင်လင် တန်ဆာဆင်ထားတာ အခုလို တွေ့ရမှာပါ။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဲဒီဆိုင်များရဲ့ အင်တာနက်မြန်နှုန်းကတော့ လိပ်ကို ကြိုးချည်ပြီးလွှတ်လိုက် သလိုပါပဲ တဲ့။ အင်တာနက်မြန်နှုန်း ပုံမှန် ပြန်ဖြစ်ဖို့ ဆိုင်ရှင်တွေရော၊ ဖောက်သည်တွေပါ မျှော်လင့်နေကြ ပါတယ်။ 

မြို့လယ်က အထည်ဆိုင်တဆိုင် အမည်ပေးထားပုံက တချက်ခုတ် နှစ်ချက်ပြတ်လို့ ဆိုနိုင် ပါလိမ့်မယ်။ ဆိုင်အမည်က Welcome (ကြိုဆိုပါ၏)။ 


ဂျာနယ်အရောင်းဆိုင်တွေကို လားရှိုးမြို့ နေရာတချို့မှာ တွေ့နိုင်ပါ တယ်။ ဈေးနှုန်းတွေ မေးကြည့် 
တော့ ရန်ကုန်က ဆိုင်တွေနဲ့ ဈေးအတူတူပဲ ဖြစ်နေတာ တွေ့ရပါတယ်။ အရောင်းသွက်တာကတော့ အားကစားဂျာနယ်တွေပါ။ Eleven မီဒီယာထုတ် သတင်းဂျာနယ်နဲ့ 7Day သတင်းဂျာနယ်တွေလည်း အရောင်းအသွက်ဆုံးထဲ ပါပါတယ်လို့ ဆိုင်တွေက ပြောပါတယ်။ 

ခရစ်စမတ်ဘိုးဘိုးကြီး စန်တာကလော့ကို လားရှိုးမြို့လယ်က ကိတ်မုန့်ဆိုင်တခုရှေ့မှာ ရုတ်တရက် တွေ့ လိုက်ရပါတယ်။ မစ္စတာ စန်တာကလော့ တော်တော်လေး ကိုယ်ရည်စစ်သွားတာ သတိထားမိပါတယ်။ ကျန်းမာရေးလိုက်စားတဲ့အနေနဲ့ ၀ိတ်လျှော့ထားတာ ဖြစ်နိုင်ပါတယ်။ သူ့ကို သွားထိလိုက်ရင် အင်္ဂလိပ်နှဲသံ ထွက်လာပြီး စန်တာကလော့ ဘယ်ညာ ယိမ်းပါတော့တယ်။ ယိမ်းရတာများလို့ ပိန်သွားတာလည်း ဖြစ်နိုင် ပါတယ်။ 

ထိုင်းနိုင်ငံက သွင်းတဲ့ ဒူးရင်းသီးတွေကို လားရှိုးမြို့မှာ အခုလို လမ်းဘေး သုံးဘီးကားပေါ် တင်ရောင်းနေပါတယ်။ တလုံး ကျပ် ၈,၀၀၀ နဲ့ ရောင်းတယ်၊ ရောင်းမကုန်ရင်တော့ ယိုထိုးပစ်တာပဲ လို့ ဈေးသည်က ပြောပြပါတယ်။ 


အကောင်းဆုံးအလှပြင်ဆိုင် လားရှိုးမှာ ရှိတယ်ဆိုတာ ဒီပုံက သက်သေပါပဲ။ ဆံပင်ကောက်ရင် ရှစ်ထောင်၊ ပြန်ဖြောင့်ရင်တော့ ရှစ်ထောင် မကပါဘူး။ ဒစ်ဂျစ်တယ်ကောက်ရင်တော့ ၂ ဆ ပေးရပါမယ်။ ဒီဈေးတွေက အထူးလျှော့ဈေး ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ 


အလှပြင်ဆိုင် နောက်တဆိုင်ကတော့ ရုတ်တရက်ကြည့်ရင် အရက်ဖြူဆိုင်နဲ့ နင်လားငါလားပါပဲ။ ၀တ္တရားကျေဖွင့်ထားတဲ့ဆိုင် ဟုတ်မဟုတ် မသိရပါ။ 


ညဈေးမှာ တွေ့ရတဲ့ လမ်းဘေးဆိုင်တခုကတော့ ဆောင်းဥတုအတွက် မရှိမဖြစ် အနွေးထည် 
တွေ ရောင်းနေပါတယ်။ ညဈေးမှာ အနွေးထည်ဆိုင် အများအပြား တွေ့ခဲ့ရပါတယ်။ ဆောင်းတွင်းထည် အများစုကတော့ မိတ်အင်ချိုင်းနားတွေပါပဲ။ 


ရှမ်းပြည်က ရှမ်းခေါက်ဆွဲ ရန်ကုန်ရောက်ကုန်ကြသလို ရန်ကုန်က ၀က်သားတုတ်ထိုးလည်း ရှမ်းပြည် ရောက်နေပါပြီ။ ညဈေးတန်းတခုမှာ ၀က်သားတုတ်ထိုးဆိုင် ၂ ဆိုင် ဘေးချင်းယှဉ်လျက် ဖွင့်ထားပါတယ်။ ညတိုင်း လူစည်ပါတယ်။ 


သူနာပြုသင်တန်းကျောင်းထဲ ဆိုင်ကယ်စီးပြီးဝင်ခွင့်ရှိပုံ မရပါ။ ဆိုင်ကယ်ကို ကုန်းတက်မှာ တွန်းဝင်ကြ ရတဲ့အကျိုးကျေးဇူးကတော့ ဆောင်းတွင်းမှာ ခန္ဓာကိုယ် အနွေးဓာတ်ရခြင်းဖြစ်ပါလိမ့်မယ်။ 


ဓာတ်ဆီ/ဒီဇယ် အရောင်းဆိုင်များမှာ အမျိုးသမီးဝန်ထမ်းတွေ ခန့်ထားတတ်ကြပါတယ်။ လားရှိုးမြို့ပြင်က ဆိုင်တခုမှာလည်း ဒီလိုပါပဲ။ ငွေသိမ်းဝန်ထမ်းဖြစ်ဟန်တူတဲ့သူကတော့ ခါးကြားမှာ ပိုက်ဆံထိုးထည့် ထားပါတယ်။ မြန်မာငွေက ထုနဲ့ထည်နဲ့မို့ ဒီလို ခါးကြားမထိုးရင် ကိုင်တွယ်ရခက်ခဲ ပါလိမ့်မယ်။ တချိန်ကတော့ ဒီလို အထပ်လိုက် ခါးကြားထိုးတာမျိုး တွေ့ရင် ဟန်ရေးပြတယ်လို့ ယူဆကြမှာပါ။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး၊ ခေတ်က ပြောင်းလဲ နေပါပြီ။ 


လားရှိုး ပုံရိပ်များ အပိုင်း ၂ ကတော့ ဤမျှသာပါပဲ။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved