ရှို့မီး၊ ကမ္ဘာ့အနိမ့်ပိုင်းသို့ လောင်ကျွမ်းသည်

Monday, June 3, 2013

 ၁။
ဦးတင်ထွန်းက အံဆွဲကို အသံမမြည်အောင် အသာဆွဲဖွင့် လိုက်ပြီးတော့ ထောင်တန်တွေ၊ ငါးရာတန် တွေ ကြားထဲက ထောင်တန်အသစ် စက်စက်တစ်အုပ်ကို ယူပြီး အင်္ကျီရင်ဘတ်ထဲ ထိုးထည့်လိုက်တယ်။
“သိများသွား လေမလား”ဆိုတဲ့အတွေးနဲ့ ထမင်းစားခန်းထဲကို ကြည့်လိုက်တော့ သူ့မိန်းမနဲ့ မယားပါသမီး အငယ်မက ထမင်းစားလို့။
 “တော်သေးတာပေါ့” လို့ တွေးပြီး နေ့စဉ်ထုတ် သတင်းစာကို ကောက်ကိုင် လိုက်တယ်။     တကယ်တော့ သတင်းစာကိုသာ ဖတ်နေရတာ သူ့စိတ်က သတင်းစာ ထဲမှာ မရှိဘူး။  လုပ်လို့ကိုင်လို့  အစစ အရာရာ အဆင်မပြေ ဖြစ်နေတဲ့ သူ့ပွဲရုံ လုပ်ငန်း အကြောင်းကိုသာ တွေးနေမိတယ်။

ဒီနှစ်ကျမှပဲ စီးပွားရေး ကပ်ဆိုးကြီးက ဗြုန်းစားကြီး ကျလာတော့တယ်။ ခါတိုင်းနှစ်တွေ  နှမ်းလှောင်လှောင်၊ ပဲလှောင်လှောင် တစ်တင်းကို နှစ်သောင်းရင်း နှစ်သောင်းမြတ် ပြီးသားပဲ။ ဒီနှစ်ကတော့ လှောင်နိုင်ရင် မြတ်တယ်ဆိုတဲ့ သူတို့လိုပွဲစားကြီးတွေ လှောင်နိုင်လေ ရှုံးလေဖြစ်ရတဲ့နှစ်ပဲ။
စီးပွားရေးက အဆင်မပြေပါဘူး ဆိုမှ  အစ်မကလည်း နေမကောင်း ဖြစ်လာတယ်။ အစ်မကြီး အမိအရာ ဆိုတာတော့ သူ လက်ခံတယ်။
မိဘတွေ မရှိတော့ တဲ့နောက် ပိုင်း ဒီအစ်မသာ အမေ၊ ဒီအစ်မသာ အဖေ မဟုတ်လား။ သူ ငယ်ငယ် ကတည်းက ဒီအစ်မကပဲ ချေး၊ သေး သုတ်သင်ပြီး ထိန်းကျောင်း ချီပိုး ခဲ့တာ။ ဒီလို သူ့အပေါ် ပြုစု ယုယခဲ့တဲ့ အစ်မကိုမှ တစ်လှည့်ပြန်ပြီး မပေးကမ်း မစောင့်ရှောက်ရင် ဘယ်တရားပါ့မလဲလို့ သူ တွေးမိတယ်။

မိန်းမလုပ်တဲ့ သူကလည်း သူ့အမျိုးတွေဆို တိုက်ရှေ့က ဖြတ်သွားတာတောင် မကြိုက်ချင်ဘူး။ ပေးနိုးနိုး၊ ကမ်းနိုးနိုး ထင်နေတာ။
အဲဒီတော့ သူ့ခမျာ လုပ်ငန်း လည်ပတ်နေတဲ့ ငွေတွေထဲက စာရင်း ဖျောက်သင့် တာဖျောက်၊ ဈေးနှုန်း လျှော့သင့် တာလျှော့၊ ဈေးနှုန်း ပိုရေးသင့် တာရေးပြီး တစ်လကို တစ်သိန်း သူ့အစ်မကို ကြည့်ရှု စောင်မခဲ့တာ တစ်နှစ်နီး ပါးရှိပေါ့။

ပွဲရုံလုပ်ငန်းနဲ့ ပတ်သက် တဲ့ စာရင်း ဇယားကို လွယ်လွယ်ကူကူ တွက်ချက် လို့ရ ပေမဲ့ သူ့အစ်မပေးရမဲ့ ပိုက်ဆံ အတွက်ကျတော့ လကုန်ခါနီးလေ ဦးနှောက်စား လေပဲ။
ဒီလိုအလုပ် ဆိုတာက ပိုင်အောင်လုပ်မှ ခြေရာခံလို့မရမှာ မဟုတ်လား။ သိသွားပါမှဖြင့် သူ့မိန်းမနဲ့ မယားပါ သမီးတွေရဲ့ တံတွေး ကွက်မှာ ပက် လက်မျော ရချေရဲ့။

ရင်ဘတ်ထဲ ထည့်ထားတဲ့ ငွေတစ်သိန်းကို အသာ စမ်းကြည့်ပြီး ထမင်းဝိုင်းက ထလာတဲ့ သူ့မိန်းမကို “မိန်းမရေ ကိုကြီး ဈေးကွက်ကလေး ဘာလေး သိရအောင် ဈေး ကွက်ဖြန့် ချိရေးဘက် သွားလိုက်ဦးမယ်” လို့ ပြောပြီး သူ့အစ်မ အိမ်ဘက် ထွက်လာခဲ့တယ်။

၂။
မယဉ်မြ တစ်ယောက် အခုမှပဲ ဆုတောင်း ပြည့်တော့တယ်။
ဒီဟာကြီး အပြင်ကို တစ်နည်းနည်းနဲ့ ထွက်ပါစေ လို့ ဆုတောင်း နေရတာ။ အခုမှပဲ ဆုတောင်း ပြည့်တော့တယ်။ ဈေးကွက် စနည်းနာတာဆိုတော့ ကြာတော့ကြာမှာပဲ။ ကြာလေ ကောင်းလေပဲ။ အဲဒါမှ သူလိုနေတဲ့ငွေက ရမှာ။
သူလိုနေတဲ့ ငွေဆိုလို့ တကယ်တမ်း လိုတာက သူမဟုတ်ဘူး။ သူ့သမီး အကြီးမက လိုတာ။

မနေ့ ညနေက ပွဲရုံပိတ် ခါနီးတော့ အကြီးမ လာတယ်။
“အမေရယ် အလုပ်အကိုင် ကလည်း မဖြစ်ဘူး။ သမီး ယောက်ျားကလည်း အစွမ်းအစမရှိဘူး။ ပွဲရုံလေးကလည်း ဒီနေ့ဝယ်၊ ဒီနေ့ ရောင်းတာကိုပဲ ရှုံးရှုံးနေတော့ ရပ်ထားရတယ်။ လောလောဆယ် စားဖို့သောက်ဖို့နဲ့ ဆိုင်ခန်းငှားခပေးဖို့ တစ်သိန်းလောက် ပေးပါဦး” ဆိုပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ပြန်သွားတာ။

သမီးတို့ မှာလည်း ညည်းမယ်ဆို ညည်းစရာ ပေါ့။ ပွဲရုံနဲ့ ပတ်သက်တဲ့ အတွေ့အကြုံမှ မရှိတာရယ်။ မဖြစ် မနေမို့သာ ဖွင့်ပေးထားရတာ။ ဘာမှကို မသိဘူး။ အဲဒီလို မလုပ်လို့ကလည်း မရဘူးလေ။
သူနဲ့ အခုပေါင်းနေ တဲ့ ဦးတင်ထွန်းက ဒုတိယအိမ်ထောင် ဆိုတော့ သမီးတို့ရဲ့ ပထွေးပေါ့။ သမီးအပျိုကလေးတွေနဲ့ ပထွေးနဲ့ ဘယ်လိုမှ မသင့်တော်လို့ အကြီးမကို မြန်မြန် ယောက်ျားပေးစားပြီး ပွဲရုံကလေး ထလုပ်ပေးလိုက်တာ။
တကယ်တော့  ပွဲရုံကလေးက ဟန်ပြ သက်သက်ပါ။
ဒီလိုပဲ လကုန် ခါနီးပြီဆို အကြီးမက သူ့လုပ်ငန်း မကောင်းကြောင်း၊ သူ့ ယောက်ျား မကောင်းကြောင်းတွေပြောပြီး ငွေတစ်သိန်းပေးဖို့ လာလာပြီး သတိပေးသလို လုပ်တတ်တာ ခု သူတို့တောင် သမီးဦးလေး ရနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့တော့ ကိုယ့်သမီးကို ပေးရမှာပဲလေ။
အရေးကြီးတာက ဟိုပထွေးလုပ်တဲ့ ဦးတင်ထွန်းကြီး မသိဖို့ဘဲ မဟုတ်လား။

ဦးတင်ထွန်းထားခဲ့တဲ့ ကောင်တာ စားပွဲပေါ်က သော့တွဲလေးကို ကောက်ကိုင်ပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်။ လက်ကား စာရင်းထဲက တစ်ထောင်တန် အသစ်တွေချည်း သပ်သပ် စည်းထားတဲ့ တစ်သိန်းထုပ်ကလေးကို အပေါ်အင်္ကျီ ဘေးကပ်ထဲ ထည့်လိုက်တယ်။
အံဆွဲသော့ ကလေးကို စားပွဲပေါ် ပြန်တင်ထားတုန်းပဲ ရှိသေးတယ်။ ဗြုန်းဆို အပြင်က ပြန်လာတဲ့ ဦးတင်ထွန်းရဲ့ မော်တော်ဆိုင်ကယ်သံကြောင့် လန့်သွားရတယ်။
“ကံသီပေလို့ တာပေါ့” လို့ တွေးရင်း ကောင်တာ စားပွဲနားကနေခွာပြီး အိမ်အပေါ်ထပ် တက်ခဲ့လိုက်တယ်။

၃။
“ကျွိ... ၀ုန်း” ဆိုတဲ့ တံခါးကို ဆွဲဖွင့်လိုက်တဲ့ အသံကြားတော့ မြမြသက်ဖြင့် လန့်သွားတာပဲ။ မေမေများ သိသွားပြီ လားလို့။ ခပ်တည်တည်နဲ့ မီးခံသေတ္တာနားကခွာပြီး စာကြည့်စားပွဲမှာ ပြန်ထိုင်နေလိုက်တယ်။

မေမေက လှေကားက တက်လာပြီး သူတို့အခန်းထဲ တန်းဝင် သွားတာပဲ။ အဲဒီတော့မှ မီးခံသေတ္တာ သော့လေးကို နေသားတကျပြန်ထားလိုက်ရတယ်။ အခုရက်ထဲ အမေ့ကိုကြည့်ရတာ ဘာကို အလိုမကျ ဖြစ်နေမှန်းကို မသိဘူး။

မနေ့ညနေ မမပြန်သွား ကတည်းက မျက်နှာ မကောင်းဖြစ်ပြီးတော့ အခန်း အောင်းနေတာ။ မေမေရယ် မေမေ့ ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေ ပူပန်နေရ တယ်ဆိုတာ သမီးမေးချင် ကူညီချင်ပေမဲ့ သမီး ရင်ထဲမှာ မေမေ့ထက်မနည်းတဲ့ ဝေဒနာတွေ ခံစားနေရတယ် မေမေ။

သမီးကို မောင်က သိပ်ချစ်တာ။ ကျောင်းမှာပဲဖြစ်ဖြစ်၊ ကျူရှင်မှာပဲဖြစ်ဖြစ် မြလေး၊ မြလေးနဲ့ တစ်မြလေးတည်း မြလေးနေတာ။ ခဲတံချွန်တာကအစ အချဉ်ထုပ် ၀ယ်ပေးတာ အဆုံး အကုန်လုံး မောင်က တာဝန်ယူပေးတာ။

ဟိုနေ့ကတော့ ကျူရှင် မှာ မောင့်မျက်နှာမကောင်း ဘူး မေမေ။ သမီးလည်း မောင့်မျက်နှာ မရွှင်ရင် ဘယ်လိုမှနေလို့ထိုင်လို့မရဘူး။
မောင့်ဆီက သမီးသိချင်တာ သိလိုက်ရတော့ မောင့်ကို အရမ်းသနားသွားတယ် မေမေ။
လာမဲ့ စနေနေ့ မောင့်မွေးနေ့တဲ့ မေမေ။
အဲဒါမောင့်မှာ လှလှပပ ၀တ်စရာ အ၀တ်အစား တစ်စုံဖိုးလောက် အသည်းအသန် လိုနေတာ တဲ့။ အ၀တ်အစားတစ်စုံ ဘယ်လောက်ရှိမှာလဲ မေမေရယ်။ အလွန်ဆုံး တစ်သိန်းဆို လှလှပပရှိမှာပေါ့။ သမီးမောင့်ကို ကတိပေးလိုက်တယ်။

“မောင်ရယ် အဲဒီငွေကလေးလောက်ကတော့ မြလေး တာဝန်ထားပါ” လို့။ မောင့်မျက်နှာလေး ၀င်း ထိန်သွားလိုက်ပုံများ မေမေ့ကို ပြချင်တယ်။ မေမေ့ ယောက်ျားကြီး မျက်နှာနဲ့များ ကွာပါ့။
ဟော ဒီကတွေးလို့ ကောင်းတုန်း အိမ်က အလုပ်သမားက အပေါ်တက်လာပြန်ပြီ။

ခြေသံက ပြင်းပြင်း၊ လူပုံက မည်းမည်း တုတ်တုတ် နဲ့ တကယ့်ကူလီသမားပုံပေါက်ပါ့။ သူ့မျက်နှာမြင်ရတာ ကျက်သရေမရှိဘူး။
ပိုက်ဆံထုပ်ကလေး လွယ်အိတ်ထဲထည့်ပြီး အပြင်ထွက်လာခဲ့တယ်။ ဒီအချိန်လောက်ဆို မောင် မျှော်နေရောပေါ့။

၎။
အောင်နိုင်တစ်ယောက် တော်တော်ကို မောဟိုက်နေပြီ။ တဒီးဒီးကျနေတဲ့ နဖူးက ချွေးတွေက ကြမ်းပေါ် တစ်စက်စက်။
ဘယ်လိုမှ ကျင့်သား မရသေးတဲ့ ပခုံးထမ်း ခေါင်းရွက်အလုပ်ကို လုပ်ရတာ ရွာမှာ တောင်သူ လုပ်ရတာထက် ပင်ပန်းတယ်။
ပင်ပန်းတယ်ဆိုပြီးတော့လည်း မနားရဲဘူး။ အလုပ်က ဒီနေ့မှ စဆင်းတာ ဆိုတော့ လက်ကြောမတင်းဘူး ထင်သွားရင်ဒုက္ခ။

အောက်ထပ်ကနေ အပေါ်ရောက်အောင် တက်လိုက်ရတဲ့ လှေကားထစ်ကချည်း ဆယ့်ကိုးထစ်ကြီးများတောင်ရှိတယ်။
အောင်နိုင် ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲကလို မတ်တတ်ရပ်ပြီး လိုက်လို့ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။
ဆန်အိတ်ကလေးထမ်းပြီး မတ်တတ် ရပ်လိုက်နေရုံပေါ့။
အခုတော့ ဆန်အိတ်က လေးပါတယ်ဆိုမှ ဒူးကပါ မခိုင်ချင်တော့ဘူး။ ထမ်းတက်လိုက် ရတာ ဖတ်ဖတ် ကို မောလို့။ ဒါကြောင့်လည်း အရင် အလုပ်သမားတွေ မမြဲတာ ဖြစ်ရမယ်။
ထမင်းစားတာ တောင် ဆယ်မိနစ်နဲ့ အပြီးစား တဲ့။ ဘာတတ်နိုင်မှာလဲ သူ့ ဆန်စား ရဲရတော့မှာပေါ့။
ရွာမှာထက်စာရင် ဒီမှာက မြွေ မကြောက်ရဘူး မဟုတ်လား။ ပခုံးပေါ်က ဆန်အိတ်ကို ချပြီး အောင်နိုင် အောက်ပြန်ဆင်းလာခဲ့တယ်။

ပွဲရုံ ပိုင်ရှင် ဦးတင်ထွန်းကြီးက ပိုက်ဆံထည့်တဲ့ ဆာလာအိတ် ကြီးမပြီး အပေါ်ထပ်တက် သွားလေရဲ့။
သူတို့များ ချမ်းသာလိုက်သမှ ပိုက်ဆံကို ဆာလာအိတ် နဲ့တောင် ထည့်ယူရ တယ်။

အောင်နိုင်တစ်ယောက် အောက်ထပ်ရောက်လို့ ရေတစ်ခွက်သောက်ပြီး ချွေး တိတ်အောင် ထိုင်နေတုန်းပဲရှိ သေးတယ်။ အိမ်အပေါ်ထပ်ကနေ လှေကားအတိုင်း ပြေးဆင်းလာတဲ့ ခြေသံကြားရတယ်။
“မယဉ်မြ၊ မယဉ်မြ၊ မယဉ်မြရောဟေ့”
ဦးတင်ထွန်းရဲ့ အာခေါင်ခြစ်ပြီး အော်လိုက်တဲ့ အသံကြီးက ပွဲရုံတစ်ခုလုံးကို ခါယမ်း ပစ်လိုက်သလိုပဲ။ အောင်နိုင့်ရင်ထဲ အထိတ်ထိတ်အလန့်လန့်နဲ့ ဖြေမိဖြေရာ ဖြေချပစ်လိုက်တယ်။
“ကျွန်တော် မတွေ့မိဘူးဗျ”
အောင်နိုင့်ရဲ့ ဖြေသံနောက်က မယဉ်မြရဲ့ အိပ်ချင်မူးတူးအသံကြီးက ကပ်ပါလာတယ်။

“ဘာဖြစ်တာတုံး ကိုကြီးရဲ့”
“ဘာဖြစ်ရမလဲဟ မီးခံသေတ္တာထဲမှာ ငွေနှစ်သိန်း ကွာနေတယ်”

မယဉ်မြက ကွက်ခနဲ ပျက်သွားတဲ့မျက်နှာကို အချိန်မီပြင်လိုက်ရင်း-
“တော့ အောက်အံဆွဲထဲက ပိုက်ဆံတွေရော အကုန်ပါလို့လား”
“ပါတာပေါ့ဟ၊ အောက်ကငွေရော အပေါ်ကငွေရော ပေါင်းတဲ့အထဲကမှ နှစ်သိန်းအတိ လျော့နေတာ”

ဦးတင်ထွန်းရဲ့စကားလည်းဆုံးရော မယဉ်မြက ပွနေတဲ့ဆံပင်ကို လက်နဲ့သပ်သပ်ချရင်း အပြင်က ပြန်ရောက်လာတဲ့ သူ့သမီး အငယ်မကို ဖြစ်ကြောင်း ကုန်စင်ရှင်းပြနေတယ်။ သမီးအငယ်မက ကြွက်ပုပ်နံ့ရတဲ့ မျက်နှာမျိုးနဲ့ ရှုံ့မဲ့ပြီး နားထောင်နေတယ်။
“ဒီမှာလည်း ဒီလူတွေပဲရှိတာ၊ တော်ရော ဘာသုံးသေးလဲ”
မယဉ်မြက ရန်သူ့စခန်း ကို အပိုင်စီးမိ ထားသလို လေသံမျိုးနဲ့ ဦးတင်ထွန်းကိုမေးတယ်။

“ဟ ငါက စာရင်းဇယားနဲ့ လုပ်တဲ့ကောင်ဟ၊ သုံးရင်လည်း လုပ်ငန်းအတွက် သုံးတာပဲရှိတယ်”
ဦးတင်ထွန်းက ပြောပြောဆိုဆို ကောင်တာစားပွဲမှာ ၀င်ထိုင်လိုက်တယ်။

“သမီးကလည်း ကျောင်းစာတစ်ဖက်နဲ့ဆိုတော့ မေမေတို့ကို မကူညီနိုင်ဘူး။ သမီး မကူညီနိုင်လို့ ဒီလိုဖြစ်ရတာ”
မြမြသက်က အကယ်ဒမီမှန်းထားတဲ့ မင်းသမီး တစ်ယောက်ရဲ့ အမူအရာနဲ့ သူ့အမေကို လေချိုသွေးတယ်။
 အောင်နိုင်ကတော့ အကောင်းနဲ့ အညံ့ရောထားတဲ့ နှမ်းပုံကြီးပေါ်မှာ တွေတွေကြီးရပ်လို့။

ဦးတင်ထွန်း စဉ်းစားမိတယ်။ တကယ်တမ်း ကွာတာက သုံးသိန်း။ သူ့အစ်မကို ပေးတဲ့ တစ်သိန်းအပြင် နှစ်သိန်းအလို ပြနေသေးတယ်။ ဒါ ဘယ်သူ့လက်ချက်လဲ။ အလုပ်အကိုင်က မကောင်းရတဲ့အထဲ။
ဦးတင်ထွန်း သူ့အတွေးနဲ့သူ သက်ပြင်းကြီးချလိုက်ရင်း မယဉ်မြနဲ့ မြမြသက်ကို ကောင်တာဆီ လာဖို့ လက်ဟန် ခြေဟန်နဲ့ ခေါ်လိုက်တယ်။
ပြီးတော့ ဦးတင်ထွန်းက မေးခွန်းထုတ်လိုက်၊ မယဉ်မြတို့ သားအမိက ဖြေလိုက်နဲ့ ဆွေးနွေးပွဲက နာရီဝက်လောက်ကြာသွားတယ်။

နောက်ဆုံး ဦးတင်ထွန်းက ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချလိုက်သလိုမျိုးနဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။
မယဉ်မြနဲ့ မြမြသက်ကတော့ ကျောက်ချထားတဲ့သင်္ဘောနှစ်စင်းလို ကောင်တာစားပွဲ ဘေးမှာ တွေတွေဝေေ၀ ရပ်နေကြလို့။

သိပ်မကြာလိုက်တဲ့ အချိန်ကလေး အတွင်းမှာပဲ ပွဲရုံရှေ့ကို ယူနီဖောင်းဝတ်နဲ့ လူတချို့ ရောက်လာကြတယ်။

ဦးတင်ထွန်းက ထိုင်နေရာကနေ ပျာပျာသလဲ ထလိုက်ပြီး နှမ်းပုံကြီးပေါ်ကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

“အောင်နိုင်ဆိုတာ သူပဲ”

(၂၀၁၃  ဧပြီလထုတ်  ရွှေအမြုတေ မဂ္ဂဇင်း
http://www.shweamyutay.com မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ဖြစ်ပါတယ်)


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved