ဆက်သွယ်ရေးဈေးကွက်ထဲဝင်မယ့် MTN ကုမ္ပဏီနဲ့ အင်တာဗျူး

Monday, May 27, 2013


မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်လျှောက်ထားသည့် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၉ဝကျော်ထဲမှ   ၁၂ ခုကို ဆန်ကာတင် ရွေးချယ်ထားသည်။
လုပ်ပိုင်ခွင့် ရမည့် ကုမ္ပဏီ နှစ်ခုကို ထိုအထဲမှ ရွေးချယ်မည်ဖြစ်ရာ မည်သူ လုပ်ပိုင်ခွင့်ရမည်ကို  ဇွန်လ ၂၇ရက်နေ့တွင် သိရမည် ဖြစ်သည်။  


(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
ရွေးချယ်ခံရသည့် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းကို ၁၅ နှစ် လုပ်ကိုင်ခွင့်လိုင်စင်ရရှိမည်ဖြစ်သည်။

ဆန်ကာတင် စာရင်းထဲတွင် ပါဝင်သည့် MTN ကုမ္ပဏီသည်  ဆက်သွယ်ရေးဈေးကွက်အတွင်းသို့ တောင်အာဖရိကနိုင်ငံ၏ ဒုတိယမြောက် ဆယ်လူလာဖုန်းကွန်ရက်အဖြစ် ၁၉၉၄ တွင် စတင် ဝင်ရောက်ခဲ့ပြီး၊ လက်ရှိတွင် သုံးစွဲသူပေါင်း ၁၉၅ ဒဿမ ၄ သန်းကို ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် မြတ်စုမွန် နှင့် မကြာသေးမီက တွေ့ဆုံရာတွင်
MTN ၏ အမှုဆောင်ဈေးကွက် အရာရှိ Mr. Serame Taukobong က ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းများ၊ မြန်မာပြည်အတွင်း ၎င်းတို့၏ မျှော်မှန်းချက်များအကြောင်း ပြောပြခဲ့သည်။
တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

 မေး-         မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရမယ်ဆိုရင် MTN အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ် ရှိသလဲ။

ဖြေ-       အချက် ၃ချက် ရှိပါတယ်။ ပထမတစ်ခု အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးကွန်ရက်တွေရအောင် တာဝါတိုင်တွေ တည်ဆောက်တာ လုပ်မယ်။ မြို့ကြီးပြကြီးတွေမှာတင် မဟုတ်ဘဲ၊ တစ်နိုင်ငံလုံးကို အမြန်ဆုံးရအောင်လုပ်ပေးနိုင်တယ်။
နည်းပညာလည်းရှိတယ်။ အခုလောလောဆယ် လူတန်းစားမရွေး အားလုံး ဆက်သွယ်ရေးကွန်ရက်တွေရအောင် မြန်နိုင်သမျှမြန်မြန် လုပ်ပေးနိုင်တယ်။

ဒုတိယအချက်က ဘယ်နေရာပဲသွားသွား ဒီဆက်သွယ်ရေးကွန်ရက်တွေရအောင်၊ မြန်မာနိုင်ငံမှာ မသုံးတဲ့ အီလက်ထရောနစ် ငွေဖြည့်ကဒ်စနစ်ကို သုံးစွဲသူတွေအတွက် ဝန်ဆောင်မှု ပေးနိုင်တယ်။

MTN ကုမ္ပဏီရဲ့ Facebook စာမျက်နှာ

တတိယအချက်ကတော့ အဲဒီလို အမြန်ဆုံးလုပ်တဲ့နေရာမှာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေပေးဖို့အတွက် တစ်နိုင်ငံလုံးမှာ Call Center တွေ ထောင်မယ်။ 
အရေးအကြီးဆုံးကတော့ ဆက်သွယ်ရေး အရည်အသွေး၊ ဖြန့်ချိရေးနဲ့ ဝန်ဆောင်မှုပဲ။
တစ်နိုင်ငံလုံး ကွန်ရက်ချိတ်ဆက်မှု လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ပြည်တွင်းလုပ်သားအင်အားကို အပြည့်အဝ သုံးသွားမှာဖြစ်တဲ့အတွက် အလုပ် အကိုင်အခွင့်အလမ်းတွေပေးနိုင်မယ်။

ပညာရေးပိုင်းမှာ ကျောင်းတွေတစ်ကျောင်းနဲ့တစ်ကျောင်း ဆက်သွယ်လို့ရအောင် စာသင်ကျောင်းတွေမှာ အင်တာနက်တွေ၊ ဝိုင်ဖိုင်စနစ်တွေ တပ်ဆင်ပေးနိုင်တယ်။ ပြီးတော့ ကွန်ပြူတာတွေ လှူပေးနိုင်တယ်။ နောက်ပြီး အီလက်ထရောနစ် စာကြည့်တိုက်တွေ လုပ်ပေးလို့ရတယ်။
ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ပညာရေးရေးအဆင့်သတ်မှတ်ချက်တွေအတိုင်း ဘယ်နေရာတွေကို ထောက်ပံ့ပေးရမယ်ဆိုတာ UN နဲ့ပေါင်းပြီး လုပ်ပေးမယ်။

 ကျနော်တို့ဆီမှာ MTN အကယ်ဒမီဆိုတာရှိတယ်။ အဲဒီကျောင်းကနေပြီးတော့ နည်းပညာနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးတယ်။ 
လုပ်ငန်းလိုင်စင်ရမယ်ဆိုရင် ဒါတွေလုပ်ဖို့ ကျနော်တို့မှာ စီမံကိန်းဆွဲထားပြီးသားရှိတယ်။

ကုမ္ပဏီအသေးစား၊အလတ်စားတွေကို မြန်မြန်ဖွံ့ဖြိုးအောင် ပူးပေါင်းလက်တွဲခေါ်ပေးနိုင်တယ်။
လုပ်ငန်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာပဲ တတ်နိုင်သမျှ ထုတ်မှာဖြစ်လို့ ပြည်တွင်းကလူတွေ၊ ကုမ္ပဏီသေးတွေ ဝင်ငွေရစေမယ်။

ကျန်းမာရေးပိုင်းမှာ NGO တွေနဲ့ တွဲဖက်ပြီး၊ အီလက်ထရောနစ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ လုပ်တာမျိုး၊
 ဆေးဝါးကုသရေးနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်လဲဆိုတာဆက်သွယ်ပေးပြီး၊ လိုအပ်တာတွေမှာပေးတာမျိုး၊ နိုင်ငံမှာရှိတဲ့ ဆေးရုံတွေအချင်းချင်း ဆက်သွယ်ရေးစနစ် ကောင်းမွန်အောင် လုပ်ပေးတာမျိုးတွေလုပ်မယ်။

ဘောလုံးပြိုင်ပွဲတွေကို ပံ့ပိုးပေးတာမျိုးလုပ်မယ်။ အာဖရိကမှာလုပ်သွားတဲ့ ကမ္ဘာ့ဖလားပွဲကို ကျနော်တို့ ပါဝင်ပံ့ပိုးပေးခဲ့တယ်။

မေး-       ဆိုလိုတာက ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းတွေနဲ့အတူ လူမှုရေးလုပ်ငန်းတွေကို တွဲလုပ်သွားမယ်ဆိုတဲ့သဘောပေါ့။

ဖြေ-       ဟုတ်တာပေါ့။   လုပ်ငန်းစလို့ တာဝါတိုင်တွေ စ တည်ဆောက်တာနဲ့ တပြိုင်တည်းမှာပဲ တခါတည်း တွဲသွားမှာ။ MTN ကျောင်းရဲ့ လုပ်ငန်းတွေကိုလည်း တခါတည်း တွဲလုပ်သွားမယ်။

မေး-       အဲလိုလုပ်မယ်ဆိုရင် ဘယ်ကနေ စတင်လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေရှိမယ်လို့ မျှာ်လင့်ထားသလဲ။

ဖြေ-       လုပ်ကိုင်ခွင့်မကျခင်ကတည်းက ကျနော်တို့က ပြင်ဆင်ထားပြီးသားပါ။ အော်ပရေးရှင်းကို စလုပ်နိုင်နေပါပြီ။ အခက်အခဲအနေနဲ့တော့ မရှိနိုင်ဘူး ထင်ပါတယ်။ အခြားနိုင်ငံတွေမှာလည်း လုပ်ခဲ့ဖူးတယ်။
လျှပ်စစ်မီးမရှိတဲ့နေရာတွေမှာ အမြန်ဆုံးဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းပညာတွေ ရှိပြီးသားပါ။
မီးရှိတဲ့နေရာတွေမှာလည်း အမြန်ဆုံး ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ ရှိပြီးသားပါ။
အတွေ့အကြုံတွေရှိတဲ့အတွက် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမယ်ဆိုတဲ့ စီမံကိန်းတွေရှိပြီးသားပါ။

အဓိကအချက်ကတော့ ပြည်တွင်းက ပါတနာတွေနဲ့ ပူးပေါင်းပြီး လုပ်မှာဖြစ်လို့ အခက်အခဲတွေကို ကျော်လွှားနိုင်တယ်။ ဒါကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေက အရေးကြီးပါတယ်။
ဥပမာ- ရဝမ်ဒါနဲ့ အာဖကန်နစ္စတန်လို နေရာမျိုး တွေမှာ အရမ်းခက်ခဲတဲ့ တောတောင်ဧရိယာတွေမှာတောင် ဟယ်လီကော်ပတာတွေသုံးပြီး အခြေခံအဆောက်အအုံတွေလုပ်မယ့် ပစ္စည်းတွေ သယ်ယူ ပို့ဆောင်ခဲ့ရတာတွေ ရှိဖူးတယ်။ 
မြန်မာနိုင်ငံမှာတော့ ဒီလောက် အခက်အခဲမရှိနိုင်ပါဘူး။

မေး-       မြန်မာနိုင်ငံကိုလုပ်ဖို့အတွက် ဘာကြောင့် ရွေးချယ်တာလဲ။

ဖြေ-       မြန်မာမှာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် လူဦးရေက ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုပဲ။ ဒါပေမယ့် တယ်လီဖုန်းကို ကိုင်နိုင်တဲ့ လူက နိုင်ငံလူဦးရေရဲ့
၉ ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိတယ်။ အဲလောက်ပဲ ရှိသေးတဲ့အနေအထားမှာ လုပ်လို့ရမယ့် အခွင့်အလမ်းတွေအများကြီး ရှိသေးတယ်။

နောက်တစ်ခုက ကျနော်တို့က တိုးတက်ပြီးသားနိုင်ငံတွေမှာ လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီလို မတိုးတက်သေးတဲ့ နိုင်ငံတွေကို တိုးတက်သွားအောင်လုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့အတွက် ဒီနိုင်ငံကို ဇောက်ချပြီးဝင်လာတာ။
လုပ်ခဲ့ဖူးတဲ့ အခြားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံအနေအထားနဲ့က ကွက်တိလောက်သွားတူနေတယ်။
ဒါပေမယ့် ဟိုမှာက ပိုဆိုးတယ်။ ဒီမှာ အားသာချက်တွေရှိတယ်။

မေး-       မြန်မာနိုင်ငံထဲက လုပ်သားအင်အားတွေကိုသုံးမယ်ဆိုတော့  ဘယ်လောက်ထိ အလုပ်ပေးနိုင်မယ်ထင်သလဲ။

ဖြေ-        ၈ဝ ရာခိုင်နှုန်းကနေ ၉ဝ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသား တွေရဲ့ လုပ်သားအင်အားကို အသုံးပြုမယ်။
ဒါမှလည်း အခက်အခဲတွေကို ကျော်လွှားနိုင်မယ်။
အာဖရိကမှာလုပ်ခဲ့တုန်းကလည်း ပြည်တွင်းက အလုပ်သမားတွေပဲ သုံးခဲ့တယ်။

မေး-       ဒီနိုင်ငံမှာ လုပ်တဲ့အတွက် ကုမ္ပဏီအနေနဲ့  မျှော်လင့်သလောက်ရနိုင်မယ်ထင်လား။

ဖြေ-       ကျနော်တို့က ၁၉၉၄ကတည်းက ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းကို လုပ်လာတာဖြစ်လို့ အခြားနိုင်ငံ ၂၂နိုင်ငံမှာ ရခဲ့တဲ့အတွေ့အကြုံတွေကို အခြေခံပြီး လုပ်မယ်။ အဲလိုလုပ်ပြီး မြန်မာနိုင်ငံက အတွေ့အကြုံတွေကိုလည်း ထပ်ရနိုင်မယ်လို့ မျှော်လင့်တယ်။

မေး-        ငွေ ပမာဏ ဘယ်လောက် ရင်းနှီးမြှုတ်နှံသွားဖို့ စီစဉ်ထားသလဲ။

ဖြေ-       လျှောက်လွှာတင်နေတုန်းအချိန်ဖြစ်လို့ ဒါကိုပြောလို့ မဖြစ်နိုင်သေးပါဘူး။ အီရန်မှာဆိုရင် အမေရိကန်ဒေါ်လာ ၂၆၉ သန်းကို သုံးပြီး ၆လအတွင်း လုပ်ခဲ့တယ်။
၂ဝ၁၂ ခုနှစ်မှာလည်း နိုင်ဂျီးရီးယားမှာ  ဒေါ်လာ ၁ ဘီလီယံ သုံးပြီး အခြေခံတည်ဆောက်မှုလုပ်ငန်းတွေချည်းပဲ လုပ်ခဲ့တယ်။
အဲဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဘယ်လောက် ရင်းနှီးမြှုတ်နှံမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

မေး-        ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးပိုင်းတွေမှာလည်း လုပ်သွားမယ်ဆိုပေမယ့်  တကယ်လို့များ MTN အနေနဲ့ လုပ်ငန်းလိုင်စင်မရဘူးဆိုရင် အဲဒါတွေကို ဘယ်လိုမျိုးဆက်လုပ်ဖို့ အစီအစဉ်ရှိသလဲ။

ဖြေ-       မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် လုပ်ငန်းလိုင်စင်မရဘူး ဆိုရင်တောင် ရှေ့ဆက်လုပ်လို့ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါတယ်။
ဒီ ... မိုဘိုင်းလုပ်ငန်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ အခြားဟာတွေ လုပ်လို့ရသေးတာ ရှိတယ်။ အင်တာနက်ဝန်ဆောင်မှုပေးလို့ရတာတွေ ရှိသေးတယ်။
နိုင်ငံတချို့မှာ အဲလိုလုပ်ငန်းတွေ အများကြီး လုပ်ခဲ့ဖူးတယ်။ ဒီလုပ်ငန်းလိုင်စင်ကိုမရလည်း ဒီထဲမှာ ဝင်ပြီးတော့ လုပ်ကို လုပ်မှာပါ။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved