အောင်မြင်နေတဲ့ စာရေးဆရာ မင်းဒင်

Saturday, May 25, 2013


"မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်  ကိုယ်တိုင် ´မင်းဒင်ရဲ့ သက်ခိုင်´ကို ဖတ်ချင်သည် ဆို၍ ရန်ကုန်မြို့ကို ရောက်အောင် ပို့ပေးခဲ့ရခြင်း ဖြစ်သည် ....."

 (က)
၂ဝ၁၂ ခုနှစ် မေလ ၁၆ ရက်နေ့ ညဦးပိုင်း။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ အမြင့်ဆုံး အဆောက်အအုံကြီးတခုဖြစ်သော ဘိုင်းယောင့်အဆောက်အအုံနားက ဂျူးလဒစ်ဟိုတယ်၏ ၁၄ ထပ် သူတည်းခိုရာအခန်းတွင် ကျနော့မိတ်ဆွေက အခုလိုပြောသည်။

´ဗိုလ်ဌေး။ ကျနော်လည်း မထင်မှတ်ဘဲနဲ့ အလုပ်ကြီးတခုကို လုပ်မိလျှက်သား ဖြစ်နေပြီဗျာ´ ဟု သူက ဆိုသည်။

အခုအချိန်မှာ သူဟာ အရင်ကလို ဖူးကက်မြို့က မြန်မာပစ္စည်းရောင်းတဲ့ ကုန်သည် သက်သက် မဟုတ်တော့။ အွန်လိုင်းပေါ်မှာရော ပုံနှိပ်စာပေလောကမှာပါ အုတ်အော်သောင်းနင်း အောင်မြင်တဲ့ စာရေးဆရာတယောက် ဖြစ်နေချေပြီ။

´မထင်မှတ်ဘဲလုပ်မိတယ်ရယ်တော့ ဘယ်ဟုတ်ပါ့မလဲ ဆရာဒင်။ ခင်ဗျားစာအုပ်က ခေတ်တခေတ်ကို ပြတင်းပေါက်က လှမ်းကြည့်လို့ မြင်ရသလိုမျိုး မြင်အောင်ရေးထားတာ မဟုတ်လား။
 ပြီးတော့ ဇာတ်ကောင်တွေကလည်း သက်ရှိ ဇာတ်ကောင်တွေ ပါနေတယ်လေ။ ကာလ ဒေသ အခြေအနေကလည်း ဒီနေ့ လူလတ်ပိုင်းတွေ အဲဒီအချိန်မှာ ခင်ဗျား ဇာတ်ကောင် သက်ခိုင် ကျင်လည်ခဲ့တဲ့ အခင်းအကျင်းမျိုးမှာ တနည်းမဟုတ်တနည်း ပတ်သက်နေခဲ့တော့ သူနဲ့တူသလိုလို ကိုယ်နဲ့ပဲ ဆင်သလိုလို ထင်မိယောင်မှားတွေလည်း ခံစားလို့ရတာပေါ့။
ဒါကြောင့် လူကြိုက်များတာပေါ့ဗျာ´ ဟု ကျနော်က သူ့ကို ပြန်ပြောသည်။

သူသည် ´မင်းဒင်ရဲ့သက်ခိုင်´ အမည်ရှိ ဇာတ်လမ်းတွဲ ဝတ္တုရှည်ကြီးတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သူ နာမည်ကျော် စာရေးဆရာမင်းဒင် ဖြစ်၏။
သူနှင့်ကျနော်ကား ´သက်ခိုင်´ ကို မရေးသားမီ အချိန်ကပင် မိတ်ဆွေဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူက မထင်မှတ်ဘဲ အလုပ်ကြီးတခုကို လုပ်မိလျက်သား ဖြစ်နေပြီဗျာဟု ဆိုခြင်းဖြစ်သည်။

(ခ)
၂ဝဝ၈ ခုနှစ် နှစ် နှစ်ဦးပိုင်း။

ထိုစဉ်က ကျနော်သည် ဘန်ကောက်မြို့ ဘန်ဘော်အရပ်ရှိ ဧကချိုင်လမ်းမကြီးရဲ့ လမ်းသွယ် ၈၃ တွင် နေထိုင်ရင်း ရခိုင်အမျိုးသား သတင်းစာကို ထုတ်ဝေလျက်ရှိသည်။

တနေ့တွင် ကိုမင်းဒင်က ကျနော့ကို ´ဗိုလ်ဌေး ကျွန်တော် စာရေးဖို့  ကြိုးစားနေတယ်။ ဝတ္ထုရေးဖို့ပေါ့။ အရင်က နည်းနည်းပါးပါး ရေးဖူးတယ်။ ကျနော့လက်ရာကို ခင်ဗျား နည်းနည်း မြည်းစမ်းကြည့်ပြီး ဝေဖန်ပေးပါဗျာ။ ခင်ဗျားက တက္ကသိုလ်က မြန်မာစာနည်းပြဆရာဟောင်းဆိုတော့´ လို့ ဆိုလာသည်။

သူစပြီး မြည်းခိုင်းသည့်စာက သက်ခိုင်စာအုပ်မဟုတ်သေး။ သူ့အရင်ရေးပြီး အခုရက်ပိုင်းအတွင်းထွက်ရှိလာတဲ့ ´ဖြစ်ပျက် ရှာပုံတော်´ ဝတ္ထုရှည်ပါ။
ဇာတ်လိုက်ကျော်ကတော့ သက်ခိုင်ပါပဲ။ သူပေးလာတုန်းက အစအဆုံးရေးထားတဲ့ ဝတ္ထကြီး မဟုတ်သေး။ ဖြစ်ပျက်ရှာပုံတော်ကို စတည်ခါစ ဖြစ်သည်။ ဖြစ်ပျက်ကိုမြည်းကြည့်တော့ ကျနော့မိတ်ဆွေမှာ မှော်ကလောင်တချောင်း ရှိနေပါလားဆိုတာကို  သိလိုက်ရသည်။
ဒါကြောင့် ´ကိုယ့်ဆရာ ခင်ဗျား လက်ရာမိုက်တယ်။ ခင်ဗျား သေချာပေါက်အောင်မြင်တဲ့ စာရေးဆရာတယောက် ဖြစ်ကိုဖြစ်မယ်´လို့ အားပေးတာလည်းဟုတ် အနာဂတ်ကို ကြိုဟောတဲ့ သဘောလည်းပါတဲ့စကားကို စိတ်ထဲက အရှိအတိုင်း ပြောချလိုက်သည်။

သူစာစရေးတုန်းက မိုင်ပေါင်းများစွာဝေးကွာသော ဖူးကက်နှင့် ဘန်ကောက် မြို့များမှာနေထိုင်ကြတဲ့ ကျနော်တို့ နှစ်ယောက်သည် တခါတခါ အွန်လိုင်းပေါ်မှာ။ တခါတလေလည်း တယ်လီဖုန်းနဲ့ စာပေအကြောင်း ဆွေးနွေးကြ ငြင်းကြ ခုန်ကြသည်။


(ဂ)
ရေးပြီးတဲ့စာမူများကို သူ့၏ကိုယ်ပိုင်ဘလော့ဂ်မှာ တင်သည်။ ဖတ်ပြီး ချီးမွမ်းတဲ့လူလည်းရှိသလို ´ခင်ဗျား စာမရေးတတ်ပါဘူးဗျာ။ ရေးမနေပါနဲ့´လို့ ထောပနာ ပြုသူလည်းပြု။ ´မင်းသိင်္ခ´လိုလို ´ရွှေဥဒေါင်းလိုလိုလို့ ငေါ့သူကငေါ့။
´ခင်ဗျား ရောင်ကြီးဗွေ ဇာတ်လမ်းကြီး မပြီးသေးဘူးလား´ ဆိုပြီး ခနဲ့သူကခနဲ့။ ဒီကြားထဲ မင်းဒင်ကလောင်က ဈာန်ဝင်ကာ တခန်းပြီးတခန်း ဆက်ရေးနေသည်။

ကျနော်တို့ကား လူပုစိတ်တိုဟုသာ ကြားဖူးသည်။ ဒါပေမဲ့ ကျနော့မိတ်ဆွေကတော့ အရပ်ခြောက်ပေနီးပါးရှည်ပြီး ကီလို ၈ဝ ကျော်ရှိတဲ့ လူရှည်စိတ်တို အမျိုးအစားထင်ပါရဲ့။
 တခါတခါ ရှူးရှူးရှားရှား လုပ်တတ်သည်။ ထို့ကြောင့် ကျနော်က သူ့ကို အခုလို ဖျောင်းဖျပေးခဲ့ဖူး၏။

´ဟေ့လူ ဒါများ တင်းစရာလားဗျာ။ ဆရာကြီး ရွှေဥဒေါင်းလို ဂန္တဝင် ဆင်ကလောင်နဲ့ နှိုင်းပြောခံရတာ။ မင်းသိင်္ခလို တိုင်းကျော် ပြည်ကျော်နဲ့ နှိုင်းပြောခံရတာ ကျနော်ဖြင့် ခင်ဗျားအစား ဂုဏ်ယူတယ်ဗျာ။ ပြောတဲ့လူတွေက ရွှေဥဒေါင်းရဲ့ စာမျိုးရေးဖို့အသာထား စဉ်းစားဖို့တောင် ခေါင်းရှိမယ်မထင်ပါဘူး။ ဒီလိုဘဲ မင်းသိင်္ခဆိုတာလည်း မြန်မာပြည် စာပေလောကမှာ အထင်ကရ ဘက်ဆဲလားဗျာ။ ဘယ်အရာမဆို အစမှာတော့ ဒီလိုဘဲ မလိုတမာတွေ ပြောကြမှာပေါ့။ နောက်တော့ ဒါတွေအားလုံးဟာ လေထဲမှာလွင့်ကျန်ရစ်ပြီး မင်းဒင် မင်းဒင် ဖြစ်နေမှာ မြင်ယောင်သေး´ ဟု သူ့ကို ပြောဖြစ်သည်။

´ဖြစ်ပျက်ရှာပုံတော်´ ကို ဖတ်ရှုရတဲ့ အွန်လိုင်းပရိသတ်တွေက စာတွေဆက်ရေးဖို့ ပူဆာကြသည်။
နေ့စဉ် ပို့စ်အသစ်တွေ တင်ဖို့ တွန်းလာကြသည်။
သူလည်း စာပေဈာန် အတော်ဝင်သွားပြီး ဖြစ်သည်။
အစကနဦးကလို မိမိလက်ကို မယုံမရဲ မဟုတ်တော့ဘဲ ကလောင်ဝင့်လာသည်ကို တွေ့ရသည်။
သူက ... ´ဗိုလ်ဌေး ခင်ဗျားပြောတာ မှန်တယ်ဗျ။ ခုလောက်ဆို ကျနော့်လက်က စာကောင်းကောင်းရေးနိုင်ပြီဆိုတာ ယုံသွားပြီ။
ခင်ဗျား နိမိတ်ဖတ်ပေးတာ အားပေးတာ ကျေးဇူးတင်တယ်ဗျို့။ ပြီးတော့ ကျနော်စာစရေးတုန်းက ဝေဖန်ပေး၊ လိုတာကို ပြောပေးဆိုပေးတာလည်း တကယ်ကျေးဇူးတင်တယ်´ဟုလည်း ဆိုသည်။

ထို့နောက် သူ့ဘဝအတွေ့အကြုံတွေကို အခြေခံပြီး စာတအုပ် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပြီဟုပြောပြီး မကြာခင်မှာ ´မင်းဒင်ရဲ့သက်ခိုင်´ကို သူ့ဘလော့ဂ်တွင် စမြင်ရသည်။

သက်ခိုင် အခန်း ၂၅ လောက်ထိတော့ သူနဲ့ ကျနော် အဆက်အသွယ် သိပ်မပြတ်။ အသစ်တင်တိုင်း ကျနော်နဲ့ အချီအချ ပြောကြသည်။
အခန်း ၂၅ နောက်ပိုင်းမှာတော့ သူ့မှာ ပရိသတ်တွေ အုံခဲလာသည်။
ကမ္ဘာအရှေ့ခြမ်းက စာဖတ်သူမှ သည် ကမ္ဘာအနောက်ခြမ်းထိ။ မြောက်ခြမ်းမှ တောင်ခြမ်းထိ။ အွန်လိုင်းဖြန့်ကျက်ရာ ဒေသအသီးသီးမှ မြန်မာစာဖတ် ပရိသတ် အထောင်အသောင်းနှင့် ပြောနေဆိုနေရတာ များလာသည်။

ကျနော်လည်း ထိုစဉ်က အလုပ်လုပ်နေသော ဧရာဝတီ သတင်းထောက်ဘဝမှ ရုတ်တရက် ပြုတ်သွားသဖြင့် စားဝတ်နေရေးခက်ခဲကာ သူ့စာကို နောက်ပိုင်းတွင် အရင်လို မဖတ်အားတော့။ အလျဉ်းသင့်သည့်အခါ ကြည့်ဖြစ်ရုံမျှသာ။ သူ့ကို လည်း ဝေဖန်ထောက်ပြစရာ မလိုတော့ပါ။
ဆင်ကလောင် မြန်မာစာရေးဆရာများ ကမ္ဘာအနှံ့ ကျော်ကြားသော မြန်မာပြည်ဘွားများက ဘရာဗို ချီးယားစ် ကွန်ကရက် ကျူးလေးရှင်း လုပ်ခံနေရချိန်မှာ ကိုယ်က ဝမ်းသာအားရ လက်ခုပ် တီးရုံကလွဲပြီး မိတ်ဆွေကြီးကို အကြံပြုစရာ လိုမှမလိုတော့တာ။

မင်းဒင် ရေးသားတဲ့ သက်ခိုင်နဲ့ ဂူတင်ဘတ် မိတ်ဆွေဖြစ်သွားတဲ့အကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org/2010/12/blog-post_6978.html မှာ ဖတ်နိုင်ပါတယ်

(ဃ)
နောက်ပိုင်း ကြားရတာက သူ့စာကို ပရင့်ထုတ်ပြီး မိတ္တူပွားကာ ဖတ်နေကြကြောင်း။ စင်္ကာပူမှာဆိုရင် မိတ္တူပွားထားတဲ့ စာကို အားရပါးရ ဝယ်ဖတ်နေကြသည်ဟုလည်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့မှာလည်း ဒိုင်လျှို မိတ္တူကူးကာ အချင်းချင်း ဖြန့်ဝေနေကြသဖြင့် ခေတ်ပျက် သူဌေးများနှင့် အာဏာပိုင် အသိုင်းအဝန်းကြားတွင် ´ခင်ဗျား ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ မင်းဒင်ကို ပြောလိုက်ရမလား´ ဟူသော ရွှတ်နောက်နောက် စကားတခွန်း ပေါ်ပေါက်ရသည်ထိ သက်ခိုင်စာအုပ်က ပေါက်နေသည်။

ဒီကြားထဲမှာ သူနဲ့ ဖုန်းပြောဖြစ်တိုင်း စာအုပ်အဖြစ် ထုတ်ဝေရန် ကျနော်က သူ့ကိုတွန်းသည်။
ဘာကြောင့်လဲဆိုတော့ ပြည်ပမှာ ထုတ်ဝေကြတဲ့ စာပေအများစုက အလှူ့ရှင်ပိုက်ဆံနှင့် ထုတ်ကြသော သုတစာပေများ အစီရင်ခံစာများ မှတ်တမ်းများသာ များသည်။
ရသစာပေ လုံးချင်းဝတ္ထုကြီးတအုပ်ကို ဈေးကွက်တင်ရောင်းသည့် မြန်မာစာအုပ်မျိုး ကျနော် မကြားဖူးသေး။ ရှိတော့ ရှိပါလိမ့်မည်။ ခေတ်ပြိုင် ဝက်ဘ်ဆိုဒ်တွင် ဆရာမောင်သာရ ကြော်ငြာများကို တွေ့ဘူးသည်။ သို့သော် ဈေးကွက်အရ အဘယ်မျှ ပေါက်ရောက်သည်ကို ကျနော်မသိ။


မင်းဒင်ရဲ့ သက်ခိုင်ကိုတော့ ကျနော်လုံးဝယုံသည်။ ထို့ပြင် ဆရာမင်းဒင်ကိုယ်တိုင်ရဲ့ မိတ္တဗလကို ပိုပြီးယုံသည်။ ထို့ကြောင့် ဇွတ်တွန်းခဲ့သည်။
သူ့စာအုပ်ကို ထုတ်ဝေလိုသူများက ကမ်းလှမ်းမှုတော့ ရှိသည်ဟု သဲ့သဲ့ကြားရသည်။ သို့သော် ဆရာ မင်းဒင်က သူ့စာအုပ်ကို  သူကိုယ်တိုင်သာ ထုတ်လိုကြောင်း နောက်ဆုံးတွင် ကျနော့အား ဆိုလာသည်။

´ဗိုလ်ဌေး။ သက်ခိုင်ကိုထုတ်ဖို့ အမေရိကန်ကတယောက် ကမ်းလှမ်းတယ်ဗျ။ ဒါပေမဲ့ ကျနော့စာမူကို ကျနော်ပဲ မူပိုင် ထားချင်တာ။
ကျနော်မရှိတဲ့တနေ့မှာ ကျနော့ရဲ့ တဦးတည်းသော သမီးလေးအတွက် မူပိုင်ခွင့် အမွေပေးခဲ့ချင်တာ။ ဒါကြောင့် လုပ်ဖြစ်ရင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ချမယ်ဗျာ´ ဟု သူကပြောသည်။

ဒါကြောင့် သူဟာ မဲဆောက်က စာပေမိတ်ဆွေများနှင့် တိုင်ပင်ပြီး စိစစ်တာ တည်းဖြတ်တာ ဒီဇိုင်းဆင်တာတွေကို ကိုယ်တိုင်ဘေးမှနေ၍ ကြီးကြပ်ပြီး စာမျက်နှာ ၇ဝဝ ကျော်ရှိသော စာအုပ်ကို သုတ်သင် တည်းဖြတ်၍ ပြီးစီးကြောင်း သတင်းပို့လာသည်။

ကျနော် အင်မတန်ဝမ်းသာပါသည်။ ကျနော့မိတ်ဆွေကြီး ရေးသားသော မဆလခေတ် နဝတခေတ် နအဖခေတ် နောက်ခံနှင့် သက်ရှိ ဇာတ်ကောင်များ ပါဝင်သော ခေတ်ပြိုင် သမိုင်းဇာတ်လမ်းတွဲကြီး သို့မဟုတ် မင်းဒင်ရဲ့ သက်ခိုင် ဝတ္ထုကြီး အမှန်တကယ် မြန်မာစာပေလောကတွင် ပေါ်ထွက်လာတော့မည်ဟု။

(င)

၂ဝ၁ဝ ကုန်ခါနီး ကာလလောက်ထင်သည်။
ကိုမင်းဒင် ကျနော်ရှိရာ ဘန်ကောက်မြို့ ဖက်လန်ဆောင် စွယ် ၆၆ သို့ တက္ကစီစီးပြီး ပေါက်ချလာသည်။

´ဗိုလ်ဌေး စာအုပ်ထုတ်မယ်။ ပုံနှိပ်စက်အပ်မယ်။ ခင်ဗျား အပ်နေကျ ပုံနှိပ်တိုက် သွားမယ်ဗျာ။ ခင်ဗျားမဒမ်က ထိုင်း စကား တတ်တယ်မဟုတ်လား´ ဟု ဆိုပြီး ကျနော့ဇနီးကိုပါ ချောဆွဲလေသည်။

သူသည် ပုံနှိပ်တိုက်ပိုင်ရှင်နှင့် အသေးစိပ် ဆွေးနွေးပြီးနောက် ဈေးစကားပြောကြတော့ ပုံနှိပ်တိုက်က ဘတ် သုံးသိန်းနီးပါး ကျမည်ဟု ပြောသည်။
 ကိုယ့်ဆရာ တွေသွားသည်။ ပုံနှိပ်တိုက်မတင်ခင် ကုန်ကျစရိတ်များနှင့်ပါဆိုလျှင် စာအုပ်တအုပ်ကို ဘတ် သုံးရာကျော်တော့မည်။
တအုပ်သုံးရာဆိုလျှင် အရင်းသက်သက်ပင် ဘတ် သုံးသိန်းအထက် ကုန်တော့မည်။ ထို့ကြောင့် ရန်ကုန်က ဇနီးနှင့် စင်္ကာပူက သမီးကို အခြေအနေအား ရှင်းပြသည်။
အံ့ဖွယ်ကောင်းလိုက်သည့် ဇနီးနှင့် သမီးပါပဲ။

စာရေးဆရာကတော်က´ရှင် သိပ်ထုတ်ချင်နေတဲ့ စာအုပ်ကို ထုတ်သာထုတ်။ ဘာမှ နောက်မတွန့်နဲ့။ မတွေဝေနဲ့´ တဲ့။

သမီးဖြစ်သူကလည်း ´အဖေ နောက်မဆုတ်နဲ့ လိုတာအကုန် သမီးပေးမယ်။ သမီးဟာ အဖေ့သမီး။ စာရေးဆရာ မင်းဒင် သမီး ဖြစ်ရတာကို အရမ်းဂုဏ်ယူမိတယ် အဖေ။ အဖေ လုပ်စရာရှိတာ ဆက်လုပ်´ ဟု   ရာနှုန်းပြည့် ထောက်ခံအားပေးခဲ့သည်။

ထို့ကြောင့် ကောင်းကင် အွန်လိုင်းတွင်သာ ကျော်ကြားမင်းမူခဲ့သော ´မင်းဒင်၏ သက်ခိုင်´ သည် ဤကမ္ဘာမြေပေါ်သို့ စက္ကူဖြင့် ချုပ်လုပ်ထားသော ခန့်ငြားသည့် စာအုပ်အဖြစ်ဖြင့် ရောက်လာခဲ့ရသည်။

စာအုပ်အပ်ပြီး တပတ်အတွင်း ဘန်ကောက်မှ ဖူးကက်သို့ သက်ခိုင်စာအုပ်များ ရောက်ရှိသွားတော့သည်။ မင်းဒင်၏လက်ရာ သက်ခိုင်ကား ၆လလောက် အကြာတွင် လက်ကျန် အနည်းငယ်သာ ကျန်သည့်အဆင့်သို့ ရောက်လာသည်။

သက်ခိုင်စာအုပ်များကို တိုကျို။ ဆိုးလ်။ ဆစ်ဒနီ။ လန်ဒန်။ ဝါရှင်တန်။ အော့တဝါ။ ကာတာ။ ဆိုက်ပရပ်စ်။ ကွာလာလမ်ပူ အစရှိသော ကမ္ဘာ့မြို့ကြီးများနေ မင်းဒင်ပရိသတ်များက အလုအယက် မှာယူကြသည်။
ရန်ကုန် မန္တလေးကလည်း သူ့ အဆက်အသွယ်နှင့်သူ မှာယူဖတ်ရှုကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက် ချင်းမိုင် မဲဆောက်မြို့များကလည်း အားပေးကြသည်။

သက်ခိုင်ကို မွေးဖွားရာ ဖူးကက်တွင်တော့ သိပ်စွံပုံမရ။ အထူးသဖြင့် စာအုပ်ဈေးကြီး၍လား ဒါမှမဟုတ် စာဖတ်အား နည်း၍လား မပြောတတ်။
ရွှေ့ပြောင်းအလုပ်သမားများက ဝယ်ယူအားပေးမှု အနည်းအကျဉ်းသာ ရှိပါသည်။

စာအုပ်ထွက်ပြီး တနှစ်ခန့်အကြာတွင်တော့ အမှတ်တရ သိမ်းဆည်းထားရန် သက်ခိုင်စာအုပ်မှာ ခုဂဏန်းမျှသာ လက်ကျန်ရှိတော့ကြောင်း သူက ပြောလာသည်။

(င)
လူတယောက်၏ ဘဝကံကြမ္မာသည် ကြိုတင်မှန်းဆ၍ မရစကောင်းပါ။ သီချင်းတခွေတည်းနှင့် ပေါက်ခဲ့သူများအဖြစ် အဆိုတော် ဖိုးချို၊ ထူးအိမ်သင် စသည့် နိုင်ငံကျော်များကို တွေ့ဖူးပါသည်။
စာအုပ်တအုပ်တည်းနှင့် ပေါက်သည့် မြန်မာ ဝတ္ထုရေးဆရာက ဆယ်စုနှစ် တခု၊ နှစ်ခုတွင် တယောက်ပေါ်ထွန်းချင်မှ ပေါ်ထွန်းပါမည်။

ထို့ပြင် ရသစာပေရေးသားခြင်း ဆိုသည်က အခက်တကာ့ အခက်ခဲဆုံး အလုပ်ထဲက တခု ဖြစ်၏။
ယင်းအခက်အခဲကို ကျော်ဖြတ်ကာ နတ်မောက်သား မင်းဒင်သည် ဖူးကက်ကျွန်းမှတဆင့် အွန်လိုင်းမှ စတင်ပေါ်ထွန်းပြီး ယခုအခါ စာပေလောကထဲတွင် အထင်ကရ ကလောင်တချောင်းအဖြစ် အောင်မြင်ခဲ့ပေပြီ။
ယင်းသို့ အောင်မြင်လာခြင်းမှာ အလွယ်တကူ အောင်မြင်လာခြင်းတော့မဟုတ်။ ဤစာအုပ်ကို သုံးနှစ်သုံးမိုး အပတ်တကုတ် ရေးသားခဲ့ခြင်း ဖြစ်သည်။


နိုင်ငံတွင်းက စာရေးဆရာများကဲ့သို့ ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာရေးဆရာများကဲ့သို့ စာအုပ် ထုတ်ဝေရန်လည်း ကနဦးက တင်ကူး ရည်ရွယ်ချက်ရှိ၍လည်း မဟုတ်။ သူ့ရင်ဘတ်ထဲတွင် အောင်းနေသော သက်ခိုင်ကို မွေးဖွားခဲ့ခြင်းသာ ဖြစ်သည်။

လူများစွာတို့သည် ပိုက်ဆံရသော အလုပ်များကိုတောင် နှစ်ရှည်လများ ဇွဲနပဲနှင့်မလုပ်ဘဲ မျောက်လွှဲကျော်ပမာ ဟိုက သည်ကူး သည်ကဟိုကူးဖြင့် ကျင်လည်နေကြ၏။
ကုန်သွယ် စီးပွားအလုပ်ကို လုပ်နေသူ ကုန်သည် ကိုမင်းဒင်အဖို့မှာတော့ တဘက်က အရောင်းအဝယ်လုပ်ရင်း ကျန်သည့် အချိန်တိုင်းတွင် သက်ခိုင်ကို ဖန်တီးနေခဲ့သည်။

ထို့ကြောင့်ထင်၏။ ချင်းမိုင်တွင် ပြုလုပ်သော မြန်မာ့သတင်းသမဂ္ဂ ညီလာခံသဘင်တွင် သူ့ကို တနှစ်တာ အကောင်းဆုံး ရသစာပေ ကလောင်ရှင်အဖြစ် ဆုပေးကာ ဂုဏ်ပြုခဲ့ပါသည်။ ထို့ထက် ကြီးမားသော ဆုတခု ကျန်ပါသေးသည်။ ယင်းကား အခြားမဟုတ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်  ကိုယ်တိုင် ´မင်းဒင်ရဲ့ သက်ခိုင်´ကို ဖတ်ချင်သည် ဆို၍ ရန်ကုန်မြို့ကို ရောက်အောင် ပို့ပေးခဲ့ရခြင်း ဖြစ်သည်။
ယင်းစာအုပ်ကို ရန်ကုန်သို့သွားမည့် ဗိုလ်မှူး သောင်းထိုက်လက်သို့ ဘန်ကောက်မြို့ စယမ် မိုးပျံရထားဘူတာတွင် ကျနော်ကိုယ်တိုင် ထည့်ပေးခဲ့ပါသည်။

(စ)
ဖူးကက်မြို့မှ အာမခန်အရပ်သည် ဆိတ်ငြိမ်ရပ်ကွက်တခု ဖြစ်၏။ စီးပွားရေး ပြေလည်သူများနေသည့် အရပ်ဖြစ်သောကြောင့် လူသွားလူလာနည်းပါးကာ တခါတရံ ကားနှင့် ဆိုင်ကယ်များ ဖြတ်မောင်းသွားသည့် အသံမှလွဲ၍ နေ့ခင်း နေ့လည်များဆိုလျှင် တိတ်တိတ်ဆိတ်ဆိတ် ရှိလှသည်။

သူသည် ယင်းဆိတ်ငြိမ်ရပ်ကွက်အတွင်းရှိ နှစ်ထပ်တိုက်အိမ်၏ အပေါ်ထပ်တွင် အွန်လိုင်းပြတင်းပေါက်ကတဆင့် ကမ္ဘာအနှံ့မှ မိတ်ဆွေများနှင့် စကားပြောနေသည်။
မင်းဒင်ရဲ့သက်ခိုင်ကား ယခုစာရေးနေချိန်တွင် ပဉ္စမအကြိမ်မြောက် ရိုက်နှိပ်နေလေပြီ။ စာပေဝေဖန်ရေး ဂုရုကြီး ဆရာအောင်သင်းကလည်း မင်းဒင်ရဲ့ သက်ခိုင်ကို အားရလှသည် ဟု ဆိုသည်။ တက္ကသိုလ်စိန်တင်လိုပုဂ္ဂိုလ်မျိုးကလည်း မြန်မာစာကို ချောမွေ့ပြေပြစ်အောင် ရေးနိုင်စွမ်းသူဟု ဆိုပြန်သည်။
 မင်းဒင်ရဲ့ သက်ခိုင်အပေါ် ချီးကျူးကြသည့် ရီဗျူးများ ပြည်တွင်းထုတ် မဂ္ဂဇင်းဂျာနယ်များတွင် နေရာယူနေလျက်ရှိနေပြီ။
သူ၏ ဒုတိယမြောက် လုံးချင်းလက်ရာ ဖြစ်ပျက်ရှာပုံတော်ခရီးသည်ကို ထုတ်ဝေနိုင်ခဲ့ပြီ။

သူသည် ကျနော့်အား မထင်မှတ်ဘဲ အလုပ်ကြီးတခုကို လုပ်မိလျက်သား ဖြစ်နေပြီဟု ဆိုခဲ့သည်။
သို့သော် ယင်းအလုပ် ကား နှယ်နှယ်ရရမဟုတ်။ သူ့ဘဝကိုလည်း အောင်မြင်သော စာရေးဆရာဖြစ်စေခဲ့သလို ကိုယ်တိုင် ဖြတ်သန်းခဲ့သော ခေတ်ပြိုင်သမိုင်းကိုလည်း နောင်အခါ ဂန္ထဝင်တင်ခံရမည့် စာအုပ်တအုပ်ကို ရေးမိလျက်သား ဖြစ်နေခဲ့ခြင်းပင်တည်း။  

ဘစောတင်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved