ရှမ်းပြည်နယ်တောင်ကြီး အယူသည်းမှုတိုက်ဖျက်ရေးခရီးစဉ်

Tuesday, January 15, 2013



 (ကျော်သူ)~

၉.၁.၂ဝ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့သို့ ခရီးဆက်ခဲ့ကြသည်။ အထက် မြန်မာ  
ပြည် မန္တလေးတိုင်းအတွင်း မြို့/ကျေးရွာအသီးသီးရှိ လူမှုရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်ကြောင့် ၅.၁.၂ဝ၁၃ ရက်နေ့မှစတင်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ သည် ၂ဝ၁၃ ခုနှစ် အယူသည်းမှုတိုက်ဖျက်ရေး (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးစဉ်အဖြစ် အသင်းသား/ သူများနှင့်အတူ ၈.၁.၂ဝ၁၃ ရက်နေ့အထိ စည်ကားသိုက်မြိုက် အောင်မြင်စွာ အဆုံးသတ်ခဲ့ ပြီးနောက် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ခရီးဆက်ခဲ့ရာ ၉.၁.၂ဝ၁၃ ရက်နေ့ ည (၆းဝဝ) နာရီအချိန်တွင် ဆိုက်မြိုက်စွာဖြင့် တောင်ကြီးမြို့ အဝင်မုဒ်ဦးမှ “ကရုဏာရှင်” နာမှုကူညီရေး၊ အေးသာယာ၊ စက်မှုဇုန်နှင့် “နမ့်ခုံး” ရှမ်းများပရဟိတအသင်း တောင်ကြီးမြို့ အဖွဲ့သားများတို့သည် ခရီးဦးကြိုဆိုခဲ့ကြသည်။ ထို့နောက် ချမ်းမြေ့ဆရာတော်ကြီးထံသို့ ဝင်ရောက်၍ ကန်တော့ခဲ့ကြပြီး “ချမ်းမြေ့မေတ္တာ” ကုသိုလ်ဖြစ်ဆေးခန်းသို့ ဝင်ရောက်လေ့လာခဲ့သည်။


  “နမ့်ခုံး” ရှမ်းများပရဟိတအသင်း တောင်ကြီးမြို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် “ဟတ်ဟွမ်” ဟိုတယ်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့သားများအတွက် တည်းခိုအနား ယူခွင့်ပေး ခဲ့သည်။


 ၁ဝ.၁.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် “နမ့်ခုံး” ရှမ်းများပရဟိတအသင်း ရုံးခန်းနှင့် ကုသိုလ်ဖြစ်ဆေးခန်း ရှိရာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝေဠုဝန်ကျောင်းဝင်းသို့ သွားရောက်၍ ကူညီပံ့ပိုး ဆောင်ရွက် လုပ်ကိုင်မှု များအား လေ့လာခဲ့ပြီး အဖွဲ့ဝင်များတို့အား အားပေးစကား ပြောကြား ခဲ့သည်။ 


  တောင်ကြီးမြို့၊ အေးသာယာ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ည (၇းဝဝ) နာရီအချိန်တွင်   ဒေသခံ  
ပြည်သူ များနှင့်အတူ နာရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့ (၂ဝ) ကျော် တက်ရောက်ခဲ့ကြရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ပေးဆပ် မှုများ၊ ကူညီပံ့ပိုးမှုများ၊ ထောက်ပံ့မှုများနှင့် ကိုယ်တိုင်ရင်ဆိုင် ကြုံတွေ့မှုများအား ပြောကြားခဲ့ခြင်း တို့အပြင်၊ သုဿန်မြေနေရာများ ပျောက်ဆုံးနေကြသည့်အတွက် သုဿန်မြေ ရရှိရေးအတွက် တောင်းဆို ရတော့ မည့် အနေအထားဖြစ်ကြောင်း၊ သုဿန်မြေများ ကျဉ်းသည့်အတွက် အလောင်းများ မြေမြုပ်ရာတွင် ထပ်နေပြီဖြစ်ကြောင်း၊ မီးသင်္ဂြိုလ်စက် တည်ဆောက်ရန် လူနေရပ်ကွက်နှင့် နီးကပ်သည့်အတွက် ခွင့်ပြု ချက်မရကြောင်း၊ အသင်းအဖွဲ့များ၌ လူကြီး/ငယ် ပြဿနာများရှိသည့်အတွက် နားလည်မှုပြည့်ဝစွာဖြင့် ထမ်းရွက်ကြရန်လိုအပ်ကြောင်း၊ နာရေးအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်း၊ ပရဟိတ အဖွဲ့အစည်းများ သာဖြစ်ပြီး နိုင်ငံရေးပါတီ တည်ထောင်ထားသည့် အဖွဲ့အစည်း မဟုတ်ကြောင်း၊ နာရေးကူညီမှုလုပ်ငန်း များသည် မည်သည်ဘုံတွင်မှ လုပ်ယူ၍ မရနိုင်ကြောင်း၊ မွေးဖွားလာခြင်းသည် သေဆုံးရန်ဖြစ်သည့် အတွက် အချိန်တန်တော့လည်း မင်းသားကြီး ဇော်ဝမ်းလည်း သေတာပဲ .. သုမောင်ကြီးလည်း သေတာပဲ .. ကြည်ကြည်ဋ္ဌေးလည်း သေတာပဲ .. ဦးနေဝင်းကြီးလည်း သေတာပဲ .. ဟိုပုဂ္ဂိုလ်ကြီးလည်း သေမှာပဲ .. ကျော်သူကြီးလည်း သေမှာပဲ အစချီ၍ လူ့ပြည်ဋ္ဌာနတွင်သာ ပြုလုပ်နိုင်သည့် နာရေးကိစ္စအတွက် မလျှော့သော ဇွဲလုံ့လတို့ဖြင့် ကြံကြံခံကာ စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်ကြရန်၊ ပရဟိတစိတ်ဓါတ် အပြည့်ဖြင့် အများအကျိုးကို ထမ်းရွက်နိုင်ကြရန်နှင့် ကျွန်တော်တို့၏ သက်တမ်းမည်မျှ ရှိမည်ကို မည်သူမျှ မသိရှိနိုင်သည့်အတွက် မျိုးဆက်သစ် ပရဟိတလူငယ်များအား လက်ကမ်းကြိုဆိုရမည်ဖြစ်ကြောင်း အားပေးတိုက်တွန်း ပြောကြားခဲ့သည်။


 ကိုမျိုး(မြန်မာစာ)၏ “မျိုးဆက်နှင့်ကမ်းလက်” ကဗျာအား ရွတ်ဖတ်၍ တောင်ကြီးမြို့ လူမှုရေးဟောပြောပွဲ ခရီးစဉ်အား အဆုံးသတ်ခဲ့သည်။ မျိုးဆက်နှင့် ကမ်းလက် ကိုမျိုး (မြန်မာစာ) မဟုတ်သေးပါဘူးဗျာ … တကောင်းအဘိရာဇာ လက်ထက်ကတည်းက ဤမြေကမ္ဘာဝယ် ဦးသိန်းစိန်လက်ထက်ကြမှ ပိုကျယ်မ လာနိုင်တာနဲ့ မျိုးဆက်သစ်တို့ရောက်လာမှာကို ကြောက်ကြတယ်ဆိုတာ….။



 ပြန်တွေးကြည့်ကြစမ်းပါဗျာ …

 တို့အဘေး .. တို့အဘိုး .. တို့အဖိုး .. တို့အဖေ တို့ခမျာ

 … ချန်ရစ်ချင်လွန်းခဲ့တဲ့ … မျိုးဆက်။ 

အမွေဆက်ခံစေချင်တဲ့ … မျိုးဆက်။

 ကျော်သူတို့လက်ထက်ကြမှ ကမ်းလက်နဲ့မကြိုနိုင်လျှင် ရိုင်းလိုက်မယ့်ရာဇဝင်….။ 

 ကဲ … ဒို့မြေ .. ဒို့ရေ .. ဒို့ကမ္ဘာ .. ဒို့နေရာ

 ဘယ်လောက်ကျဉ်းကျဉ်း … ဘယ်လောက်ကျယ်ကျယ် 

 ရယူပိုင်ဆိုင်ချင်စိတ်တွေ လျှော့ချ။ 

ကိုယ့်တစ်ကိုယ်စာ နေရာချုံ့ရင်း နောက်မျိုးဆက်တို့အတွက် ပေးဆပ်အနစ်နာခံချင်စိတ်နဲ့ နေရာကျယ်ကျယ် ချဲ့ပေးပါစို့လား … ။ ။ 



  ၁၁.၁.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် “ကရုဏာရှင်” နာမှုကူညီရေး၊ အေးသာယာ၊ စက်မှုဇုန် အသင်း၏ ရုံးခန်းနှင့် တောင်ကြီးမြို့ သုဿန်သို့လေ့လာပြီးသည့်နောက် အင်းလေး “ရေသာဘုရားကျိန်း ကျောင်း” သို့ ညောင်ရွှေမှတဆင့် ခရီးဆက်ခဲ့သည်။ အကြောင်းမှာ ၂ဝ၁ဝ ခုနှစ် နွေရာသီတွင် ရေရှားပါးမှု   ပြဿနာ များအား မြို့၊ ကျေးရွာနေရာဒေသ အသီးသီးတို့တွင် ရင်ဆိုင်ကြုံတွေ့ချိန်တွင် အင်းလေးရှိ “ရေသာဘုရား ကျိန်းကျောင်း” သည်လည်း အပါအဝင်ဖြစ်ခဲ့သည်။ 

၂ဝ၁၁ ခုနှစ် အချိန်ကာလများတွင် ဆောက်လုပ်လှူဒါန်း ထားရှိသည့် ရေစစ်ကန်၊ အုတ်တံတိုင်း၊   ရေတိုင်ကီ၊ စက်လှေနှင့် ၂ဝ၁၂ ခုနှစ်တွင် ရေသာဘုရားကျိန်း ကျောင်းဆရာတော်မှ “အင်းလေးရေ ကြည်စမ်း” ပညာဒါနသင်တန်းကျောင်းအား ဖွင့်လှစ်၍ အင်းသူ/သားများတို့၏ ပညာရေးအား မြှင့်တင်ဖြည့် ဆည်းပေးလိုသည့် ဆန္ဒအဖြစ် နာရေးကူညီ မှုအသင်း(ရန်ကုန်)မှ မတည်အလှူငွေများ လှူဒါန်းခဲ့သည်။ 

အင်းလေး “ရေသာဘုရားကျိန်းကျောင်း” ရှိ အင်းလေးရေကြည်စမ်း ပညာဒါနသင်တန်းမှ သင်တန်းသား/ သူများ တို့သည် ည (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့အား ကြိုဆို သည့်အနေဖြင့် ရှမ်းရိုးရာ ဓလေ့ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ 


 ရေသာဘုရားကျိန်းကျောင်း ဆရာတော်မှ ရေကြည်စမ်းပညာဒါနနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာဒါနသင်ကြားနေကြသည့် သင်တန်းသား/သူများတို့အား ဦးကျော်သူ မှ ပညာရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ဆုံးမစကားများ ပြောကြားချီးမြှင့်ကာ ည (၉းဝဝ) နာရီအချိန် တွင် ပျော်ရွှင်စွာဖြင့် ရုတ်သိမ်းခဲ့သည်။ 


 ၁၂.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ ယနေ့ချိန် တွင် “အင်းလေးရေကြည်စမ်း” ပညာဒါနတွင် အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းအပြင် ကွန်ပြူ တာ သင်တန်းများပါ တိုးချဲ့ဖွင့်လှစ် သင်ကြား  
ပေးလျှက်ရှိသည်။ 

ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီး၏ လူမှုရေးခရီးစဉ် ဟောပြောပွဲနှင့် အင်းလေးခရီးစဉ်တို့အား အစစ အရာရာ ကူညီပံ့ပိုး စောင့်ရှောက်ပေးခဲ့ကြသော ဒေသခံ ဆရာတော်ကြီးများ၊ လူမှုရေးအသင်း အဖွဲ့များမှ လူမှုရေးသမားများ၊ ဒေသခံပြည်သူများ၊ ရွှေစင်စင်္ကြာ မော်တော်ယာဉ်၊ မော်တော်စက်လှေ များနှင့်  
ရေကြည်စမ်း ပညာဒါန သင်တန်း သား/သူများနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးတို့အား ကျေးဇူး ဥပါကာရ တင်ရှိပါကြောင်းဖြင့် Kyaw Thu 1st Break Out အယူသည်းမှုတိုက်ဖျက်ရေး လူမှုရေး  
ဟောပြောပွဲ ရှမ်းပြည်နယ် တောင်ကြီးခရီးစဉ်အား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved