”မဟာစင်” မုန်တိုင်း အဖျားခတ်သွားလို့ထင်ရဲ့။ ဒီနေ့မနက် မိုးရွာထားလို့ လမ်းတွေက သိပ်ပြီးတော့ ဖုန်မထဘူး။ ပုံမှန်ဆိုရင်တော့ ဒီလမ်းတွေက ဖုန်တထောင်းထောင်းနဲ့ပေါ့။ တချို့နေရာတွေမှာ ရေတွေတောင် အိုင်နေသေးတယ်။ ခု ဆွမ်းခံထွက်ချိန်လောက်မှာတော့ နေလေးတောင် ပွင့်လို့။ ဒါပေမဲ့ မိုးမရွာတော့ဘူးလို့တော့ ဘယ်သူမှ အာမမခံရဲဘူး။ ဒါကြောင့် ၀င်းကတတ်ရွာကလာခေါ်တဲ့ ကိုကျော်ကျော်ဟာ ကန်သင်းတွေကိုဖြတ်ပြီး လယ်ကွင်းပေါ်မှာမောင်းရတဲ့ လမ်းမှာ သူ့ရဲ့ တရုတ်လုပ်ဆိုင်ကယ်လေးကို အပြင်း မောင်းနှင်နေတယ်။
ရွာအ၀င်ကိုရောက်တော့ သူက ”ဒါ ဆရာတော် ဦးထိန်လမ်းပေါ့၊ ခင်းထားတာ မကြာသေးဘူး၊ မိုးမကျခင် တက်သုတ်ရိုက် ခင်းရတာ၊ အောက်ခံလမ်းကြမ်းတော့ ပြီးသွားပြီ။ နောက်နှစ်မှ ဒီအပေါ်က ကျောက်နု ထပ်ခင်းဦးမယ်၊ ခု မိုးကျသွားပြီဆို တော့ လမ်းခင်းလို့ အဆင်မပြေတော့ဘူး” လို့ ဆိုင်ကယ်မောင်းရင်း ပြောပြတယ်။
လမ်းကလေးရဲ့ နံဘားမှာလည်း ဆရာတော် ဦးထေရိန္ဒ မတည်ပြီး ဦးဆောင်ဆောက်လုပ်ထားတဲ့ ၀င်ကတတ်ရွာ အလယ် တန်းကျောင်းကြီးက ရွာ့ကျက်သရေကို ဆောင်နေပါတယ်။ ဆရာတော်ကို ဦးထေရိန်လို့ ခေါ်ကြ ရာက ရွာသားတွေရဲ့ အသံထွက်အရ ဦးထိန်ဆိုပြီးဖြစ်သွားတာပါ။
အသစ်ခင်းထားတဲ့ လမ်းကလေးနဲ့ ပနံရနေတဲ့ စာသင်ကျောင်းကိုတွေ့လိုက် ရတော့ ကျနော့ရင်ထဲမှာ ပီတိအဟုန်လွှမ်းခြုံတဲ့ ကြည်နူးမှုကို ခံစားမိပါတယ်။
ဦးထိန်လမ်းရယ်လို့ ရွာသားတွေ ခေါ်နေကြတဲ့ ဒီလမ်းကလေးမခင်းနိုင်ခင် လမ်းခင်းဖို့ကြိုးစားခဲ့ကြတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက် ရွာသူ ရွာသားတွေရဲ့ အိမ်မက်ဟာ ဒီလမ်းကလေးရဲ့ သမိုင်းလေးမှာ မှတ်ကျောက်အဖြစ် တည်ရှိ နေမှာပါ။
.......
ဝင်းကတတ်ရွာဆိုတာက ပဲခူးတိုင်း ဝေါမြို့နယ်ရဲ့ အစွန်ဆုံးက ရွာတရွာပါ။ ရွာ့ဟိုဘက်ဆို မွန်ပြည်နယ်အစဖြစ်သွားပြီ။ ဒီရွာကိုလာဖို့ဆိုရင် မုပ္ပလင်နဲ့ဝေါမြို့ကိုဆက်သွယ်ထားတဲ့ ကားလမ်းမနားက ညောင်းခါးရှည်ရွာကို အရင်လာရတယ်။ ဒီကမှတဆင့် ပန်းညို၊ ဖိုးစပါယ်၊ တောကြီးစတဲ့ ရွာစဉ်ကိုဖြတ်ပြီးမှ ရောက်တာပါ။ ၀င်းကတတ်ရွာမတိုင်ခင် တောကြီးထိ လမ်းက မဆိုးဘူး။ ဖိုးစပါယ်ဆိုရင် ရွာထဲမှာ ကွန်ကရစ်လမ်းတွေ ဘာတွေတောင် ခင်းထာသေးတယ်။ ၀င်းကတတ်ရွာ ဟိုဘက်က အလုပ်ရွာမှာလည်း လမ်းကကောင်းတယ်။ ဒီတရွာတည်းဘဲ အလယ်မှာကွက်ပြီး လမ်းပျက်နေတာ တဲ့။
၂၀၁၁ ခုနှစ် ၀ါဆိုဦးကာလက ၀င်းကတတ်ရွာက သက်တော်ရှည် ဆရာတော်ကြီးကို တပည့်ဖြစ်သူ ဦးနန္ဒိယက ကန်တော့ဖို့အလာ ဒီလမ်းမှာပေါ့၊ ဆိုင်ကယ်မှောက်လို့ ကန်သင်းပေါ်ကလိမ့်ကျပြီး ဘုန်းကြီးခမျာ တကိုယ်လုံး ရွှံ့တွေ ပေလူးသွားရတယ်။ ရွှံ့ ဗွက်တွေ ပေလူးနေတဲ့ သင်္ကန်းကို ပြန်ဝတ်ပြီး ဆရာတော်ကြီးဆီကို အရောက်သွားဖို့ ကြိုးစားရာ မှာ နောက်တခါ ဆိုင်ကယ်က လယ်ကွက်ထဲ ထိုးကျပြန်ပါလေရော။ ဒါကြောင့် ဦးနန္ဒိယဟာ ပါလာတဲ့ ကန်တော့ပစ္စည်း တွေကို ရွာသားတယောက်ကို အပ်နှံပြီး ပြန်ကြွသွားတယ်။ ပြီးတော့ ဒီလိုလည်း မြည်တွန် တောက်တီးသွားသတဲ့။
”မင်းတို့ ရွာသားတွေ အတော် အသုံးမကျတဲ့ ကောင်တွေ၊ လမ်းလေးတောင် ကောင်းအောင် မခင်းထားကြဘူး”
တကယ်တော့ ဒီလမ်းပေါ်မှာ ဘုန်းကြီး ဦးနန္ဒိယတင် ဘယ်ဟုတ်ပါ့မလဲ၊ ဒီလို မိုးတွင်းမှာဆို နေ့စဉ် လမ်းချော်လို့ ဗွက်လူးနေကြရတာချည်းပါဘဲ။ သက်ကြီးရွယ်အိုလား၊ လူလတ်ပိုင်းလား၊ ကျောင်းသားအရွယ်တွေလား ဆိုတာလောက်ဘဲ ကွဲပြားမယ်။ မိုးတွင်းကာလ လယ်ကန်သင်းရိုးပေါ်မှာ ဆိုင်ကယ်နဲ့မပြောနဲ့ ခြေလျှင်လျှောက်ရင်လည်း ချော်လဲတာဘဲ မဟုတ်လား။ ပြောစရာရှိတာက ဟိုဘက် ဒီဘက်ရွာတွေက ကိုယ့်ရွာအပိုင်းကို ကိုယ်ထူကိုယ်ထ လမ်းဖောက်နိုင်ပါလျှက် အလယ်ခေါင်ကရွာကျမှ လမ်းမခင်းနိုင်တာကတော့ မေးခွန်းတခု ဖြစ်နေတာပေါ့။
အရင်က စီးပွါးရေးပြေလည်တဲ့ ဒေါ်ခင်ခင်ထူးက လမ်းဖောက်ပေးမယ် လုပ်သေးတယ်။ ဒါပေမဲ့ လမ်းပေါ်မှာရှိနေတဲ့ လယ်ပိုင်ရှင်တွေက မြေမပေးနိုင်ဘူးဆိုလို့ မဖောက်ဖြစ်ခဲ့ဘူး။ ဒီအကြောင်းကို ဘန်ကောက်ရောက် ရွာသားတွေကြားမှာ ရွာအကြောင်းပြောတိုင်း ပါနေကြတယ်။ ရွာသားအများစုက ဘန်ကောက်မြို့ အော့နွဲ့အရပ်၊ စိုင်ဟ ကြက်သားစက်ရုံမှာ အလုပ်လုပ်ကြတယ်။ သူတို့နေတဲ့ တိုက်က အထပ်ခြောက်ထပ်ရှိလို့ ခြောက်ထပ်လို့ အလွယ်ခေါ်ကြတယ်။ အဲဒီမှာ ၀င်းကတတ်ရွာသား နှစ်ရာဝန်းကျင်လောက် ရှိတယ်။
.......
ဘန်ကောက်မြို့ ဘန်ဘွန် ဧကချိုင်လမ်းမှာနေတဲ့ ၀င်းကတတ်ရွာသူ ဒေါ်ငယ်တို့ ဇနီးမောင်နှံ နေကြတယ်။ ဒေါ်ငယ့်အမျိုးသားက ဦးဌေးဝင်း။ သူက ၀င်းကတတ်ရွာသား မဟုတ်ဘူး။ ဒါပေမဲ့ ဒီအကြာင်းတွေကို ခဏခဏကြားနေရ တော့ အခြားရွာတွေလိုဘဲ ဒီရွာလမ်းကလေးကို ပြင်ကြရအောင်ဆိုပြီး ဒေါ်ငယ်တို့ ဇနီးမောင်နှံက အိမ်မက်တခုကို စတင်မက်ကြတယ်။
ဘန်ကောက်ရောက် ရွာသူရွာသားတွေနဲ့ ရွာအသင်းတခု ဖွဲ့ပြီး ဒီလမ်းကိုခင်းရအောင်ဆိုတော့ ထောက်ခံတဲ့လူရှိသလို မလုပ်ပါနဲ့လို့ တားတဲ့သူလည်း ရှိတယ်။ ဒီရွာသားတွေ အကြောင်း ခင်ဗျား ဘာမှမသိပါဘူး။ ဦးနင်းပဲ့ထောင်နဲ့ စသဖြင့် ပေါ့။ တချို့က ဘယ်လောက်တောင် ပြောသလဲဆိုရင် ဒီရွာအကြောင်းလာမပြောနဲ့ဆိုတဲ့အထိ။ ဒေါ်ငယ်က စိတ်ဆိုးလို့ ဒါဆို နင်က ဒီရွာအကြောင်း နားမထောင်နိုင်လောက်အောင် ဘယ်သစ်ခေါင်းက ထွက်လာတာလဲလို့ အော်ထုတ်ရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြတယ်။ ရွားသားအချင်းချင်းပေမဲ့ မလိုသူတွေကဆို သူတို့လင်မယားက သိပ်ဆရာကြီးလုပ်တယ် ဆိုပြီးလည်း နောက်ကွယ်မှာ အတင်းတုပ်ခံရတယ်။
ရွာအသင်းဖွဲ့ဖို့ အဆင်မပြေရင်လည်း ဒီလမ်းဖောက်ဖို့ကိစ္စကတော့ ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး ဒေါ်ငယ်တို့ ဆွေမျိုး သားချင်းတွေကို ရနိုင်သရွေ့ စည်းရုံးနှိုးဆော်တယ်။ ဘယ်လောက်ဘဲရရ၊ ရသလောက်နဲ့ မတည်မယ်။ ”မျိုးစေ့မမှန် ပင်မသန်” ဆိုတဲ့စကားပုံ ရှိတာဘဲ၊ တို့စေတနာမျိုးစေ့မှန်ရင် တို့လမ်း ဖြစ်ကိုဖြစ်လာရမှာပါဆိုတဲ့ ယုံကြည်ချက်နဲ့ ခရီး ဆက်လာလိုက်တာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာတော့ လမ်းဖြစ်မြောက်ဖို့ ရောင်ခြည်သန်းလာရုံသာ မဟုတ်ဘဲ တခါတည်း နေလုံးကြီး အရှေ့ဘက်က ထွက်လာတာကို ကြုံခဲ့ရပါတော့တယ်။
ဝင်းကတတ်ရွာဇာတိ ဖြစ်တဲ့ နိုင်ငံတော် သာသနာ့ တက္ကသိုလ် ပါဠိစာပေဌာန ပါမောက္ခ ဆရာတော် ဒေါက်တာ ထေရိန္ဒ ဟာ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ မဟာချူလာလောင်ကွန်း တက္ကသိုလ်မှာပြုလုပ်တဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာ စာတန်း ဖတ်ပွဲကို ကြွလာရင်း ရွာသားအများစုနေတဲ့ ခြောက်ထပ်မှာ တရားတပွဲ ချီးမြှင့်တော်မူခဲ့ပါတယ်။ တရားပွဲမကျင်းပခင် မနက်ပိုင်းမှာ ဆရာတော်ကို လာကန်တော့ကြတဲ့ ရွာသူရွာသားတွေကို ဆရာတော်က ရွာလမ်း ခင်းမယ်ဆိုတဲ့ သတင်းကိုကြားရလို့ ၀မ်းသာကြောင်း၊ လမ်းကောင်းခြင်းရဲ့ အကျိုးဆက်က စီးပွါးရေး ကျန်းမာရေး ပညာရေး ဘာသာရေး စတဲ့ ရပ်ရေးရွာရေးကိစ္စ အားလုံး ကောင်းလာမှာဖြစ်တယ်။ ဒါကြောင့် ဒီကတကာကြီးတို့ တကာမကြီးတို့ ဦးဆောင်မှု နောက်မှာ ပူးပေါင်းပါဝင်ကြ၊ ဒါကိုယ့်ရွာအရေးဖြစ်လို့ ကိုယ်တိုင်လုပ်ကြရမယ်။ ဆရာတော် ကိုယ်တိုင်လည်း ဒီတရားပွဲကရတဲ့ ဓမ္မပူဇာ ထက်ဝက်ကို ရွာလမ်းခင်းရာမှာ ထည့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။
.......
အခု ကျနော်စီးလာတဲ့ဆိုင်ကယ် သွားနေတဲ့လမ်းဟာ အဲဒီ ဘန်ကောက်ရောက် ရွာသူရွာသားများရဲ့ အိမ်မက်မျိုးစေ့က ဖြစ်ပေါ်လာတဲ့ လမ်းပေါ့။ ရွာထဲကိုဝင်လာတော့ ကျော်ကျော်က ”ရွာထဲကလမ်းကိုတော့ ရွားသားတွေ ကိုယ့်ဘာသာကိုယ် ခင်းကြလို့ ဦးထိန်က မိန့်တယ်။ ဒါကြောင့် တရွာလုံး ကိုယ့်အိမ်ရှေ့ကလမ်းကို ကိုယ်တာဝန်ယူ ခင်းနေကြတယ်။ ဟို ဘောက်ဖွင့်နေတဲ့အိမ်က လမ်းခင်းပြီးလို့ အလှူပေးနေတာ” ဟု ပြောပြတယ်။
အိမ်မက်ကောင်းတခုကို အကောင်အထည်ဖော်တဲ့အခါ သင်ဖျူးဖျာပေါ် တက်ထိုင်သလိုတော့ ဘယ်ချောမွေ့ပါ့မလဲ။ အနှောင့်အယှက် ကပျက်ယပျက် ဆိုတာကတော့ ပေါ်တတ်စမြဲဘဲမဟုတ်လား။ မျိုးစေ့ကောင်းကို စိတ်ရှည်လက်ရှည် မြေလောင်းပေါင်းသင်ရင် လောကကို အလှဆင်တဲ့ အကျိုးပြုတဲ့ အပင်တပင်ဖြစ်တတ်ရိုး ထုံးစံမဟုတ်လား။ လမ်းမရှိ သေးရင် လမ်းဖောက်ရမယ်၊ ပျက်နေရင် ပြင်ရမယ်၊ လမ်းဟောင်းကို လမ်းကောင်းဖြစ်အောင် လမ်းသစ်ဖြစ်အောင် လုပ်ရမယ်။ ဒါဟာ ကျနော်တို့ရဲ့ တာဝန်ပါ။
နှလုံးသားကြီးတဲ့လူတွေ ဦးဏှောက်ကြီးတဲ့လူတွေက ရှေ့ဆောင်လမ်းပြမှု ပြုမယ်ဆိုရင် လမ်းဟောင်းတွေ လမ်းကောင်း လမ်းသစ် ဖြစ်လာမှာ မလွဲပါဘူး။ စေတနာကောင်း စေတနာမွန်နဲ့ အိမ်မက်ကြီးကြီးတွေကို မက်ကြဖို့ လိုရင်းပါ။
ပြီးခဲ့တဲ့နှစ်များက ကျောင်းလာရင် ဗွက်လူးခဲ့ကြတဲ့ ကလေးတွေ ဒီနှစ်ကစပြီး ဗွက်လူးခံရမှာ မဟုတ်တော့ပါဘူး။ အခုနေ ဆရာတော် ဦးနန္ဒိယ သူ့ဆရာတော်ကြီးကို လာကန်တော့မယ်ဆိုရင်လည်း ဆိုင်ကယ်ပေါ်က လိမ့်ကျစရာ သင်္ကန်းတွေ ဗွက်ပေစရာအကြောင်း မရှိတော့ပါဘူး။ သက်တော်ရှည်ဆရာတော်ဘုရားကြီး ကျန်းကျန်းမာမာ ရှိမရှိတော့ မကျနော် မသိပါ။
အရင်က ဘာဖြစ်ခဲ့ ဖြစ်ခဲ့၊ ဒီကနေ့မှာတော့ တောကြီးရွာနဲ့ ၀င်းကတတ်ရွာကို ဆက်စပ်ထားတဲ့ ဦးထိန်လမ်းမှာ သုံးရာသီလုံး စိတ်ချမ်းသာစွာ ခရီးသွားနိုင်ကြပါပြီ။
ဘစောတင်
.
0 comments :
Post a Comment