အန်တီတို့ ခေတ်တုန်းက ဂီတပညာရှင်တွေဟာ တဦးကို တဦး တကယ့် မောင်နှမအရင်း တွေလို အင်မတန် ချစ်ခင်ကြတာကွယ့်။ ဒီ ခေတ်မှာလို တည်းခိုစရာ ဟိုတယ်တွေကလည်း မရှိသေးတော့ ပွဲငှားတဲ့ ကန်ထရိုက် အိမ်ဖြစ်စေ၊ သူတို့ နဲ့ ရင်းနှီးတဲ့ သူဋ္ဌေး အိမ်တွေမှာ ဖြစ်စေ တည်းကြရသလို တစ်ခါတစ်လေ ဘုန်းကြီးကျောင်းတွေမှာ ကိုယ့်အိပ်ယာလိပ်နဲ့ကိုယ် တည်းကြရလေ့ရှိတယ်လေ။
ဦးဘွဲ့တို့၊ (အဲဒီတုန်းကအသက်ငယ်ငယ်လေး ပဲ ရှိသေးတဲ့) ချစ်စမ်းမောင်တို့ နဲ့ က စင်ပေါ်မှာပဲ တွေ့ဖြစ်ကြတာများပြီး အတူတူတော့ မတည်းဖူးခဲ့ကြဘူးပေါ့။ ဘုရားကျောင်းမှာလည်း သီချင်း ဆိုရင်း ရံဖန်ရံခါ တွေ့ဖြစ်တော့လည်း နှုတ်ဆက်ရုံပေါ့လေ။
မှတ်မှတ်ရရ ဧရာဝတီတိုင်း စတိတ်ရှိုး ခရီးစဉ်မှာ အရမ်းရင်းနှီးသွားကြတာပါ။ အဲဒီ ခရီးစဉ်မှာတော့ သင်္ဘောစင်းလုံးငှားပြီး အဆိုတော်နဲ့ တီးဝိုင်းအဖွဲ့သားတွေချည်းပဲ ဧရာဝတီတိုင်းတခွင် တမြို့ပြီး တမြို့ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင်၊ မော်ကျွန်းတောင်ပါတယ် ထင်ရဲ့ မှတ်မိသလောက်ပြောတာပါ။ ဒီထက်မကပါဘူး။ လ၀က်နီးပါးလောက် ကြာခဲ့တယ်ထင်တယ်။ အဲဒီမြို့တွေမှာ စတိတ်ရှိုးပွဲတွေ ချိတ်ထားပြီး ဆိုကြရတာမို့ တသက်နဲ့တကိုယ် အဲဒီလို ပွဲမျိုးတွေကို လုံးဝ မဆိုဖူးတာနဲ့ စိတ်ဝင် စားသွားပြီး လိုက်သွားဖြစ်ခဲ့တာပါ။
ခါတိုင်းလို ကန်ထရိုက် အိမ်တွေမှာ မတည်းကြရဘဲ သင်္ဘောပေါ်မှာပဲ အိပ်၊ အဲဒီမှာပဲ စား၊ အဲဒီမှာပဲ ရေချိုးအလှပြင်၊ အ၀တ်လဲ၊ စတိတ်ရှိုး ပြီးတော့ သင်္ဘောပေါ်မှာပဲ စုပြီးအိပ်ကြရတာ ဆိုတော့ အသစ်အဆန်းအနေ နဲ့ပျော်စရာကြီးပေါ့။ ဦးဘွဲ့ကြီးက မဖေါဝါး နဲ့ အတူ ကလေး အားလုံးကို လည်း ခေါ်လာလို့ ကဗျာ တို့ မောင်နှမတွေက တကယ့် ပိစိကွေးလေးတွေ ဆိုတော့ သင်္ဘောပေါ်မှာပဲ ကစားနေကြတာပေါ့။ ကစားရင်း ရေထဲ ပြုတ်ကျ မှာလည်း စိုးရသေးတော့ အားလုံးက ၀ိုင်းထိန်းပေးကြရတာပေါ့လေ။
သင်္ဘောပေါ်မှပဲ နေ့လည် တရေးတမောအိပ်၊ ညနေမိတ်ကပ်လိမ်း၊ ညပွဲ သွားဆိုဖို့ ကုန်းဘောင်တွေပေါ်က ဆင်းရတော့ ဒေါက်ဖိနပ်တွေကို ရွှံ့ပေမှာ စိုးလို့ ကိုင်ဆင်းကြရတာပေါ့။
အန်တီက အိမ်ထောင်နဲ့ဆိုတော့ အဆိုတော် အမေတွေနဲ့ မနက်ဆို ဧရာဝတီတိုင်းက ထွက်တဲ့ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေ ဆင်းဝယ်၊ ဈေးထဲက ဒညင်းသီတွေ ၀ယ်လာပြီး သင်္ဘော သားတွေပြုတ်ပေးတာ၊ မီးဖုတ်ပေးတာကို စားကြနဲ့ပေါ့။
အန်တီက နယ် စတိတ်ရှိုး ရှိတိုင်း ငါးပိရည်ကြိုကို အိမ်က ရှယ်ကြိုလာပြီး ပုဇွန်ခြောက်ငြုပ် သီးမှုန့် နဲ့ဖျော်ပြီး ပုလင်းထဲ ထည့်ယူလာလေ့ရှိသလို ဟေမာ (ဟေမာနေ၀င်း) ကလည်း သူကြိုက်တဲ့ သရက်သီး သနပ် အမြဲယူလာလေ့ရှိတယ်။ ညစတိတ်ရှိုး အပြီး ၃၊ ၄ နာရီလောက်ဆိုရင် ဗိုက်တွေကလည်း ဆာပြီဆိုတော့ ကန်ထရိုက်ကျွေးတဲ့ ညနေက ဟင်းကကုန်သွားလို့ ထမင်းရယ်၊ သရက်သီး သနပ် နဲ့ ငါးပိရည်ကြို အတူ ဆမ်းရင်း နယ်ဖတ်ပြီး တီးဝိုင်း အဖွဲ့သားတွေပါ တယောက်၊ တဇွန်း ကော်စားကြရတာလောက် စားကောင်းတာ မရှိ ဘူးလေ။ (ဧရာဝတီတိုင်း ပွဲတွေမှာတော့ ဟေမာ မပါခဲ့ဘူး။)
အဲဒီ ဧရာဝတီ တိုင်း ခရီးစဉ်မှာ အန်တီ့ကိုမြင်တော့ ဦးဘွဲ့ကြီးက “မ Lorene ခါတိုင်းလိုပဲ ငါးပိရည်ကြို ပါလား” လို့ ဆီးမေးတော့တာပေါ့။ ပါတယ်ဆိုတာ နဲ့ ပြုံးပြီး ၀မ်းသာသွားပုံ ကို မြင်ယောင်နေမိသေး။ ထမင်းစားကြရင် လည်း အားရပါးရ သင်္ဘော ကြမ်းပြင်ပေါ်မှာပဲ စုပြီးထိုင်စားကြတာပေါ့။ ဒါကြောင့် သူရော၊ အန်တီပါ အရမ်းကြိုက်တဲ့ ဒညင်းသီးနဲ့ ငါးပိရည်ဖျော် စားတိုင်း ဦးဘွဲ့ကို အမြဲသတိရ မိပါတယ်။
ဦးဘွဲ့ဟာ တကယ့်ကို စိတ်သဘောထားကောင်းပြီး သူ့ကို ဘယ်အချိန်ပဲကြည့်လိုက် ကြည့်လိုက် အေးချမ်းနေသလို၊ ချစ်စရာ လည်း အရမ်းကောင်းတဲ့ အစ်ကိုကြီး တဦး ပါ။ သူ့ ကိုယ်လုံး ၀၀ကြီး နဲ့ ကြမ်းပြင်ပေါ် ဖင်ချထိုင်လေ့ရှိပြီး အမြဲပြုံးနေ တာပါပဲ။
စောစောစီးစီး ကွယ်လွန်သွားခဲ့တာ အရမ်းပဲ နှမြောမိပါတယ်။ သူ့ရဲ့ ဂီတ အကြောင်းနဲ့ ပတ်သက်ပြီး ပြောမယ့်သူတွေ အများကြီးရှိကြမှာမို့ အန်တီက ပရိသတ် မသိသေးတဲ့ သူ့ရဲ့ ဟန်မဆောင်တတ်၊ ရိုးရှင်းတဲ့ စရိုက် သဘာဝလေးကို အခု (၁၉) နှစ်ပြည့် နှစ်လည် မှာ အမှတ်တရ အနေနဲ့ ကိုယ်နဲ့ ကြုံခဲ့ရတဲ့ အတိုင်း မိုးမခ ပရိသတ်အတွက် ပြန်ပြောပြလိုက်ပါတယ်။
အယ်လ်ခွန်းရီ (အဆိုတော်) @ Lazum Hkawn Yi
***************************************************
စောဘွဲ့မှူး နဲ့ ကျမ သိပ်မရင်းနှီးခဲ့ပေမဲ့ သူဟာ စိတ်သဘောထား ရိုးသား ပွင့်လင်းပြီး ဂီတကို မြတ်မြတ်နိုးနိုး ချစ်ခင်တွယ်တာတဲ့ လူတယောက်အနေနဲ့ သူ့ကို သတိပြုမိခဲ့ပါတယ်။
ဖေဖေ့ စတူဒီယိုမှာ သူ သီချင်း လာသွင်းတဲ့အခါတိုင်း သူလည်း ဂစ်တာတီးတဲ့ သူ့အလုပ်သူလုပ်၊ ကျမလည်း ကိုယ့်ကျောင်းစာ ကိုယ်လုပ်နဲ့မို့ ကျမတို့တွေ စကားဖေါင်ဖွဲ့ရလောက်အောင် အချိန်တွေ မရခဲ့ကြပေမဲ့ စောဘွဲ့မှူးက ကျမ မေမေ ရယ်၊ အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ကိုရေအေး၊ ကိုပီတာတို့ရယ်နဲ့တော့ အတော်လေး ရင်းနှီးခဲ့ပါတယ်။
မေမေကဆို သူ့ကို ”ဘွဲ့” လို့ နာမည်လေးအဖျားဆွတ် ခေါ်တတ်သလို အစ်ကိုတွေကလည်း “ကိုဘွဲ့ကြီး” လို့ ခေါ်လေ့ရှိတယ်။ ကျမလည်း သူ့ကို “ကိုဘွဲ့ကြီး” လို့ပဲ ခေါ်ခဲ့ဘူးတာ မှတ်မိတယ်။
ကိုဘွဲ့ကြီးကလည်း ကျမ မေမေကို “မာမီ” လို့ခေါ်လေ့ရှိပြီး အစ်ကိုငယ် ကိုပီတာကိုတော့ “ပီတာလေး” လို့ ချစ်စနိုးခေါ်တတ်တယ်။ ပီတာလေးအတွက် သီချင်း ၁ ပုဒ်စ၊ ၂ ပုဒ်စလည်း ရေးပေးဖူးတယ်။
တနေ့ … ဖေဖေ့ စတူဒီယိုမှာ သူ သီချင်းလာသွင်းတယ်။ နေ့လည်စာအတွက် အော်ဒါလုပ်ထားတဲ့ ထမင်းဆိုင်က လူတွေကလည်း အချိန်စောနေသေးလို့ ရောက်မလာသေးဘူး။ ဖြစ်ချင်တော့ အဲဒီနေ့မှာ အိမ်မှာလည်း နေ့လည်စာက ချက်နေတုန်း။ သူဗိုက်ဆာနေတာကို မေမေကသိတော့ ဖီးကြမ်းငှက်ပျောသီး ၃ လုံးကို ပန်းကန်ထဲမှာထည့်ပြီး သူ့ကို သွားကျွေးတယ်။
သူ ၀မ်းသာအားရနဲ့ ငှက်ပျောသီး ၃ လုံးကို အကုန်စားပြီးတော့မှ ရယ်ကျဲကျဲနဲ့ပြောတယ်။
“မာမီ့ ငှက်ပျောသီး ၃ လုံးက ဘွဲ့ နံကြားတောင် မကပ်ဖူး” တဲ့။
မေမေလဲ သူ့အပြောကို သဘောကျသွားတယ်ထင်ပါရဲ့…။ ကျန်သေးတဲ့ ဖီးကြမ်းငှက်ပျောသီး တဖီးလုံး အဖီးလိုက် သူ့ကို ချကျွေးလိုက်တယ်။
သူ့ ခန္ဓာကိုယ်ကြီးကလည်း ၀၀တုတ်တုတ်ဆိုတော့ ၀မ်းခေါင်းကလဲ ကျယ်ပေမပေါ့။ ငှက်ပျောသီး ၃ လုံးက အစာအိမ်ထဲတောင် မရောက်နိုင်ဘဲ နံရိုးကြားမှာတင် ပျောက်သွားနိုင်တာပေါ့။ နံကြားတောင် မကပ်ဖူးဆိုတာ ဟုတ်မှာ။
မေမေရော ကျမပါ ဖီးကြမ်းငှက်ပျောသီးစားတိုင်း မကြာခဏဆိုသလို ဒီအကြောင်းလေးကို အမှတ်တရ ပြန်ပြောဖြစ်ကြတယ်။ ကျမတို့တွေလည်း စားစရာ တခုခု စားလို့ မ၀သေးရင် “နံကြားတောင် မကပ်ဖူး” ဆိုပြီး သူ့စကားအတိုင်း လိုက်ပြောဖြစ်ကြတယ်။
အခုထိ သတိရနေဆဲပါ။
ကိုဘွဲ့ကြီး ရောက်ရှိနေတဲ့ ဘ၀သစ်မှာ ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေ။ ဆုမွန်ချွေလျက်။
နှင်းနှင်းအေးဘသိန်း @ Hnynn Hnynn Aye
(ဂီတပညာရှင် စောဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် အမှတ်တရ)
http://moemaka.com/archives/36792
ဆက်စပ် -
နိုင်ဇော် (Lazy Club) ရေးသားတဲ့ ကျွန်တော် နှင့် ဂစ်တာ မှော်ဆရာကြီး
http://moemaka.com/archives/36786
.
0 comments :
Post a Comment