သန်းခေါင်ယံ တံခါးခေါက်သံ

Friday, July 26, 2013


ဆလိုင်းသွှအောင် ~

၂၀၁၂ ဇူလိုင်လ ၌ အရေးပေါ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စ တခုကြောင့် မြန်မာပြည်သို့ ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ ရောက်သွားခဲ့သည်။




ဓာတ်ပုံမျှဝေသူ - Doney MPရန်ကုန် ၌ လုပ်စရာများ မစတင်သေးခင် ရက်အနည်းငယ် လိုနေသေးသည်ဖြစ်၍ ချင်းပြည်နယ်သို့ ခဏ သွား လည်ပတ်လိုက်မည်ဟု ကြံစည်ရာမှ
လေယာဉ်တတန်၊ ကားတတန်ဖြင့် ကျွန်တော့် မွေးရပ်မြေ သို့ အနှစ်သုံးဆယ် မှာ ပထမဆုံး အကြိမ် နှစ်ရက်တာ လည်ပတ် ဖြစ်သွားသည်။  ယင်းနောက် ရန်ကုန် ပြန်ဆင်းလာကာ လုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်ပြီးသည့် အချိန်သည် စောဘွဲ့မှူး ကွယ်လွန်ခြင်း နှစ်ပတ်လည် နေ့ နှင့် ကြုံကြိုက်နေသည် ဖြစ်၍ သူ၏ ဇနီး ဒေါ်ဖေါဝါးက တကူးတက ဖုန်းဆက်ကာ “ဦးဘွဲ့ကွယ်လွန်ခြင်း သတိတရ ဆုတောင်းပွဲ လုပ်ကြမလို့ ငါတို့ဆီ လာခဲ့ပါအုံး”  ဟူ၍ မမျှော့်လင်ဘဲ ဖိတ်ကြားခြင်း ခံခဲ့ရသည်။

ဖြစ်ချင်တော့ ထိုအချိန်သည် ချင်းပြည်နယ်မှ ပြန်ခါစ ဖြစ်၍ ချင်းတောင် ၏ အေးသော ရာသီဥတု နှင့် ရန်ကုန် ၏ မိုးဒဏ်၊ အပူဒဏ် ရောထွေးမှုကို မခံနိုင်ဘဲ တုတ်ကွေး မိသဖြင့် အိပ်ယာထဲ လုံးလုံး ပက်လက်လှဲနေရသည့် အဆင့်ရောက်သွားသည့် အချိန်ဖြစ်နေသည်။  ဒေါ်ဖေါ်ဝါး နှင့် မိသားစုဝင်များကို အလွန် အားနာလှသော်လည်း သူတို့ဆီ မသွားဖြစ်လိုက်ပါ။  အမှန်လည်း သူတို့ဆီ သွားရန် မသင့်တော်ခဲ့ပါ။  သူတို့ဆီ အဖျားကူးစက်မှာ စိုးရိမ်ရသည်။  ကျွန်တော် ရန်ကုန်မှ ထွက်ခွာသည် အထိ အဖျား ဒီဂရီ မကျသေးပါ။

၂၀၁၃ ဇူလိုင်လ နားကပ်ပြန်ပြီ ဖြစ်၍ အွန်လိုင်း မိတ်ဆွေ တဦးက “ဦးဘွဲ့ ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် နှစ်ပတ်လည် အမှတ်တရ မိုးမခ အွန်လိုင်း မီဒီယာ မှာ လုပ်ကြမယ်၊ စာမူလေး ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ပါဝင်နိုင်မလား” ဟူ၍ မေးလာသော အခါမူကား “ပါမယ်” ဟူ၍ ဝမ်းသာအားရ နှင့် မဆိုင်းမတွ လက်ခံလိုက်တော့သည်။

သို့သော်။  မိမိ ဘာရေးမည်နည်း။

နှစ်လ၊ ရာသီ ကြာညောင်း လာသည် နှင့် အမျှ အတိတ်၌ ဖြစ်ပျက်ခဲ့သမျှ အရာများသည် အိမ်မက်အလား တရွေ့ရွေ့ မှေးမှိန် ပျောက်ကွယ်လာရကား ရံဖန်ရံခါတွင် အတိတ်အကြောင်းတွေကို မေ့ရကောင်းလား ဟူ၍ မိမိ ကိုယ်ကိုယ် ပင် အားမလို အားမရ ဖြစ်မိသည်။  သို့ရာတွင် မိမိတို့ ငယ်ရွယ်စဉ်က ခေတ်ရှေ့ပြေး ဂီတဘုရင် ကိုစောဘွဲ့မှူး နှင့် ရင်းရင်းနှီးနှီး မိတ်ဆွေ သူငယ်ချင်း ဖြစ်ခွင့်ရလိုက်သည့် အချိန်တုန်းက မမေ့နိုင်သော ဖြစ်ရပ် တချို့ သည်လည်း စေ့စပ်သိုသိပ်စွာ စုဆောင်းထားပြီး နောက်တဖန် ပြန်လည် မတူးဖေါ်ရသေးတည့် ရတနာသိုက်များ သဖွယ် အတွေးကြော တနေရာ၌ ရှင်သန် ကျန်ရစ်၍ နေဆဲပင်။

အချိန်ကား ကျွန်တော်တို့၏ တတိယ မြောက် သီချင်းခွေ ပြင်ဆင်နေသည့် ကာလ ဖြစ်သည်။  ညနက်ပိုင်း ဖြစ်၍ ထုံးစံအတိုင်း အယ်လ်ဘမ် ဖြစ်မြောက်ရေး အတွက် သီချင်း (၃)/(၄) ပုဒ်ခန့် လိုအပ်နေသေးသည့် အဖြစ် နှင့် ရင်ဆိုင်နေရသဖြင့် ကိုဘွဲ့မှူးတို့ ၏ ရန်ကုန်မြို့လယ်ရှိ တိုင်ခန်းငယ်လေးတခု၌ အပေါင်းအသင်များ နှင့် အချိန်ယူကာ သီချင်း ဖြစ်မြောက်ရေး အတွက် ဖြစ်ညှစ်၍ အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ကြစဉ်က ဖြစ်သည်။

ထိုည၌ လူ လေးငါးဆယ်ယောက် မျှ စုမိကြသည် ဟု ထင်၏။  နေ့ခင်းပိုင်း သီချင်းသွင်းရာမှ အပြန်ဟူ၍လည်း မှတ်မိသလိုလိုတော့ ရှိသည်။  တခြား လူများသည် အသီးသီး ကိုယ့် အဖွဲ့ နှင့် ကိုယ် စကားလက်ဆုံကျ နေကြစဉ်တွင် ကိုဂျွန်သင်ဇမ်း၊ ကိုစောဘွဲ့မှူး နှင် ကျနော်တို့သည် ကြမ်းပြင်ပေါ် တင်ပျဉ်ခွေထိုင်၍ တသီးတသန့် ဝိုင်းဖွဲ့ကာ ဂစ်တာ တလက်ဖြင့် ရောက်ရာ၊ ပေါက်ရာ သီချင်း လုပ်ဆို နေကြသည်။  အင်မတန် ပျော်စရာ ကောင်းလှသည်ပင်။

ထိုခဏ၌ ကျွန်တော်က
“မာလာဆောင် နှင့် ပတ်သက်လို့ ပုံပြင်လေး တပုဒ် ကြားဖူးတယ်” ဟု လွှတ်ကနဲ ဆိုလိုက်မိသည်။

ထိုခေတ်၊ ထိုအခါ တုန်းက ကျွန်တော် နှင့် ကျွန်တော့် ၏ ညီအစ်ကိုများသည် အင်းလျားကန် အနီး ခြောက်မိုင်ခွဲ ၌ အိမ်ခန်း ငှားလျက် နေထိုင်ကြသည် ဖြစ်ရာ ကျွန်တော် မြို့ထဲ က အပြန် တွင် ညည့်နက်နေတတ်သည့် အလျောက် လှည်းတန်းအထိသာ ဘတ်(စ်)ကား စီးရ၍ ပြည်လမ်းပေါ် ပြေးသည့် ဘတ်(စ်)ကား များ မရှိတော့ သောကြောင့် ပြည်လမ်းမကြီး တလျှောက် ခြေလျင် ခရီး လမ်းလျှောက် အိမ်ပြန်ရလေ့ ရှိသည်။

သို့နှင့် မလွှဲမသွေ ကြုံတွေ့ရသည့် ဖြစ်ရပ် တခုမှာ မာလာဆောင် ရှေ့ ရောက်လေတိုင်း အဆိုရှင် တဦးတယောက် သို့မဟုတ် တဦးထက် မကသော အဆိုရှင် အဖွဲ့များသည် သူတို့ အချိန်ဇယား နှင့် သူတို့ အဆောင် ရှေ့ အုတ်ခံပေါ်တွင် ဂစ်တာ တလုံး ပိုက်၍ အကျအန နေရာယူကာ အဆောင်ဘက် ဦးလှည့်လျက် လွမ်းချင်းချ သီချင်း ဆို တတ်ကြသည်။  ညအမှောင်ထဲတွင် ဖြစ်သဖြင့် အဆိုရှင်ကို မမြင်ရသော်လည်း မည်သူ၊ မည်ဝါ ဖြစ်ကြောင်းကို အနည်းငယ်တော့ ရိပ်မိ ရတတ်ပါ၏။  ထို အဆိုရှင်များတွင် နောက်နောင်၌ အင်မတန် ကျော်ကြားသော ဂီတပညာရှင်များလည်း ပါဝင်သည်။

သို့နှင့် ထို အဆိုတော်များကို ကြားရတိုင်း၊ ကြားရတိုင်း စိတ်ထဲ၌ အားကျမိသလို၊ တဘက်၌ ရယ်ချင်သလိုလို၊ ရှက်သလိုလို ခံစားခဲ့မိ၏။  အမှန်ကား ကျွန်တော်သည်လည်း ဂီတဝါသနာ အလွန်ကြီးမားလှသူ ဖြစ်သော်လည်း ထိုသူများလောက် အဆောင်ရှေ့၌ သီချင်းဆိုသည့် အဆင့်အထိ အရည်အချင်းရော၊ ဇွဲရော၊ သတ္တိရော ရှိသူ မဟုတ်ခဲ့ပါ။  ထို့ကြောင့်လည်း အဆောင်ရှေ့၌ သီချင်း ဆိုလေ့ မရှိခဲ့။  နောက်တခုက ထို အဆောင်၌ မိမိ၏ အသိ သို့မဟုတ် မိမိ နှင့် ဆွေမျိုးမကင်းသော သူ တယောက်ယောက် ရှိနေတတ်သောကြောင့် မစွန့်စားရဲသည်လည်း ပါပါသည်။

ထို အရာကို အကြောင်းပြု၍ ကျွန်တော်က အထက်က ဖော်ပြသည့် အတိုင်း မာလာဆောင် ညဥ့်နက်တီးဝိုင်း အကြောင်းကို ပျော်စေ၊ ပျက်စေ၊ ကလက်စေ ဆိုသလို သီချင်း လုပ်ဆို မိလိုက်ခြင်း ဖြစ်သည်။

သို့နှင့် ကိုဘွဲ့မှူး နှင့် တခြား သူတို့ကလည်း “ဟုတ်ပြီ၊ ဟုတ်ပြီ” ဟု ပြောဆိုကာ အားတက်သရော တုံ့ပြန်လာသည် နှင့် “ပုံပြင်ထဲက ဇာတ်လိုက်ကြီး” ဟူ၍ ကျွန်တော်လား၊ ကိုဘွဲ့မှူးလား မသိ ဆက်တိုက် ရောချလိုက်ရာ ကျွန်တော် မှတ်မိပုံ အရ ဆိုလျှင် ကျွန်တော်ကပင် “ဘယ်သူလဲလို့ မမေးပါနဲ့” ဟူ၍ သီချင်း စာကြောင်း တကြောင်းကို ဆောက်လုပ် ပြီးဆုံး စေလိုက်ပါတော့သည်။

နောက်ဆက်တွဲ ပါလာသော သီချင်း စာသားများကား သူတလှည့်၊ ကိုယ်တလှည့် ဖြည့်စွက် ကွန့်မြူးထားကြသည် ဖြစ်၍ မည်သူက မည်သည့် အပိုင်း ကို လွှဖြတ်၊ သံမှိုရိုက်၍ ဆောက်လုပ်ပြီးစေသည် ဆိုသည်ကိုပင် မပြောနိုင်လောက်သော အခြေအနေ သို့ ရောက်သွားခဲ့သည်။  အသေးစိတ် သိလိုက ကျွန်တော့် ထက် မှတ်ဉာဏ် အားကောင်းသော ကိုဂျွန် အနေဖြင့် မှတ်မိကောင်း၊ မှတ်မိနေလိမ့် ဦးမည်။

(စီစဉ်သူ တင်ဆက်သူ မှတ်ချက် - ဆလိုင်းသွှအောင် နှင့် စောဘွဲမှူး တို့ ပူးပေါင်း ရေးဖွဲ့သီးကုံးခဲ့ပြီး ဤ အမှတ်တရ ဆောင်းပါး ရေးသားသူ ဆလိုင်းသွှအောင် သီဆိုခဲ့သည့် တက္ကသိုလ် အဆောင်ညတွေ ရဲ့ အမှတ်သင်္ကေတ၊ ခေတ် အဆက်ဆက် အဆိုတော်ပေါင်းများစွာ ပြန်လည် သီဆိုခဲ့ကြသည့် ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ခေတ်ပေါ် ဂန္တဝင်သီချင်း “အဆောင်သူရဲ(၁၉၇၉)”။)

Music Video URL: http://youtu.be/7Lym4djiwHE

သို့ရာတွင် မည်သူက မည်သည့်အပိုင်း ရေးသွားသည် ဆိုသည်ကို ဖော်ပြလိုသည်ထက် တေးချစ်သူ ကိုဘွဲ့မှူး နှင့် ကျွန်တော် တို့ သူငယ်ချင်းတစု ထိုခေတ်၊ ထိုအခါတုန်းက မည်သို့ တွေ့ဆုံ ပေါင်းသင်းကြသည် ဆိုသည်ကို ဖော်ကျူး လိုခြင်းသာ ဖြစ်သည်။  ထိုည၌ သီချင်း တပုဒ်လုံး ပြီးဆုံးသည့် အထိ တဟားဟား၊ တဝါးဝါး ရယ်မော ရေးဖွဲ့ ခဲ့ကြသည်။  အရက်မသောက်၊ ဆေးမရှူ၊ ဖဲမချဘဲ ဂီတ၌ ရစ်မူးခဲ့ကြသည်။  ထိုအရာများသည် တသက် မေ့လျော့၍ ရနိုင်တော့မည် မဟုတ်သော ဖြစ်ရပ်များ ဟူ၍ သမိုင်း၌ မှတ်တမ်းတင်ထား ရတော့မည်ပင်။

မှတ်မှတ်ရရ ထိုည၌ သီချင်းစပ်ပြီးချိန်ဖြစ်၍ တခြားသောသူများ အသီးသီး အိမ်ပြန်သွားကြပြီ ဖြစ်သော်လည်း အိမ်ပြန်ရန် ညဥ့်နက်လွန်းပြီ ဖြစ်၍ ဘတ်စ်ကားများ မရှိတော့သောကြောင့် ကျွန်တော့်ကို သက်ညှာသော အားဖြင့် ကိုဘွဲ့မှူး သည် နေအိမ်သို့ မပြန်တော့ဘဲ ထိုတိုက်ခန်း၌ပင် ကျွန်တော် နှင့် နေရစ်ခဲ့သည်။  စိတ်စေတနာ အလွန် ကြီးမားသော မိတ်ဆွေကောင်း တယောက်ပင်။

ညဦး သန်းခေါင်ယံ အချိန်၌ တဒုန်းဒုန်း နှင့် အိမ်ရှေ့က တံခါး ခေါက်သံကြောင့် လန့်နိုးကြရာ ဘာဖြစ်သွားမှန်းမသိလိုက်။  မိနစ် အနည်းငယ် အတွင်း တံခါး ခေါက်သောသူများ နောက်သို့ မိမိသည် ကိုဘွဲ့မှူး နှင့် အတူ ဘုမသိ၊ ဘမသိ တကောက်ကောက် လိုက်သွားမိလျက်သား ဖြစ်သွားတော့သည်။  နောက်ထပ် ဆယ်မိနစ်ခန့်အကြာ အချုပ်စခန်းရောက်မှ ကိုဘွဲမှူးက ပြုံးဖြီးဖြီး နှင့် ရှင်းပြချက် အရ ထိုလူများသည် ရပ်ကွက် လုံခြုံရေး အဖွဲများ ဖြစ်ပြီး ဧည့်စာရင်းမတိုင်ဘဲ ကျွန်တော်အား လက်ခံထားသည်ကို တိုင်တန်းထားချက်ကြောင့် လာရောက်ဖမ်းဆီးရန် လာကြသူများ ဖြစ်ကြောင်း သိလိုက်ရပါတော့သည်။  “မင်းမကြောက်နဲ့နော်” ဟူ၍ ကိုဘွဲ့မှူးက ကျွန်တော့် အား တဖွဖွ အားပေးရှာသည်။  သို့နှင့် အချုပ်ခန်းထဲ၌ နှစ်ယောက်သား တရေးမှ မအိပ်လိုက်ရဘဲ မနက်မိုးလင်းသွားတော့၏။

ယင်းကဲ့သို့သော ဖြစ်ရပ်များကြောင့် ကိုဘွဲ့မှူး သည် မိမိအား အချစ်ဆုံး ဟူ၍ပင် ထင်ခဲ့မိ၏။  အမှန်ကား ထိုသို့ ကျွန်တော် တယောက်တည်း သာ မဆိုထားဘိ၊ သူသည် မည်သူနှင့် မဆို စိတ်ထား ဖြူစင်စွာဖြင့် ပေါင်းသင်းဆက်ဆံတတ်သဖြင့် လူချစ်၊ လူခင် ပေါများလှသည်သာမက အထက်က ဖော်ပြခဲ့သည့် အတိုင်း တပါးသော သူအပေါ် အင်မတန် စိတ်စေတနာထား၍ မေတ္တာပြတတ်သော လူကောင်းတယောက် ဖြစ်သည်။

ကိုဘွဲ့မှူး နှင့် ပတ်သက်၍ အောက်မေ့ဖွယ်ဘွယ်ရာ ဖြစ်ရပ်များစွာ ကျန်ရှိပါသေး၏။  သူသည် ကျွန်တော်တို့ သီချင်းခွေများ ဖြစ်ဖြောက်ရေးအတွက် သူတတ်နိုင်သည့်ဘက်က စွမ်းစွမ်းတမန် အစစ အရာရာ အားပေးဆောင်ရွက်ပေးခဲ့သော ကျွန်တော်တို့၏ ကျေးဇူးရှင် တပါးလည်း ဖြစ်၏။  သူ့အား သတိရ အောက်မေ့လွန်းလှပါသည်။

ကျွန်တော် လူတယောက်အား ပြောဖူးခဲ့သည်။  ကိုဘွဲ့မှူး ဘဝတပါးသို့ ကူးပြောင်းသွားသည် မှန်၏။  သို့ရာတွင် သူသည် ကျွန်တော် နှင့် အလှမ်းဝေးသွားသည့် နောက်ပိုင်းတွင် သူမကွယ်လွန်မီ အချိန်အထိ ဘုရားတရားဖက်၍ အလွန်စိတ်အားထက်သန်လှသူ ဖြစ်ရကား “ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” ဟူသော ဘုရား၏ စကားတော်ကို နှလုံးမူ၍ သုံးသပ်စဉ်းစားကြည့်မည် ဆိုပါက အသစ်သော ဘဝ၌ “ချစ်သော စောဘွဲ့မှူး” သည် ယခုအချိန် သူ အင်မတန် ချစ်မြတ်နိုးသော တေးဂီတ ကို ဆက်လိုက် လိုက်စားနေရုံ သာမက တဖက်ကမ်းခပ်အောင် သီဆို ရေးစပ် တတ်ကျွမ်းနေလောက်ပြီ ဟု ခန့်မှန်းနိုင်သလို၊ ယုံလည်း ယုံကြည်မိပါ၏။

ဧည့်စာရင်းတိုင်ရန် လိုတော့မည် မဟုတ်သော သူစံမြန်းရာ နေအိမ်၏ အခန်း တနေရာ၊ အံ့မခန်းဘွယ် ကောင်းကင် စတူဒီယိုသစ်ကြီး၌ တချိန်သောအခါ အတူတကွ တပျော်တပါး သီချင်းရေးစပ် သီဆို တေးသွင်းရင်း ရှေးဟောင်း၊ နှောင်းဖြစ်များကို မြိန်ရေရှက်ရေ စားမြုံ့ပြန် အချိန်ဖြုန်းပစ်ကြဦးမည်ဟူ၍သာ။

ဆလိုင်းသွှအောင်

၂၄ ၊ ဇူလိုင် ၊ ၂၀၁၃

မိုးမခ မှတ်ချက်။    ။  အဝေးမြေ တနေရာတွင် ဂီတဆိုင်ရာ ကိစ္စရပ်များနှင့် အမြဲမပြတ် အလုပ်ရှုပ်နေသည့်ကြားမှ စောဘွဲ့မှူး အမှတ်တရ အစီအစဉ် အတွက် ယခုလို ဆောင်းပါး ရေးသားချီးမြှင့်ပေးခဲ့သည့် စတူဒီယိုခေတ်ဦးနှောင်း ကိုယ်ပိုင်သံစဉ် ရော့ခ်ဂီတ ကို စတင်လမ်းဖောက်ခဲ့သူများထဲမှာ ထိပ်တန်းက ပါဝင်ခဲ့သည့် တေးရေး/တေးဆို/ဂီတပညာရှင် ဆလိုင်းသွှအောင် ကို ကျေးဇူးအထူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းတင်အပ်ပါသည်။

ဤ စောဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် အစီအစဉ် အတွက် ဆောင်းပါးရှင် ဆလိုင်းသွှအောင် ရွေးချယ်ပေးခဲ့သည့် စောဘွဲ့မှူး ရေး၊ ဆလိုင်းသွှအောင် ဆို “စတိတ်ရှိုးဘုရင်မ (၁၉၈၀)” သီချင်းကိုလည်း မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။

Music Video URL: http://youtu.be/vSBPkPX069k

ဆလိုင်းသွှအောင် ၏ ဂီတသစ်ဖန်တီးမှုများကိုလည်း သူ၏ ကိုယ်ပိုင် YouTube စာမျက်နှာ နှင့် Facebook လူမှုကွန်ရက် အွန်လိုင်း စာမျက်နှာများတွင် ခံစားနားဆင် နိုင်ကြောင်း မိုးမခ ဂီတ ချစ်သူများကို တပါတည်း သတင်းကောင်းပါးလိုက်ပါသည်။

Salai Thuah Awng Official YouTube Channel: https://www.youtube.com/user/wb1160
Salai Thuah Awng Official Facebook Page: https://www.facebook.com/salai.thuahawng

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved