စာရေးဆရာလူခါးနဲ့ အင်တာဗျူး

Monday, June 3, 2013




ဒီတပတ် ဆက်သွယ်မေးမြန်းဖြစ်ခဲ့တဲ့ စာရေးဆရာကတော့ လူခါး ဖြစ်ပါတယ်။
ရွှေအမြုတေမဂ္ဂဇင်းမှာ တွေ့ရတဲ့ ရှို့မီး၊ ကမ္ဘာ့အနိမ့်ပိုင်းသို့ လောင်ကျွမ်းသည် ဝတ္ထုတိုကို ဒီဘလော့မှာ ဖော်ပြရာမှာ သူ့ရဲ့ အသံတချို့ပါ ပူးတွဲ ဖော်ပြလိုတဲ့အတွက် ဆက်သွယ်မေးမြန်းခဲ့တာပါ။စာရေးဆရာ လူခါးက သူ့ရဲ့ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတိုတွေကို လစဉ်ထုတ် မဂ္ဂဇင်းများမှာ အပုဒ် ၁ဝဝ နီးပါး ဖော်ပြခဲ့ပြီးပါပြီ တဲ့။
သူငယ်ချင်း ကဗျာဆရာများနဲ့ ပေါင်းပြီး အက္ခရာလမ်း၊ ပင်လယ်နဲ့ပတ်သက်နေတဲ့ရွက်တွေ စတဲ့ ကဗျာစာအုပ် ၂ အုပ် ထုတ်ဝေခဲ့တယ်၊ အခုတော့ မဂ္ဂဇင်းဝတ္ထုရှည်ရေးဖို့ လေ့လာနေပါတယ်၊ လတ်တလောမှာတော့ ကလေးတွေကို စာသင်ပေးနေတယ်ဆိုတဲ့ စာရေးဆရာလူခါးကို  ဆက်သွယ်မေးမြန်းထားပါတယ်။

ဘယ်အချိန်ကစပြီး ၀တ္ထုတို ရေးဖြစ်ပါသလဲ။


လူသိရှင်ကြား စာစရေးတာက ၂၀၀၈ ခုနှစ် တောင်တွင်းကြီးမြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့က ကျင်းပတဲ့ စာဆိုတော်နေ့အထိမ်းအမှတ် ၀တ္ထုတိုပြိုင်ပွဲမှာပါ။
စာမူ အမည်က "ဆင်းရဲသားတို့ဥစ္စာ"။ ကလောင်အမည်က ကျွန်တော့်ရဲ့ နာမည်ရင်း ဖြစ်တဲ့ သိန်းဇော်ညွန့်။
အဲဒီမှာ ထင်မှတ်မထားဘဲ ကျွန်တော် 'ပထမ'ဆု ရခဲ့ပါတယ်။
ဆုငွေ ကျပ် တစ်သောင်းပါ။
ဆုရစာမူကို စာနယ်ဇင်းအဖွဲ့က ထုတ်မယ့် ပုဏ္ဏဝတီ မဂ္ဂဇင်းမှာ ဖော်ပြမယ် လို့ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မဂ္ဂဇင်းထွက်တော့ ကျွန်တော့စာမူ ပါမလာခဲ့ပါဘူး။
ယခု အဲဒီစာမူဟာ မလေးရှားနိုင်ငံထုတ် အပြင်စီးမဂ္ဂဇင်းမှာ ဖော်ပြပါရှိပြီးဖြစ်ပါတယ်။



 စာအုပ်စာပေ စိတ်ဝင်စားဖို့ တိုက်တွန်းအားပေးခဲ့သူတွေ ရှိသလား။


ကျွန်တော့်ကို စာဖတ်ကျင့် ပျိုးထောင်ပေးတဲ့ ကျွန်တော့ဘကြီးက ကျွန်တော် ပြည်ပရောက်နေစဉ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
သူက ကျွန်တော့်ကို တစ်ပါတ်တစ်ခါ စာအုပ်တစ်အုပ်ပေးဖတ်တယ်။ ဆရာကြီးမြသန်းတင့်ရဲ့ ဓားတောင်တို့၊ ဆရာကြီး သိန်းဖေမြင့်ရဲ့ တက်ခေတ်နတ်ဆိုး၊ တက်ဘုန်းကြီးတို့၊ ဆရာကြီးမောင်သာရရဲ့ နောက်ဆုံးကျတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲတို့၊ အထက်တ၀က် အောက်တ၀က်တို့၊ ဆရာကြီး သော်တာဆွေရဲ့ ဘ၀ထိုထိုတို့ .... စတဲ့ စာအုပ်တွေပါ။

တစ်ပါတ်ပြည့်ရင် ကျောင်းစာမေးသလိုမေးပြီး သူမေးတာဖြေနိုင်ရင် မုန့်ဖိုးပေးတတ်ပါတယ်။ အဲဒီလိုနဲ့ ကျွန်တော် စာဖတ်ကျင့်စွဲလာခဲ့ပါတယ်။
အဲဒီတုန်းက ကျွန်တော် ၆ တန်း၊ ၇ တန်း အရွယ်ပါ။

ကျွန်တော့်စာမူ တစ်ပုဒ်တလေမှ ဖတ်ခွင့်ရသွားခြင်းမရှိတဲ့ ကျွန်တော့်ဘကြီးကို ကျွန်တော် ကျေးဇူး အထူးတင်နေမိပါတယ်။

ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေအကြောင်း နည်းနည်း ပြောပြပေးပါ။


စာရေးတော့မယ်ဆိုတာနဲ့ ကျွန်တော့်အတွက် အထောက်အကူဖြစ်စေခဲ့တဲ့ ဆရာကြီးတွေရဲ့ လက်ရာကိုလည်း သိအောင် ညွှန်းပေးချင်ပါတယ်။
ဆရာကြီး နန္ဒာသိန်းဇံပါ။ ဆရာကြီးရဲ့စာတွေဟာ ဖြန့်ထွက်တွေးအားကောင်းစေပါတယ်။ စိတ်ကို တည်ငြိမ်စေပါတယ်။ လူကို သမာဓိအား ကောင်းစေပါတယ်။ ဆရာကြီးရဲ့ ဆောင်းပါးတွေကို ဖတ်ထားခြင်းအားဖြင့် ကိုယ်ရေးမယ့် မည်ကဲ့သို့သော စာမူမျိုးမဆို အတုံ့အနှေးမရှိ လိုချင်တဲ့ပွိုင့်ကို ရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ ဆရာကြီးမြသန်းတင့်ပါ။ ဆရာကြီးရဲ့ ကိုယ်ပိုင်လက်ရာတွေကို တော်တော်နှံ့အောင် ဖတ်ပြီးသွားတော့ ကမ္ဘာ့ဂန္တဝင် ၀တ္ထုတိုများ ဆိုတဲ့ နိုင်ငံတကာ ၀တ္ထတိုတွေကို ဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။ ဆရာကြီးဟာ နိုင်ငံတကာစာပေကို စာတ်သူရင်ထဲရောက်အောင် ပို့ပေးနိုင်စွမ်းရှိသူတစ်ဦး ဖြစ်ပါတယ်။
ပြီးတော့ ဆရာကြီးရဲ့ စာပေဝေဖန်ရေးသဘော သက်ရောက်မှု ရှိတဲ့ "ကျွန်တော်ဆက်၍ရေးချင်သော ၀တ္ထုများ" ဆိုတဲ့ စာအုပ်ဟာလည်း မူလလက်ရာရှင် စာရေးဆရာကို ဖီလာဆန့်ကျင်တယ်လို့ ထင်ရပေမယ့် ကျွန်တော့်လို မြေစမ်းခရမ်းပျိုးချင်သူတွေအတွက် တွေးတောစရာ ကောင်းလှပါတယ်။ သူတပါးရဲ့ ၀တ္ထုကို ဘယ်လို အရောင်တင်လို့ရတယ် ဆိုတဲ့ အဖြေမျိုး ရလာစေပါတယ်။


ဆရာ နေ၀င်းမြင့်၊ ဆရာမ ဂျူး၊ ဆရာမ ခင်ခင်ထူး၊ ဆရာ မင်းလူ အစရှိသဖြင့် ကျွန်တော် နှစ်သက်ရာ လိုက်ဖတ်လာရာမှာ နောက်ဆုံး စာအုပ်တိုက်တွေကစုစည်းထုတ်ဝေတဲ့ လက်ရာစုံတွေအထိ သေသေချာချာ ဖတ်လာဖြစ်ပါတယ်။
ပြီးတော့ အထက်က ကျွန်တော်ပြောခဲ့တဲ့ ကျေးဇူးရှင်ဘကြီးရှိစဉ်က တည်ထောင်ခဲ့တဲ့ ကျွန်တော်တို့ရွာ စာကြည့်တိုက်ထဲက ဝေဖန်ရေးစာပေတွေဆီ ရောက်သွားပြန်ပါတယ်။ ဆရာမြဇင်၊ ဆရာတက်တိုးတို့အထိ ကျွန်တော် လက်လှမ်းမီသလောက် လိုက်ဖတ်ဖြစ်ပါတယ်။

အထူးတလည် ပြောချင်တာက ရွှေအမြုတေက ထုတ်ဝေတဲ့ "နှစ်ကြောင်းရေး တစ်ကြောင်းခြစ်" ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။ ကျွန်တော့စာမူတွေ ပြည်တွင်းစာမျက်နှာတွေဆီ ရောက်မလာခင်မှာ ပြည်ပမှာ ကျွန်တော်နဲ့ အမြဲ မကွာ ရှိနေတဲ့ အကောင်းဆုံးမိတ်ဆွေဟာ အဲဒီစာအုပ်ကလေးပါ။

လူခါးရဲ့ ၀တ္ထုတိုထဲက ဇာတ်လမ်းတွေက တကယ့်ဖြစ်ရပ်မှန်တွေလား၊ စိတ်ကူးယဉ်ဇာတ်လားတွေလား။


ကျွန်တော်ရေးတဲ့ စာမူများရဲ့ ဇာတ်ကောင်စရိုက်ဟာ ကျွန်တော့်စရိုက်တွေက များပါတယ်။ ကျွန်တော်ဟာ တကယ့်အဖြစ်အပျက် အတွေ့အကြုံကို ပြောချင်တာလေး နည်းနည်း ဖြည့်စွက်ပြီးရေးတာများပါတယ်။ ဆရာကြီးမောင်သာရရဲ့ စကားနဲ့ ပြောရရင် ကျွန်တော်က ဘ၀နဲ့စာရေးပါတယ်။ ဆရာကြီးမောင်သာရက ခြေထောက်နဲ့စာရေးတယ်လို့ ဆိုပါတယ်။ သဘောကတော့ သူရေးမယ့် စာကို သူကိုယ်တိုင် သေသေချာချာ သိအောင် လုပ်ပြီးမှ ရေးတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ဘ၀နဲ့ ရင်းပြီးမှ သိခဲ့ရတာတွေကို ရေးနေတဲ့အတွက် ဘ၀နဲ့ရေးတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ စကားလုံးကြီးသွားရင် ခွင့်လွှတ်စေချင်ပါတယ်။
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved