ဒါ ပညာရေး

Saturday, January 12, 2013

 ~


 

ရွက်စိမ်း ~


    ကျောင်းချိန်ပြီးလို့ အိမ်ခဏပြန်ရောက်ခါစ ကလေးပီပီ ဆော့မယ်ကြံကာ ရှိသေးတယ် ၅တန်းကျောင်းသား အောင်အောင်ရဲ့ အမေက သတိပေးနေပါပြီ၊
 “သားရေ ... ဒီနေ့နေ့ခင်း ဆရာမက အချိန်ပိုခေါ်ထားတယ်နော်။ ရေမြန်မြန်ချိုးပြီး စာအုပ်တွေ ထည့်စရာရှိတာ ထည့်ပြီး သွားဖို့လုပ်”
ဆိုတဲ့ အသံကြောင့် ၅ တန်း ကျောင်းသားလေးလည်း ကျူရှင်ကို  အပြေးအလွှား ပြေးရပါတယ်။

ဒါက ကျောင်းသားရှိတဲ့ အိမ်များမှာ ကြားကြရမယ့် အသံတွေပါ။ 

“သူ့ကိုလွှတ်ထားလို့ကို မရဘူး အမြဲသတိထားပြီးပြောနေရတယ်၊ မနက်ကျောင်းသွား၊ ညနေ ကျူရှင် ပို့၊  ညဆိုစာကို အတူကျက်ပေးနေရတယ်” လို့ အောင်အောင် ရဲ့ မိခင်က ဆိုပါတယ်။ 

အောင်အောင်ရဲ့ မိဘလိုပဲ ကိုယ့်ကလေးရဲ့ပညာရေးကို ဂရုစိုက်တဲ့ ကိုမင်းက “ကျွန်တော့်မှာ ၄တန်း တက်နေတဲ့ သမီးလေး တယောက် ရှိတယ်၊
ကျူရှင်တွေ ယူထားတော့ ကလေးက အရွယ်နဲ့ မလိုက်အောင်ကို ပင်ပန်းတယ်၊ ဒါပေမဲ့ မယူပြန်ရင်လည်း အတန်းထဲမှာ ကိုယ့်ကလေးက စာမလိုက်နိုင်မှာ၊ ကျောင်းက ဆရာမတွေက ကိုယ့်ကလေးကို ဂရုမစိုက်မှာတွေကို စိတ်ပူပြီး ဒီကျူရှင်ကိုပဲ ထားနေရတာပဲဗျ။
ကျောင်းနဲ့တင် လုံလောက်မှတော့ ဘယ်မိဘကမှ မထားချင်ပါဘူး” လို့ ပြောပါတယ်။

  ဧရာဝတီတိုင်း ရေကြည်မြို့က စာသင်ကျောင်း
ပညာရေးကို အားပေးတဲ့ မိဘတွေက ကိုယ့်ကလေးတွေကို ပိုတော်စေချင်တဲ့ စေတနာနဲ့ ကလေးတွေကို အချိန်ပြည့် မောင်းနှင်တာမျိုးတွေ လုပ်ကြပါတယ်။

ဒါ ပညာရေး လို့ ပြောနေတဲ့ မြန်မာ့ ပညာရေးမှာ ကျူရှင်တွေကိုသာ အားကိုးနေရပြီး ဒါကျက်၊ ဒါဖြေ ဆိုတဲ့ စနစ်က မကုန်သေးပါဘူး။

    မြန်မာနိုင်ငံ အပြောင်း အလဲကာလမှာ နိုင်ငံရေးအရ ပြောင်းလဲမှုအချို့နဲ့ စီးပွားရေးတံခါးကို ဖွင့်ပေးခဲ့ပေမဲ့လည်း ပညာရေးမှာ ပြုပြင်ပြောင်းလဲမှု နှေးကွေးနေတာကို လေ့လာသူတွေက စိုးရိမ်ကြပါတယ်။

ဗိုလ်ချုပ်ကြီးတွေ လုပ်ချင်သလိုလုပ်၊ စမ်းချင်သလို စမ်းသပ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပညာရေးနယ်ပယ်မှာ   ပြုပြင်ပြောင်းလဲရမဲ့ အချက်တွေ အများကြီး ရှိနေတာပါ။ 

သင်ရိုးညွန်းတမ်းပြုပြင်ဖို့ လိုအပ်ချက်တွေ၊ ဆရာဆရာမတွေရဲ့အရည်အသွေးတိုးတက်ဖို့အတွက်ကိုလည်း ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးပါဘူး။

 
    ကျောင်းဆရာ၊ ဆရာမတွေရဲ့တွေအတွက် အရည်အသွေး မြင့်သင်တန်းတွေ၊  နိုင်ငံတကာ သင်ကြား ရေးအတွေ့အကြုံတွေ ရရှိဖို့ အစီစဉ်တွေ
လုပ်ဖို့ လိုအပ်ပြီး အာဏာရှင် လက်ထက်မှာရှိခဲ့တဲ့ ပညာရေးစနစ်ကို ဒီမိုကရေစီပညာရေးဆီ ရောက်ဖို့ အတွက် ပညာရေး အသိုင်းအ၀ိုင်း တခုလုံးရဲ့ အယူအဆ အတွေးအခေါ်တွေကို
 ပြောင်းဖို့ လိုအပ်ကြောင်းCESD(Center for Development Resource Institute) က ကိုရဲမြင့်ကျော်က ပြောပါတယ်။
ဇန်န၀ါရီလ ၈ရက် နေ့ ရန်ကုန်မှာ
ပြုလုပ်ခဲ့တဲ့ မြန်မာ့စီပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အခြေခံ မူဘောင် ဆိုင်ရာ ဖွံ့ဖြိုးမှု အကြံပြု ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

    ပညာရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဖို့ဆိုရာမှာ လက်ရှိ အစိုးရကျောင်းတွေအပြင် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေကိုလည်း
အစိုးရက ထောက်ပံ့ဖို့ လိုပါတယ်။ ကျေးလက်ဒေသမှာလည်း ဆရာ ဆရာမ မလုံလောက်မှုနဲ့ အဆောက်အအုံ မလုံခြုံမှုတွေ ရှိပါတယ်။

 
ဒီလိုအခြေအနေမှာ ကာကွယ်ရေး အသုံးစရိတ် ဆက်လက် များနေပြီးတော့ ပညာရေးအတွက် ဘက်ဂျက် နည်းနေသေးတာကိုလည်း ဝေဖန်သူတချို့က ထောက်ပြကြပါတယ်။

    ပညာရေးပြုပြင်ပြောင်းလဲမှုဆိုတာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စပါ။
တချို့သုံးသပ်သူတွေရဲ့အဆိုအရ ဆိုရင် နိုင်ငံရေး နောက်ကြောင်း ပြန်လှည့်သွားမလား၊ ရှေ့ဆက်သွားမလား ဆိုတာဟာ ပညာရေးအပေါ်မှာ မူတည်တယ် လို့ ဆိုတာတွေလည်း ရှိတော့
မြန်မာပြည်ရဲ့ဒါ ပညာရေးစနစ်ကို ခပ်သွက်သွက်လေး  ပြုပြင်ပြောင်းလဲဖို့ အချိန်တန်နေပါပြီ။
                                                       
   
   

  





























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved