ကရင်ပြည်နယ်ထဲက မြို့သစ်တခု
Thursday, June 6, 2013
ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်အချို့သည့် အရှေ့တောင်တိုင်း တိုင်းမှူးနှင့်အတူ  မြ၀တီခရိုင် စူကလီမြို့နယ်ခွဲ၊ ကလို့ထူးဘော(DKBA)ဌာနချုပ် စသည့် နေရာများသို့ ယနေ့မွန်းလွှဲပိုင်းတွင် ရောက်ရှိလာသည်။
ကရင်ပြည်နယ် ၀န်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ယနေ့မွန်းလွှဲပိုင်းက DKBA ဌာနချုပ်သို့ရောက်ရှိလာသည် (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
”၀န်ကြီးချုပ်ပြောတာက ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် DKBA အပါအ၀င် ဒေသခံတွေနဲ့ပူး ပေါင်းပြီး လုပ်ဆောင်သွားဘို့အတွက် လာကြည့်တာလို့ပြောပါတယ်၊ လက်ရှိမှာ ဒီဒေသကိုမြို့နယ်ခွဲအဖြစ် လုပ်မယ်ဆိုရင်တော့ အတော့ကိုကြိုးစားရအုံးမယ်။
ဒီမှာကမြို့နယ်တခုရဲ့အနေအထားမရှိသေးပါဘူး၊ အဆောက်အအုံတွေပဲ ရှိပြီး၊ ဘာမှ အကောင်အထည်မဖော်နိုင်ရင် အရာရောက်မှာမဟုတ်ဘူး၊ လုပ်ရင်တော့ ထိထိရောက်ရောက်လုပ်ဘို့ လိုမယ်”
ဟု DKBA မှဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။
စူကလီမြို့နယ်ခွဲသတ်မှတ်ထားသည့်နေရာတွင် မြို့အင်္ဂါရပ်နှင့်တူညီရန် လိုအပ်ချက်များစွာရှိသည့်အတွက် ကရင်ပြည်နယ်အစိုးရအနေနှင့် အမှန်တကယ်ကူညီရန်လိုသည်ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။
ကိုယ်ထူကိုယ်ထစနစ်များလား
စူကလီဒေသခံတဦးဖြစ်သူဦးဖားသူးက ”ရွာကတော့ရွာကြီးပါဘဲ စိုက်ပျိုးရေးလုပ်ငန်း(ပြောင်း)ကို အဓိကစိုက်ကြတာပါ၊ အစိုးရကမြို့နယ်ခွဲဆိုပြီး သတ်မှတ်ကာကတော့ မကြာသေးဘူး။ မြို့ပုံစံတော့မပေါက်သေးပါဘူး ရွာကြီးဆိုတော့လေ၊ တကယ်မြို့ဖြစ်စေချင်ရင်တော့ မြို့နဲ့တူအောင်အများကြီး လုပ်ရပါအုံးမယ်။
လက်ရှိအနေအထားကတော့ မြို့ဆိုပြီးဘယ်လိုမှ ပြောလို့မရသေးဘူး။ အခုလာတဲ့ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကိုစောင့်ကြည့်ရအုံးမယ်၊
သူတို့ စီမံကိန်းချပြီးလုပ်ရင်ဖြစ်နိုင်တယ်၊ ရွာသားတွေပဲ ကိုယ်ထူကိုယ်ထလုပ်ရမယ်ဆိုရင်တော့ ကြာအုံးမယ်” ဟုဆိုသည်။
စူကလီဒေသသည် မြ၀တီမြို့၏တောင်ဘက်တွင်တည်ရှိပြီး မြ၀တီမှကားဖြင့်သွားလျှင် အချိန် ၃ နာရီခန့်ကြာပြီး မြေနီလမ်းအတိုင်း တောင်တက် တောင်ဆင်း သွားလာရသည့် ခရီးကြမ်းဖြစ်သည်။
ပြည်ပ အကူအညီနဲ့ လုပ်မယ်
ကရင်ပြည်နယ်အစိုးရလွှတ်တော်ကိုယ်စားလှယ်တဦးက ”ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကရင်ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ဂျပန်နဲ့နော်ဝေနိုင်ငံတွေက ငွေလှူထားတာတွေရှိတယ်။
ကရင်ပြည်နယ်အစိုးရက အဲဒီကရတဲ့ ငွေနဲ့စူကလီမြို့နယ်ခွဲအပါအ၀င်၊ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးတွေကို အကောင်အထည်ဖော်မှာဖြစ်တယ်။
 ဒေသခံတွေအနေနဲ့ တပြားတချပ်မှထည့်စရာမလိုဘူး ဆိုတာ၊ ဒေသခံတွေကိုသိစေချင်တယ်”ဟုပြောသည်။
အစိုးရသတ်မှတ်ချက်အရ စူကလီမြို့နယ်ခွဲတွင် ဝေါ်လေဒေသနှင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတို့ ပါရှိသည်။  
ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်က သတင်းထောက်များ၏မေးမြန်းမှုကိုဖြေကြားရန်ငြင်းဆိုခဲ့သည်။
.
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved