မိုးကုတ်ကျောက်သူဌေး ဦးယောဆက်နဲ့ အင်တာဗျူး

Wednesday, July 31, 2013


မိုးကုတ်မြို့က လီဆူးတိုင်းရင်းသား လုပ်ငန်းရှင် ဦးယောဆက်နဲ့ ဇွန်လဆန်းပိုင်းက တွေ့ဆုံခဲ့ပါတယ်။

မိုးကုတ်မှာရှိတဲ့ သူ့ရဲ့ ရွှေလိပ်ပြာဟိုတယ်မှာ တွေ့ဆုံစဉ် ဧရာဝတီဘလော့မှာ ဖော်ပြဖို့ မေးခွန်းအတော်များများ  မေးမြန်းခဲ့ပါတယ်။
 



ဒီကနေ့ အင်တာဗျူး ပထမပိုင်းမှာ သူ ဘာကြောင့် ကြွယ်ဝလာသလဲ၊ ဘယ်ဇာတိလဲ ဆိုတာတွေ အပါအ၀င် သူ့ မိသားစုအကြောင်း ပြောပြထားတာတွေကို ဖတ်ရမှာ ဖြစ်ပါတယ်။ 



ဦးယောဆက်က ဘယ်ဇာတိလဲ။

ကျနော် မြစ်ကြီးနားမှာ မွေးတာပါ။ လေးငါးနှစ်သားအရွယ်မှာ မိုးကုတ်ကို ရောက်တာပါ။ မိဘတွေနဲ့အတူ အားလုံးပြောင်းလာတယ်။ ပြောင်းလာတဲ့အကြောင်းရင်းက ကချင်ပြည်နယ်မှာလည်း မတည်ငြိမ်ဘူး။
KIO နဲ့ အစိုးရနဲ့ တိုက်ပွဲတွေလည်းဖြစ်တယ်။ နောက်ဆုံး အဖေက မိုးကုတ်မှာ ကျနော်တို့လီဆူးလူမျိုးတွေလည်း ရှိတယ်၊   သူလည်း တခေါက် လာဖူးတယ် ဆိုတော့ ဒီကို ရောက်လာတာပေါ့။

ဦးယောဆက်က ဘယ်နှစ်ခုနှစ်မှာ မွေးသလဲ၊   ကျောင်း ဘယ်မှာ တက်သလဲ။
၁၉၅၇ မှာ မွေးတယ်။ မိုးကုတ်ရောက်ပြီး ကျောင်းတက်တယ်။ ၇ တန်း အထိ ရောက်တယ်။
၇ တန်း ဆိုတဲ့စာက ပြောတော့သာလွယ်တာ၊   ၄ တန်းကျောင်းသားအရွယ်ကတည်းက (ကျောက်တူးဖော်ရေးလုပ်ငန်းမှာ) ခနဲဆေးတယ်၊  
စနေ တနင်္ဂနွေ ကျောင်းပိတ်တဲ့အချိန် အလုပ်ထွက်လုပ်တယ်၊   ငယ်ပြီး အတွေ့အကြုံက နုတော့ တွင်းပြိုကျတော့ ပေါင်မှာ ဒီလောက်ကြီး ဒဏ်ရာ ရှိတယ်၊   မနက် ၂ နာရီမှ ကျနော့်ကို (တွင်းထဲကနေ) ထုတ်လို့ရတယ်။ အဓိကကတော့ မိဘကို၊   အမေ့ကို ကူတာပေါ့။ အဖေကတော့ ကွန်လုံစစ်ပွဲ ဆိုပြီး စစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ မိုးကုတ်က လီဆူးတွေပါ ခေါ်သွားတာ။ လီဆူးတပ်ရင်းတရင်းကို သူက ဦးဆောင်ပြီး တိုက်တာ။

ရှမ်းပြည်နယ်ဘက်မှာလား။ 

 
ဟုတ်တယ်၊   လားရှိုးမှာ။  အဲဒီတုန်းကတော့ ဦးလော်စစ်ဟန်တို့အောက်မှာပေါ့။ ဦးလော်စစ်ဟန်တို့က သူတို့ဟာသူတို့ စီးပွားရေး လုပ်ပေမယ့် ကျနော်တို့အဖေကတော့ သူ့ပင်ကိုယ်စိတ်က ... အဖေက တပ်မှာလည်း နေခဲ့တယ်။

အစိုးရတပ်မှာလား။
ဟုတ်တယ်။ နာမည်က ဦးအာစီး လို့ ခေါ်တယ်။ တပ်ကနေ ဘယ်အချိန်က ထွက်သလဲ ဆိုတော့ KIO (ကချင်လွတ်လပ်ရေးအဖွဲ့) ပေါ်လာပြီးတဲ့အချိန်။ ခရစ်ယာန်အချင်းချင်းလည်း ဖြစ်တယ်၊   ကျနော်တို့လီဆူးလူမျိုးဆိုတာလည်း ကချင်မျိုးနွယ်စုထဲမှာ ပါနေတော့ ကိုယ့်အချင်းချင်း လျှောက်တိုက်တဲ့အလုပ်ကို သူက မလုပ်ချင်တော့ဘူး ဆိုပြီးတော့ သူ ထွက်တယ်။ မိုးကုတ်ကို ရောက်လာတယ်။


ဖခင်ရဲ့ဓာတ်ပုံနဲ့အတူ တွေ့ရတဲ့ ဦးယောဆက်

မိုးကုတ်ကို လာအခြေချတော့ ဦးယောဆက်တို့ မောင်နှမ ဘယ်နှစ်ယောက် ရှိသလဲ။

၆ ယောက်။ ယောက်ျားလေး ၃ ယောက်၊   မိန်းကလေး ၃ ယောက်ပေါ့။ ကျနော့်အထက်မှာ အစ်မ၊   အစ်မပြီးရင် ကျနော်။ အငယ်ဆုံးတယောက်ကတော့ ၈၈ မှာ ဆုံးသွားတယ်လေ။ မိုးကုတ်မှာ ချီတက်နေတုန်း အပစ်ခံရတဲ့ထဲမှာ ပါသွားတယ်။ 
 


အလုပ်ခန်းထဲ ပြသထားတဲ့ တွင်းထွက်ပစ္စည်းမျိုးစုံ

ဦးယောဆက်က ဘယ်လိုကြောင့် ကြွယ်ဝလာတာလဲ။

ဗုဒဘာသာလို ပြောမယ် ဆိုရင်တော့ ကံ ပေါ့။ ခရစ်ယာန်လိုပြောမယ် ဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးပေါ့ဗျာ။ သူများထက်စာရင် ကျနော် နည်းနည်း ပိုကံကောင်းတယ်လို့ပဲ ခံယူတာပေါ့။
ကိုယ်လုပ်ခဲ့တဲ့ဟာကို ပြောရင် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ရာ ကျမယ်။ မြို့အပေါ် ထားတဲ့ စေတနာ၊   မေတ္တာတွေလည်း ပါမှာပေါ့။

ကျောက်တွင်းကနေ တန်ဘိုးကြီးကျောက် ဘယ်လောက် အများဆုံး ရဖူးသလဲ။
ရောင်းဖူးတဲ့ကျောက်ထဲမှာ ကျောက်မျက်ပြပွဲမှာ လေလံတင်လိုက်တဲ့ ဒေါ်လာ ၅,၈၀၀,၀၀၀ (ငါးသန်းရှစ်သိန်း) တန်ကျောက်။ ၁၉၉၃ ခုနှစ်လောက် ဖြစ်မယ်။ ဟောင်ကောင်က အဖွဲ့တဖွဲ့ ဆွဲသွားတာ။ အခုဆိုရင်တော့ ဒေါ်လာ သန်းတရာလောက် တန်မယ်။

ဦးယောဆက်တို့၊   ဦးအောင်သိန်းတို့ ကျောက်တွင်းတွေကနေ ကျောက်တွေအောင်တာ ပြည်တောင်းတတောင်းစာ ရှိတယ်လို့တောင် အရပ်ထဲမှာ ပြောတာ၊   ထင်ကြေးပေးတာ ကြားဖူးခဲ့တယ်။ အဲဒါ ဟုတ်သလား။
အဲဒီလို မဟုတ်ပါဘူး။ ကျနော်က ကျောက်ကို အများဆုံး ပိုဝယ်ရတယ်လို့ ပြောရမယ်။ ဥပမာ ... ကျောက် အပွင့် ၁၀၀ ထွက်ရင် ကျနော်က ၆၀/၇၀ ရာခိုင်နှုန်း ကျနော် မြင်ရ၊   ၀ယ်ရတယ်။ အားလုံးမြတ်တာတော့ မဟုတ်ဘူး။ အရောင်းအ၀ယ်ကနေ ရတာ။ ကျနော်ကိုယ်တိုင် တွင်းလုပ်တာ နည်းတယ်။
ပြီးတော့ ကျနော် ရန်ကုန်မှာ ဟိုတယ်ဆောက်တယ်၊   အဲဒီမြေနေရာက ဟိုခေတ်ကဆိုရင် သိန်း ၁၀၀ ပဲ ပေးရတယ်။ 


ဦးယောဆက် အလုပ်ခန်းအတွင်း ပြသထားတဲ့ တွင်းထွက်ပစ္စည်းများထဲက ပုလဲစိမ်း  မိုးကုတ်မှာ ဘယ်လိုဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖြစ်သလဲ။
အောင်ချမ်းသာကျောင်းဆိုရင် ၇၀ ရာခိုင်နှုန်းက ကျနော် ဆောက်ပေးတာ။ ကျနော်တို့မြို့၊   တိုင်းပြည် တိုးတက်ဖို့က ပညာရေးပဲ။
ကျနော်တို့ကိုယ်တိုင် ဟိုမရောက် ဒီမရောက် သင်ခဲ့ရတယ်။ စိတ်မကောင်းဖြစ်မိတယ်။ အားမရဘူး။ မြို့က ကလေးတွေ ဘယ်နေရာရောက်ရောက် ပညာတတ်ရင်  အထောက်အကူ ဖြစ်မယ်။
ရွှေလိပ်ပြာရွာအတွက် စာသင်ကျောင်း၊   ဘောလုံးကွင်း၊   မိဘမဲ့ကျောင်း၊   ကျနော့် ဘာသာရေးအတွက် ဘုရားကျောင်း၊   ပြီးတော့ သောက်သုံးရေ။ ကျနော်တို့ရဲ့ လူနေမှုအဆင့်အတန်းအတွက် ရေက အရေးကြီးတယ်။ မီးတော့ မလုပ်ပေးနိုင်ခဲ့ဘူး။ ဘတ်စကက်ဘောကွင်းကတော့ ကျနော် ထောင်ထဲရောက်တော့ မရှိတော့ဘူး။

မိဘမဲ့ကျောင်းက ဘယ်လိုဖြစ်သွားသလဲ။
ကျနော် ထောင်ထဲရောက်နေချိန် ကျနော့်အမ အဓိက ကူညီတယ်။ ဗုဒဘာသာ ဘုန်းကြီးတွေလည်း ကူညီတယ်။ ဦးဝင်းမောင်တို့လည်း ကူညီတယ်။ ကလေး အရေအတွက် ၈၀ ရှိတယ်။
တကယ် မိဘမဲ့တာ ဒီထက်မကပေမယ့်လည်း ဒီလောက်ပဲ လက်ခံနိုင်တယ်။

ဘယ်က ကလေးတွေလဲ။
အများဆုံးက လီဆူးလူမျိုး များပါတယ်။ အခုနောက်ပိုင်း လူမျိုး ပိုစုံလာတယ်။ နောက်ဆုံး ဗမာ ကလေး သုံးမွှာပူး၊   ရွှေတောကနေ လာပို့ထားတယ်။ လူမျိုးပေါင်းစုံလို့ ပြောလို့ ရပါတယ်။
ပထမတော့ မိဘမဲ့အရေး လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး။
 



ထောင်ထဲက ပြန်ထွက်လာတော့ ဘယ်လို မြင်သလဲ၊   မိုးကုတ်မြို့မှာ အကြီးအကျယ် ပြောင်းလဲသွားတာ ဘာဖြစ်မလဲ။
ထောင်ကနေ ထွက်လာတဲ့အချိန်မှာ အကြီးအကျယ် ဆုတ်ယုတ်သွားတယ်လို့ပဲ ခံစားမိတယ်။ ထောင်ထဲမှာ ၁၁ နှစ်ကျော် နေလာတယ်။ အဲဒီကာလမှာ အခက်အခဲတွေ အများကြီး ပေါ်လာကြတယ်။ 
ကျနော်ကိုယ်တိုင်က အဆင်းရဲဆုံးလူတွေနဲ့ အမြဲ ဆုံနေရတယ်။ ဒုက္ခသမားတွေနဲ့ ဆုံနေရတော့ သူတို့အကြောင်း ကျနော် အသိဆုံးပေါ့။ ဟိုတုန်းက နည်းနည်းပါးပါး အဆင်ပြေတဲ့၊   နည်းနည်းပါးပါး ချမ်းသာတဲ့သူတွေက အခု လမ်းဘေးရောက်နေပြီ။ ဥပမာ ... ပန်းသေးတန်းအဖွဲ့ကိုပဲ ကြည့်လိုက်။ ဟိုတုန်းက ဒီလူတွေဟာ ကားနဲ့ အရောင်းအ၀ယ် ကောင်းကောင်းလုပ်ပြီး စီးပွားရေးလုပ်နိုင်တဲ့သူတွေ။ အခု ဒီမှာ မနေတော့ဘူး။ မန္တလေး ရောက်ကုန်ပြီ။
ကျနော်တို့နဲ့ပတ်သက်တဲ့သူလည်း ထိုနည်းလည်းကောင်းပဲ၊   မေမြို့ ရောက်တဲ့သူရောက်၊   မိသားစုလိုက် အကုန်ရွှေ့၊   တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ဘာဖြစ်လို့ ဒီလောက်ကြီး ဖြစ်ရသလဲ၊   တဆင့်ပြီးတဆင့် တိုးတက်လာရမှာ။ နိုင်ငံတော်အစိုးရရဲ့ အလုပ်လက်မဲ့ဖြေရှင်းတဲ့အပေါ်မှာ မူတည်မယ်လို့  သုံးသပ်မိတယ်။

မိုးကုတ်မှာ နေတဲ့ လီဆူးတိုင်းရင်းသားထဲက ထင်ရှားတဲ့ ဦးအောင်သိန်း၊   ဦးဝင်းမောင်တို့အကြောင်း နည်းနည်း ပြောပြပါဦး။
ဦးအောင်သိန်း ဆိုတာက ကျနော့် ယောက်ဖ။ ကျနော်က သူ့ညီမကို ယူခဲ့တာ ဆိုတော့။ သူ့စီးပွားရေးအကြောင်းက ဘေးကလူ၊   ကိုယ့်မြို့ကလူက အသိဆုံးဖြစ်မှာပဲ။ ကျနော်တို့ညီအစ်ကိုချင်း ဝေဖန်ရင် လိုတာ ပိုတာ ဖြစ်နေမယ်။ ဆိုးတယ် ကောင်းတယ် ဆိုတာ ကျနော်တို့ ပြောလို့မရဘူး၊   တကယ်တမ်းပြောနိုင်တာက ဒိုင်လူကြီးပဲ။
ဘယ်သူက ဘာဖြစ်တယ်ဆိုပြီး ပြောတာ ကြားမှာပဲ။ ကျနော်မကောင်းတာလည်း ရှိမှာပဲ။

သူတို့ဆီက အတုယူရစရာ ဘာတွေ ရှိခဲ့လဲ။
ကျနော်က စိတ်ဖိစီးမှု များရင် အရက်သောက်တာ များတာပေါ့။ စိတ်လွတ်လက်လွတ်။ ကျနော့် ယောက်ဖတွေ ဆိုရင် အရက် မသောက်ဘူး။
သူတို့က ဘာသာရေးလိုင်း။
ကျနော် အခု ထောင်က ထွက်လာတယ်။ ကျနော့်အမျိုးသမီး အငယ် (ဒုတိယအိမ်ထောင်) က အများကြီး ပေးဆပ်လာခဲ့တယ်။
ထောင်သက် ၁၂ နှစ်မှာ ထောင်ဝင်စာကို  မပျက်အောင် လာတဲ့ သူ့ရဲ့ ကျေးဇူးတွေ ရှိတယ်။ သူ့ကျေးဇူးကို ကျနော် မမေ့ဘူး။ သူ့ကိုလည်း ပြောပြပါတယ်၊   လူတယောက်က ကျေးဇူးတရားကို သိဖို့တော့ လိုတာပေါ့။ ကျနော် အပျော်အပါး ဆိုတဲ့ဟာကို စိတ်တောင် မကူးချင်တော့ဘူး၊   ဒီကျေးဇူးတွေ ထောက်ပြီးတော့။
ပရဟိတကိုတော့ ကျနော် လုပ်ချင်တယ်။ အခုလည်း လုပ်မယ်။ နောင်လည်း လုပ်သွားမယ်။ ပရဟိတ ဆိုတာ မြို့အတွက်၊   တတ်နိုင်ရင် တိုင်းပြည်အတွက်ပေါ့။

အိမ်ထောင်နှစ်ဆက်မှာ သားသမီး ဘယ်နှစ်ယောက် ရှိသလဲ။
ပထမအိမ်ထောင်နဲ့က ၇ ယောက်။ ဒုတိယအိမ်ထောင်နဲ့က အခုဆိုရင် ၃ ယောက် ပြောရမှာပေါ့။ ၂ ယောက် ရှိတာ အခု သားလေး မွေးမယ်၊   မကြာမီပေါ့။

ဒုတိယအိမ်ထောင်ဘက်က စစ်ကိုင်းဘက်ကလား။ ဘယ်မှာ တွေ့ကြတာလဲ။
သူက ဒီပဲယင်းက။ မြန်မာအမျိုးသမီး။ မိုးကုတ်မှာတော့ အိမ်နီးနားချင်း။

ဦးယောဆက်ရဲ့ ဖခင်ဆီကရော ဘာတွေ အတုယူစရာတွေ ရှိခဲ့လဲ။
ကျနော်တို့ အဖေဆီက အတုယူစရာ အကောင်းဆုံးက သူက အဖြောင့်လွန်တာ၊   ငွေကြေး အရှုပ်အရှင်းလည်း ကင်းတယ်၊   တပ်ထဲနေတုန်းက လစာထုတ်ပြီ ဆိုရင် ပိုက်ဆံက မရှိတော့ဘူး၊   သူ့ရဲဘော်တွေ ပေးရတာနဲ့ ဘာနဲ့။ အမေက တအား ဒုက္ခရောက်တယ်၊   ခဏခဏပေါ့။ အဖေက ကျနော်တို့ထက် အဆပေါင်းများစွာ ဖြူစင်တယ်။ မုသား မပြောဘူး၊   မလိမ်မညာဘူး၊   ကချင်ပြည်၊   တရုတ်ပြည်က လီဆူးတွေ သူ့ကို လေးစားတယ်။
အဖေက ၁၉၈၄ လောက်မှာ ဆုံးတယ်။

အမေအကြောင်း နည်းနည်း ပြောပြပါဦး။
အမေကတော့ ပိုက်ဆံကို ခုထက်ထိ ရှာတုန်း။ အသက် ၈၃ နှစ် ရှိပြီ။ အဖေနဲ့ မတူတာက နည်းနည်း ငွေမက်တယ်။ ငွေမမက်ရင်လည်း ကျနော်တို့ ဒုက္ခရောက်ပြီပေါ့။ အမေက ဘာပညာမှ မတတ်ဘူး။ အဖေ ကွမ်းလုံစစ်ပွဲ ဆင်နွဲနေတဲ့အချိန် အမေကပဲ ကျနော်တို့ကို ရှာကျွေးလာတာ။

(အင်တာဗျူးဒုတိယပိုင်းကို ဆက်ပြီးတော့ စာစီစာရိုက် လုပ်နေပါပြီ။ မနက်ဖြန်ညဘက်မှာ ဖတ်ရပါလိမ့်မယ်။ ဦးယောဆက် ဘာတွေလုပ်နေသလဲ၊ သူ ဘာကြောင့် ထောင်ကျခဲ့ရသလဲ၊ မြို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မျှော်လင့်ချက် ဒါတွေကို ဖတ်ရမှာ ဖြစ်ပါတယ်။)



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved