အဝေးမြင် ... မန္တလေး

Saturday, June 15, 2013


 



မန္တလေးက အဆဲလေးနှင့်ကြိုသည်။

မနက်စောစော ကျွဲဆည်ကန် ကားဝင်းကို ခရီးသည်တင် ကားဆိုက်သည်နှင့် တပြိုင်နက် အုံခဲလာသည့် ဆိုင်ကယ် တက္ကစီ သမားများကို ဘယ်လိုမှ ရှောင်လို့ မလွတ်အောင် ဖြစ်ရသည်။ ကားပေါ်က ဆင်း၍ မရလောက်အောင် ဆွဲချလုနီးပါး အုံခဲနေသည့် ဆိုင်ကယ် တက္ကစီသမားများကို အတင်းတိုးဝှေ့ဖြတ်သန်းကာ ကားအောက်ရောက်အောင် ဆင်းရသည်။ ကိုယ့် ပစ္စည်းကိုယ် ယူဖို့လည်း အတင်းတိုးဝှေ့ရပြန်သည်။

မန္တလေး အခြေစိုက် သတင်းထောက်က “ပရိုဘောက်စ်တွေ ရှိတယ် အစ်မ။ ပရိုဘောက်စ်ပဲ ငှားစီး” ဟု ကြိုမှာထား သောကြောင့် ပရိုဘောက်စ်ကားများကို မျက်လုံးက ရှာရင်း၊ တက္ကစီသမားများကို ရှောင်ရင်း ကိုယ့်ပစ္စည်းကိုယ် ရွေးယူရသည်။ အနားကနေ တကျီကျီ “တက္ကစီရှိတယ်၊ ဆလွန်းရှိတယ်” ဟု ကပ်ပြောရင်း လူကို ဆွဲမတက် လုပ်ကြပြန်သည်။ အတူပါလာသည့် သတင်းထောက် မေစစ်ပိုင်ကိုလည်း သူတို့က ရိသဲ့သဲ့ ပြောကြသေးသည်။ တက္ကစီသမားများ လူခေါ်ကြပုံကို ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးတွင် ကြုံဖူးသော်လည်း အခုလောက် မဆိုးဟုထင်သည်။ ပရိုဘောက်စ် ကား သုံးလေးစီး ရပ်ထားရာနေရာသို့ တန်းတန်းမတ်မတ် သွားပြန်တော့လည်း အနားက တကျီကျီခေါ်ရင်း လိုက်လာပြန်သည်။ ဘာစကားမှ ပြန်မပြောဘဲ ပရိုဘောက်စ် ကားမောင်းသူကို အဆင်သင့်တွေ့သည်နှင့် ဈေးမေးကြည့်သည်။

မြမန္တလာဟိုတယ် (ယခင် ထွန်းလှဟိုတယ်) ကို ကျပ် ၆၀၀၀ ဟုဆိုသည်၊ မဆိုးလှ။ မန္တလေး အခြေစိုက် သတင်းထောက်က ၇၀၀၀ လောက်တော့ ပေးရမည်ဟု ဆိုထားသဖြင့် ဈေးမဆစ်တော့ဘဲ သွားမည်ဟုဆိုကာ ကားပေါ်အမြန်တက်လိုက်သည်နှင့် အဆဲခံလိုက်ရခြင်းဖြစ်၏။

“--- ပရိုဘောက်စ်နဲ့ လိုက်သွားတယ် --- ပဲ”

ဆဲသံက နားထဲ ကန့်လန့်ကြီး ဝင်လာသည်။ ဒါနဲ့ မပြီးသေး။ ဆဲ၍ လှည့်ထွက်သွားပြီး ကားစက်နှိုးစဉ် နောက်တခေါက် ပြန်လှည့်လာကာ ဆဲပြန်သည်။ သူဆဲသည်ကို စိတ်မဆိုးနိုင်ဘဲ ရယ်ချင်မိ၏။ မန္တလေး အကြို နှုတ်ခွန်းဆက်စကားဟုသာ မှတ်ယူလိုက်သည်။ မေစစ်ပိုင်ကတော့ စောစောစီးစီး ဆဲရမလားဟုဆိုကာ စိတ်ဆိုးချင်နေသည်။

ကားဝင်းနှင့် ဟိုတယ်က နည်းနည်းတော့ လှမ်းသည်။ မန္တလေး သတင်းထောက်က ကားဝင်းမှာပဲ ဆင်းဖို့ ပြောသောကြောင့် ဘူတာကြီးတွင် အရင်ရပ်စဉ် မဆင်းခဲ့။ တကယ်ဆို ဘူတာကြီးနှင့် မြမန္တလာက ပိုနီးသည်။ ကားပေါ်တွင် ဟိုဟိုဒီဒီကြည့်ရင်း မန္တလေး မနက်စောစောက အသက်မဝင်သေးတာ သတိထားမိသည်။ မန္တလေးကို အနှစ် ၂၀ ကာလအတွင်း ပထမဆုံး ပြန်ရောက်တာ ဖြစ်သည့်အတွက် ဘေးဘီဝဲယာက ငေးစရာတွေချည်း ဖြစ်နေသည်။ ပြောင်းလဲသွားသည့် အပြောင်းအလဲ များက စာဖွဲ့၍ မမီ။ အဆောက်အဦးသစ်တွေ ဟီးထလို့၊ ရှော့ပင်းမောတွေ၊ ဘဏ်တွေ၊ ဟိုတယ်တွေ အများကြီး။ တောင်ကြည့်မြောက်ကြည့် ကြည့်ရင်း ဟိုတယ်ရောက်လာသည်။

ခရီးသည်တင် ကားပေါ် လိုက်ပါလာစဉ် သတိထားမိလိုက်တာ တခုရှိသေးသည်။ ရန်ကုန်ကနေ မန္တလေးအလာ လမ်းတလျှောက် ညဘက်မို့ထင်သည်။ ခရီးသည်အားလုံး တိတ်တိတ် ဆိတ်ဆိတ်။ ကားက မန္တလေးဝင်သည်နှင့် “ကွိစိကွစ” အသံတွေ စကြားရသည်။ ဆူညံလာသည်။ မြန်မာစကားတော့ မြန်မာစကား၊ သို့သော် ကျမတို့ နားမလည်သည့် မြန်မာစကားကို ကြိုးစားပြောနေသည့် လူမျိုးခြား အသံများ။ ဒါ လက်ရှိမန္တလေးပဲ။


ဟိုတယ်ရောက်သည်နှင့် ကောင်တာတွင် တွေ့ရသူကလည်း မြန်မာစကားကို ကြိုးစားပမ်းစား ပြောနေရသူ။ ငယ်ငယ်က ဖတ်ဖူးသည့် စာအုပ်အတော်များများတွင် ထွန်းလှဟိုတယ် ဆိုသည့် နာမည် တွေ့ရသည်။ ရန်ကုန်က သွားသည့် စာရေးဆရာ ကြီးငယ်များက ထွန်းလှဟိုတယ်တွင် တည်းကြသည်ဟု ကြားဖူးသည်။ ဟိုတယ် ပိုင်ရှင် ဦးထွန်းလှက စာပေမြတ်နိုးသူ၊ စာရေးဆရာများကို ခင်မင်သူဟု သိရသည်။ သူ့သားတဦးက မန္တလေး အာဇာနည် ၁၇ ဦးထဲတွင် တဦးအပါအဝင် ဖြစ်သည်။ အခုတော့ ဟိုတယ်က အစိုးရပိုင်၊ တရုတ်သူဌေးတဦးကို တနှစ် ကျပ် သိန်း ၄၀ (တရားဝင်) ဖြင့် ငှားထားသည်။
ဟိုတယ်တွင် နားပင်မနားတော့ဘဲ ဈေးချိုဘက်ကို သွားကြည့်ရင်း နံနက်စာစားရန် ထွက်ခဲ့ကြသည်။ ဟိုတယ်က အထွက် ဘယ်ဘက်အချိုးမှာ ကျုံးကိုတွေ့သည်။ တဘလောက် ခပ်တိုတို လျှောက်လိုက်သည်နှင့် ကျုံးကိုရောက်ပြီ။ ဈေးချိုသွားဖို့ ကားငှားမည်ဆိုတော့မှ အခက်တွေ့ရ၏။ မနက်စောစော ဘာတက္ကစီမှ မရှိ။ ဆန်နီပစ်ကပ် ခပ်စုတ်စုတ်ကလေး တစီး နံပါတ် အနီနှင့် တွေ့ရလို့ လှမ်းတားတော့ ရပ်ပေးသည်။ ဈေးချိုကို ကျပ် ၃၀၀၀။ ဈေးချိုရောက်တော့ နံနက် ၇ နာရီကျော်ပြီ။ ဈေးချိုက မဖွင့်သေး၊ လက်ဖက်ရည်ဆိုင်လည်း မတွေ့ရ၊ ဆိုင်တော်တော် များများ ပိတ်ထားဆဲ၊ တချို့ ဖွင့်စ။ ဟိုမေးဒီမေးနှင့် လျှောက်သွားလိုက်တော့ ယူနီစန် လက်ဖက်ရည်ဆိုင်ကို ရောက်သည်။ လူမစည်သေး။ လက်ဖက်ရည်ဆိုင်တွင် မန္တလေးသား ကာတွန်းဆရာ ကာတွန်းငယ်လေး၏ လက်ရာကို နံရံပေါ်တွင် အဖြူအမည်းနှင့် ရေးထားသည်ကို တွေ့ရသည်။ မုန့်တီနှင့် လက်ဖက်ရည် စားသောက်ပြီးတော့ နေပူစပြုပြီ။

ရန်ကုန်က လာသူတဦးအတွက် မန္တလေးက ထင်သလောက်မပူလှ။ မေလဆန်း နေပူသော်လည်း ရန်ကုန်မှာလို လူကို အပူလှိုင်းတွေ ရိုက်ခတ်နေသည်ဟု မထင်ရ။ ကျပ်ညပ်နေသည့် တိုက်ခန်းများနှင့် ထူထပ်သော ကားတန်းများ မရှိသဖြင့် အပူလျော့ခြင်း ဖြစ်နိုင်၏။


မန္တလေးသူ၊ မန္တလေးသားများက အေးအေးဆေးဆေး လှုပ်ရှားနေသည်။ ရန်ကုန်လောက် ဖိအားများပုံမရ၊ နောက်က ကျားလိုက်သလို ပြေးလွှားနေသူများ မတွေ့ရ။ အနည်းငယ် သက်သောင့်သက်သာ ရှိသည်။ ကျုံးရေနှင့် မြို့ရိုး၊ မန္တလေးတောင်၊ တောင်သမန်အင်း၊ ဦးပိန်တံတား တို့က စိတ်ချမ်းသာမှုကို ပေးစွမ်းသည်။ ဧည့်လာချိန် မဟုတ်တော့သဖြင့် လည်ပတ်နေသည့် နိုင်ငံခြားသား သိပ်မတွေ့ရ။


တောင်သမန်အင်းတွင် ထုံးစံအတိုင်း နိုင်ငံခြားသားများကို ကူညီပါ စာတန်းတွေ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင် အင်းဘေးက ဆိုင်တဆိုင်တွင် ဥရောပ နိုင်ငံ တခုခုမှ နိုင်ငံခြားသားတစုနှင့် ဆိုင်ရှင်တို့ အပေးအယူမမျှ ဖြစ်နေတာ တွေ့ရသည်။ မေးကြည့်တော့ ဆိုင်ရှင်ချပေးသည့် ဘီယာပုလင်းက အနည်းငယ် ခဲနေသည်ကို နိုင်ငံခြားသားက မသောက်နိုင်ဟုဆိုကာ ပြန်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ ခပ်ဝဲဝဲ အင်္ဂလိပ်စကားကို ဆိုင်ရှင်က နားမလည်။ ဖွင့်ပြီးသား ဘီယာပုလင်းကို အတင်း ပြန်ထိုးပေးနေသည့် နိုင်ငံခြားသားနှင့် ဆိုင်ရှင်တို့ အနည်းငယ် ပြဿနာဖြစ်ကြသည်။ နောက်ဆုံးတော့ ဆိုင်ရှင်က ဖွင့်ပြီးသား ဘီယာပုလင်းကို ပြန်မယူနိုင်ဟုဆိုသည်။ သို့သော် နောက်ဆုံးမှာ ဆိုင်ရှင်ကပဲ အလျှော့ပေးပြီး ဘီယာပုလင်း အသစ်တလုံး ပြန်လဲပေးလိုက်သည်။ နိုင်ငံခြားသားများကို ကူညီသည့်သဘော ဖြစ်မည်ထင်၏။

မန္တလေးက စီးပွားရေး ကောင်းကြသည်။ ကွမ်းယာသည်၊ အကြော်သည်မှ စ၍ သူ့နည်းသူ့ဟန် အလုပ်ဖြစ်ကြကြောင်း ဒေသခံ ကားသမားတဦးက ပြောပြသည်။ ကုန်စည်ဒိုင်ကြီးကို မြို့ပြင်ရွှေ့လိုက်ပြီ။ ဧက များစွာ ကျယ်ဝန်းသည့် ကုန်စည်ဒိုင် အသစ်ကြီးတွင် ဆိုင်ခန်းသစ်ပေါင်းများစွာ၊ ဂိုဒေါင်ပေါင်းများစွာ ပြင်ဆင်နေပြီ။ ကုန်ကားကြီး တချို့လည်း ဆိုက်ထားသည်။ ဆိုင် လာရောက် ဖွင့်လှစ်သူ သိပ်မတွေ့ရသေး သော်လည်း မကြာမီ မန္တလေး အထက် လားရှိုး၊ မူဆယ် မှစ၍၊ အောက်ပြည် ရန်ကုန်အထိ ပို့ကုန်၊ ဝင်ကုန်များဖြင့် စည်ကား သိုက်မြိုက်လာမည့် နေရာတခု အဖြစ် အရှိန်ယူနေကြောင်း မြင်သာလှသည်။

အားလုံး ဆိုင်ကယ်စီးကြသဖြင့် အငှားကား သိပ်မတွေ့ရ၊ ဧည့်သည်များက ဟိုတယ်က ကားများ၊ ကုမ္ပဏီ ကားများကိုသာ ငှားစီးရသည်။ ရန်ကုန်ထက်စာလျှင် ကားခ ဈေးကြီးသည်။ တဝီဝီ မောင်းချင်သလို မောင်းနေသည့် ဆိုင်ကယ်များကို မစီးရဲသဖြင့် ကုမ္ပဏီကားကိုသာ ငှားစီးရသည်။ မြို့တွင်း မနက် ၆ နာရီမှ ည ၆ နာရီ ကျပ် ၆ သောင်းဝန်းကျင်၊ မြို့ပြင်ဆို တဈေး  ဖြစ်သည်။ မနက် ဘယ်အချိန်စစီးစီး ညနေ ၆ နာရီတွင် ကားသိမ်းရသည်။

ရေနံ့သာရွာရှိ နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းသို့အသွား မန္တလေး - မတ္တရာ လမ်းပေါ်တွင် ထူးထူးခြားခြား လှည်းယာဉ်များ အလှဆင်ထားသည့် ရှင်ပြု အလှူတခု တွေ့သောကြောင့် ဓာတ်ပုံဆင်းရိုက်ဖြစ်သည်။ အလှူကို ဦးဆောင်သူထဲက လူတဦးက “ဟိုဘက်လည်း ရိုက်ပါဦး” “ဒီဘက်ကိုလည်း ရိုက်ပါ” “ဟဲ့ကလေးမတွေ ပြုံးပြုံးလေး နေလေ၊ နင်တို့ကို ဓာတ်ပုံရိုက်မလို့” ဟုဆိုကာ ရိုက်ခိုင်းနေသဖြင့် စိတ်ကျေနပ်အောင် ရိုက်ပေးရသေးသည်။ ရှင်ပြု အလှူကို ခမ်းခမ်း နားနား ပြင်ဆင်ထားသော်လည်း ဓာတ်ပုံဆရာ တဦးမှ မတွေ့ရ။ ကျမတို့ ရိုက်ယူနေသည့် ပုံများ ဘယ်အတွက် သုံးမည်ကိုလည်း သူတို့ မမေး၊ ပြီးတော့ သူတို့ပုံတွေ ပြန်ရမလား ဆိုတာလည်း မတောင်းဆို။ လမ်းခုလပ်တွင် ခေတ္တကားရပ်ကာ ဓာတ်ပုံရိုက်ဖြင်း ဖြစ်သောကြောင့် ကမန်းကတန်း ရိုက်ပေးပြီး ကားပေါ်ပြန်တက်ခါ ထွက်ခွာခဲ့ရသည်။

ရေနံ့သာက အပြန် မန္တလေးမြို့ထဲ ပြန်ရောက်တော့ မြို့တွင်းရှိလမ်းများ၊ ပလက်ဖောင်းများကို ဆေးအသစ် ပြန်သုတ်နေသည်။ သမ္မတ လာရန်ရှိသောကြောင့်ဟု သိရသည်။

တာရဲတန်းတွင် ဇာတ်၊ အငြိမ့် ကြော်ငြာများ ဝေဝေဆာဆာ တွေ့ရသည်။ ကျောက်ဆစ်တန်း အလွန် မဟာမုနိ ဘုရားကြီးတွင် ရွှေဆိုင်းချနေသူများ၊ ပြည်တွင်း ဘုရားဖူးများဖြင့် စည်ကားလှသည်။ ဘုရားကြီး၏ ကိုယ်ထည် ရွှေထုထည်ကဖုထစ်ပြစ်ခဲနေပြီ။ ရွှေမှိုက်ကောက်သူများ နှစ်စဉ် ရွှေပိဿာချိန် ၆ ပိဿာ၊ ၇ ပိဿာခန့်ရကြောင်း သိရသည်။


မန္တလေး ကုသိုလ်တော်ဘုရားဝင်း အတွင်းရှိ သက်တမ်း ၁၁၈ နှစ်ကြာ ခရေပင်ကြီး တချို့ အမြစ်မှကျွတ်ထွက် လဲပြိုနေကြ၏။ ရွှေကျောင်းကတော့ မပြောင်းမလဲ၊ လွန်ခဲ့သည့် အနှစ် ၂၀ ကအတိုင်း။ တောက်ပသည့် နေရောင်အောက်မှ သစ်သားပန်းကြွ လက်ရာများက ကြည့်၍ မဝအောင် တင့်တယ်နေသည်။ ဒါကြောင့်လည်း သမိုင်းကိုလေ့လာလိုသူ၊ အနုပညာလက်ရာ လေ့လာလိုသူများနှင့် နိုင်ငံခြားသား ဧည့်သည်များ မစဲခြင်းဖြစ်မည် ထင်၏။

မန္တလေး နန်းတော်ထဲမဝင်ခင် အဝင်ဝတွင် ကားဒရိုင်ဘာ အောက်ဆင်းပေးရသည်။ စစ်သားတဦးက ကားတံခါးကို ဖွင့်ခိုင်းသဖြင့် ဖွင့်ပေးလိုက်ရသည်။ မှတ်ပုံတင် စစ်ခြင်းဖြစ်၏။ မှတ်ပုံတင်များ ဟိုတယ်တွင် ကျန်ခဲ့ပြီ၊ ဝန်ထမ်းကတ် ပြနိုင်သည်ဟု ဆိုသောအခါ ယင်းစစ်သားက “ရတယ် ရတယ်။ မြန်မာစကား တတ်မတတ် စမ်းကြည့်တာ” ဟု ပြန်ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးခဲ့ပြီးနောက် နန်းတော်ကြီးကို ယခင်ပုံစံမပျက် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း မြန်မာပြည်၏ ထီးနန်းစိုးစံခဲ့စဉ် ခေတ်ကာလတခုကို အမှတ်မရဘဲ မနေနိုင်။

နန်းတော်ဘေး နေပူကျဲကျဲတွင် ရပ်ရင်း သတင်းထောက် မေစစ်ပိုင်က “အရင်က ဒီနေရာမှာ နန်းတွင်းသူ၊ နန်းတွင်းသားတွေ သွားလာလှုပ်ရှားနေကြ မှာပဲနော်” ဟု ပြောသည်။

နန်းတော်ကြီးထဲ လျှောက်ကြည့်ရင်း စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ရေးသည့် “စာဆိုတော်” စာအုပ်ကို အမှတ်ရမိသည်။ သီပေါမင်း၊ စုဖုရားလတ်၊ မောင်ဖေငယ်၊ ဒိုင်းခင်ခင်၊ မောင်မောင်တုတ်တို့ တဦးချင်းစီ၏ ဇာတ်ကောင်စရိုက်များ၊ လွမ်းမောဖွယ်၊ ထိတ်လန့်ဖွယ် နန်းတွင်း အရှုပ် ဇာတ်လမ်းများ၊ အာဏာ ပြိုင်ဆိုင်မှု အပြင် အချစ်လွန် မိန်းမတဦး၏ ကြောက်မက်ဖွယ် စိတ်ဓာတ်တို့ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်ရသည်။

မြောက်နန်း၊ တောင်နန်း၊ အရှေ့နန်း၊ အနောက်နန်း စသဖြင့် စံစားကြသည့် မိဘုရားကြီးများ အပါအဝင် ကိုယ်လုပ်တော် များစွာ၊ မိဘုရားပေါင်းများစွာဖြင့် စံစားခဲ့သည့် သက်ဦးစံပိုင် ဘုရင်စနစ်ကို မစဉ်းစားဘဲ မနေနိုင်။ မန္တလေးသည် ထီးနန်းစိုက်ခဲ့ရာ မြို့ တမြို့ အဖြစ် အရှိန်အဝါ ကြီးမားဆဲ။ ခေတ်မီ နည်းစနစ်များ၊ အပြိုင်အဆိုင် ကြော်ငြာနေကြသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များ၊ သစ်လွင်သော အဆောက်အအုံကြီးများ၊ ဥရောပဆန်ဆန် ကော်ဖီဆိုင်များနှင့်ပင် မန္တလေးက မဟာဆန်ဆဲ ဖြစ်သည်။

သို့သော် မန္တလေးက လွန်ခဲ့သည့် အနှစ် ၂၀ ကနှင့် အနည်းငယ်တော့ ကွဲလွဲနေသည်။ သူစိမ်းဆန်သလို ခံစားရသည်။ နေရာတိုင်းတွင် တွေ့ရ ကြားရသော မရင်းနှီးသည့် တိုင်းခြားမျက်နှာ ဖြူစပ်စပ်များနှင့် မပီမသ မြန်မာစကားသံ များကြောင့် ဖြစ်မည်ထင်၏။

မန္တလေး၏ မပြောင်းလဲခြင်းအရာ တခုတော့ ရှိသည်။ ခြင်ပေါများ ခြင်း။ ညဘက် ဖွဲနှင့် ဆုပ်ပက်သလို အလုံးအရင်းနှင့် ဝင်လာသော ခြင်များက အရင်အတိုင်း မန္တလေးပြယုဂ်ဟု ဆိုရမည်။

မန္တလေးသားများကိုတော့ Brand အစွဲအလန်း ကြီးသူများဟု ယူဆမိသည်။ ဘယ်ဆိုင်က မုန့်တီ၊ ဘယ်က မြီးရှည်၊ ဘယ်ဆိုင်က နန်းကြီး၊ ဖက်ထုပ်က ဘယ်ဆိုင်ကမှ၊ ဖိနပ်ဝယ်မယ်ဆို ဘယ်ဆိုင်မှာဝယ် ဆိုသည့် အစွဲအလန်းကို ဆိုလိုသည်။ သူတို့ ညွှန်သလို ကောင်းလည်း ကောင်းပါသည်။ နာမည်တခုကို တည်ဆောက်ရသည်မှာ မလွယ်ကူသကဲ့သို့ ရလာပြီးသောနာမည်ကို နှစ်ရှည်လများ ထိန်းသိမ်းရသည်မှာလည်း ခက်ခဲပေလိမ့်မည်။ ဒါကလည်း အရင်အတိုင်းပါပဲ။ အစွဲအလန်းကြီးသည့် မန္တလေးသား အများစု အတွက် စိတ်မကောင်းတာ တခုကတော့ သူတို့ စွဲလန်းခဲ့သည့် မြို့လယ်နေရာကို စွန့်ခွာကာ မြို့သစ်သို့ ပြောင်းရွှေ့သွားကြရ သောကြောင့် ဖြစ်သည်။

ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်တွင် စာရေးဆရာ ဆူးငှက်နှင့် ဆုံဖြစ်တော့ သူတို့ စာပေသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာတွေနဲ့ ဂျာနယ်လစ်တွေ အရင်ကလို နေ့တိုင်း လက်ဖက်ရည်ဆိုင်မှာ ဆုံဖို့၊ စကားဝိုင်းဖွဲ့ဖို့ ခက်သွားပြီဟု ဆိုသည်။

“ပွဲတခုခု၊ အခမ်းအနား တခုခု ရှိမှာပဲ ဆုံဖြစ်ကြတော့တယ်။ တယောက် တနေရာစီ ပြန့်ကျဲကုန်ကြပြီ၊ ဆုံဖို့ဆိုရင် တကူးတက လာမှ ရမှာ” ဟု ဆရာဆူးငှက်က ပြောပြသည်။

မန္တလေးမှ ပြန်လည်ထွက်ခွာမည့် နေ့တွင်တော့ မိုးလေပြင်းထန်ခဲ့သည်။ မိုးကောလေပါ ကျချိန်တွင် ကျမတို့က မင်းဘူးဘက် ရောက်နေသည်။ မင်းဘူးမှာ မိုးတပြိုက်ခန့်သာ ရွာခဲ့သော်လည်း မန္တလေး ကန်တော်ကြီးနား ပြန်ရောက်လာတော့ လေမိုးကျခဲ့ သဖြင့် တဲပြိုများ၊ လဲနေသည့် သစ်ပင်သစ်ကိုင်းများ၊ ပြိုလဲလာသည့် သစ်ပင်ပိနေသော ကားတချို့ကို ရုပ်ပျက်ဆင်းပျက် မြင်ရသည်။ မန္တလေးတွင် မိုးသီးများလည်း ကြွေခဲ့သေးသည် ဆို၏။ မြို့ထဲလမ်းများက မိုးကြောင့် ရေမြုပ်နေသည်။ ဒါကတော့ ရန်ကုန်နှင့် ခပ်ဆင်ဆင်။

မန္တလေးက အပြန် ညဘက် ကျွဲဆည်ကန် ကားဝင်းတွင် မီးပျက်နေ၏။ နေ့လယ်က ရွာထားသည့်မိုး အရှိန်နှင့် တဖွဲဖွဲ စွေနေသော မိုးတို့ကြောင့် ကားဝင်းက ဗွက်ပေါက်နေသည်။ ခေတ်မီကားသစ်ကြီးများနှင့် မအပ်စပ်လောက်အောင် မန္တလေး ကားဝင်းက အခြေအနေ ဆိုးသည်။ မီးစက်သံ တဝုန်းဝုန်းကို နားဆင်ရင်း ဗွက်အိုင်များကို ကျော်ရင်းခွရင်း လမ်းလျှောက် ရသည်မှာ မသက်သာလှ။ 

ကားအထွက်တွင် သူစိမ်းဆန်သည့် မန္တလေးက ခပ်တည်တည်နှင့် လက်မပြဘဲ ဗွက်ထ၍ နှုတ်ဆက် ကျန်ရစ်သည်။
အေးချမ်းမြေ့


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved