စာနယ်ဇင်းသမိုင်းဝင်မြို့မော်လမြိုင် နဲ့ သတင်းစာအခြေအနေ

Friday, May 10, 2013


မြန်မာနိုင်ငံရဲ့ ပထမဆုံး သတင်းစာက ၁၈၃၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့တဲ့  မော်လမြိုင် ခရွန်နီကယ် သတင်းစာ ဖြစ်ပါတယ် တဲ့။

ဒါကြောင့် ... မော်လမြိုင်ဆိုတာ
စာနယ်ဇင်းသမိုင်းဝင်မြို့တော်လို့ ဆိုနိုင်ပါတယ်။
သမိုင်းဝင်မြို့ မော်လမြိုင်မှာ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေရဲ့ လတ်တလော အခြေအနေ ဘယ်လို ရှိပါသလဲ။ 

 
ကျော်ကျော်စာပေနှင့်မော်လမြိုင်မြို့ရဲ့ ဒီကနေ့ နေ့ခင်းပိုင်း မြင်ကွင်းတချို့ (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)
 

 ပုဂ္ဂလိက သတင်းစာတွေ ရောင်းအား မကောင်းသေးဘူးလို့ မော်လမြိုင်မှာနှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိတဲ့  ကျော်ကျော် စာပေဖြန့်ချီရေးပိုင်ရှင်က ဒီနေ့ ပြောပါတယ်။

"ကျမတို့မြို့မှာ စောင်ရေ ၂ဝဝ ကျော်ပဲ နေ့စဉ်ရောင်းရတယ်၊ လူတွေအားပေးမှုက နည်းသေးတယ်၊ လက်ရှိအစိုးရ သတင်းစာတွေကို တိုးလို့မရဘူးဖြစ်နေတယ်။
 မြန်မာ့အလင်းနဲ့ကြေးမုံကို တိုးမရဘူးဖြစ်နေတယ်၊ နေ့စဉ်ထုတ်တွေ ရောင်းအားကောင်းအောင် ကျမတို့တိုက်ထုတ်ဈေးထက် နည်းနည်းပဲ တင်ရောင်းတယ်" လို့ ဆိုပါတယ်။

ကျော်ကျော်စာပေ သတင်းစာ ရောင်းဈေး

အလဲဗင်း - ကျပ် ၂၀၀
ရန်ကုန်တိုင်းမ်၊  Voice နှင့် နိုင်ငံသစ် - ကျပ် ၁၅၀ 

 နေ့စဉ်သတင်းစာတွေ အများကြီးထွက်လာပေမယ့် စံချိန်မီတဲ့သတင်းစာတွေဖြစ်ဘို့ လိုကြောင်း ကျော်ကျော်စာပေပိုင်ရှင်က ပြောပါတယ်။

မွန်ပြည်နယ်ရဲ့မြို့တော် ဖြစ်တဲ့ မော်လမြိုင်က တခြား ဖြန့်ချီရေးဆိုင်တွေကလည်း ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေဟာ အစိုးရသတင်းစာတွေကို ကျော်နိုင်ဘို့ အများကြီး ကြိုးစားဖို့လိုတယ်လို့လည်း  ဧရာဝတီသတင်းဌာနကို သဘောထားတွေပေးကြပါတယ်။

မြို့ခံတဦးဖြစ်တဲ့ လိုင်းကားမောင်းသူ ဦးမောင်ငံရဲ့ သုံးသပ်ချက်က ... "ဒီမှာက အပတ်စဉ်ဂျာနယ်ကို ပိုကြိုက်ကြတယ်။  အခုထွက်တဲ့ နေ့စဉ်သတင်းစာတွေက ဂျာနယ်မဟုတ် သတင်းစာမဟုတ်နဲ့ ဖတ်ရတာ အဆင်မပြေဘူး။ မော်လမြိုင်မှာကြိုက်ကြတာက အားကစားဂျာနယ်ဖြစ်တယ်" တဲ့။ 

မီဒီယာအသွင်ကူးပြောင်းရေးကာလမှာ သတင်းစာတိုက်အရေအတွက် တိုးပွားလာသလောက် စာနယ်ဇင်းသမိုင်းဝင်မြို့တော် မော်လမြိုင်ရဲ့ သတင်းစာဖတ်ပရိသတ် အရေအတွက် နည်းနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved