၁၀ တန်းအောင်သူများကို ပုသိမ်ပညာဒါနကျောင်း ဂုဏ်ပြု

Wednesday, July 3, 2013



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ ထာဝရအလင်း အခမဲ့ ပညာဒါနကျောင်းက တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြတဲ့  ကျောင်းသား၊ ကျောင်းသူတွေအတွက် တနင်္ဂနွေနေ့က ဂုဏ်ပြုပွဲလေး လုပ်ပေးခဲ့ပါတယ်။

ကျောင်းသား ၁၈ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာမှာ ၅ ဦး အောင်မြင်ခဲ့တာပါ။

သူတို့ကို အခမဲ့ပညာဒါန ဖြန့်ဝေနေတဲ့ဆရာ၊  ဆရာမတွေ၊  ကျောင်းကြီးကြပ်မှုကော်မတီ၊  ကျောင်းသားမိဘတွေ၊  ရပ်မိရပ်ဖတွေနဲ့ အလှူရှင်တွေက  စုပေါင်းပြီး ဂုဏ်ပြုကြတာပါ။ 

“ဆင်းရဲချို့တဲ့ကြတဲ့ ကျူရှင် မယူနိုင်ကြတဲ့ ကျောင်းသား၊  ကျောင်းသူလေးတွေကို ကျနော်တို့ ထာဝရအလင်း ကျောင်းကနေ အခမဲ့သင်ပေးတယ်။
ကျောင်းသားတွေကလည်း ကြိုးစားသလို ဆရာ၊  ဆရာမတွေကလည်း ဂရုတစိုက် ကြိုးစားပမ်းစားသင်ခဲ့ကြလို့ အခုဆိုရင် ၅ ဦး အောင်မြင်သွားခဲ့ပြီ။
အဲဒီအပေါ်မှာ အတိုင်းမသိဝမ်းသာမိပါတယ်။ တနှစ်တာလုံး ပင်ပန်းခဲ့သမျှက ကလေးတွေအောင်တာနဲ့တင် ကျေနပ်သွားပါပြီ” လို့ ကျောင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦသန်းထွန်းက ဧရာဝတီကို ပြောပါတယ်။

စာမေးပွဲအောင်ကျောင်းသားတွေကို ဂုဏ်ပြုဆုတံဆိပ်နဲ့ ငွေကျပ် ၈,၀၀၀ စီ ပေးအပ်ချီးမြင့်ခဲ့ပြီး အခမ်းအနားတက်ရောက်လာတဲ့  ကျောင်းရဲ့သြ၀ါဒဆရာတော်ကလည်း ကျောင်းသား ၁ ဦးကို ငွေကျပ် ၅,၀၀၀ စီ ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။

ထာဝရအလင်းကျောင်းကို ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။

မနှစ်က အတွေ့အကြုံတွေကို အခမဲ့ ပညာဒါနပြုနေတဲ့ ဆရာမ ဒေါ်ရီရီခိုင်က အခုလို ရှင်းပြပါတယ်။

“မနှစ်ကဆိုရင် ကျမက သင်ကြားရေးတာဝန်ခံဖြစ်နေတဲ့အတွက် ကလေးတွေကို စာသင်ရတာအပြင် သူတို့ရဲ့နေမှုစားမှုကအစ ပြဿနာပေါင်းစုံကို ဖြေရှင်းခဲ့ရတယ်။ လူလည်းပင်ပန်း၊  စိတ်လည်းပင်ပန်း၊  အချိန်ကုန်၊  ငွေကုန်ပေါ့။
ဒါတွေအားလုံးက ဒီနှစ် ၅ ယောက် အောင်တဲ့အတွက် ဘယ်ရောက်သွားမှန်းမသိအောင် ပြေပျောက်သွားပါတယ်”

အခုချိန်မှာတော့  ထာဝရအလင်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းဖြေဖို့ ပညာဆည်းပူးနေသူ  ကျောင်းသား ကျောင်းသူ ၂၀ ရှိတယ်၊ သူတို့ကို ဆရာ၊  ဆရာမ ၉ ဦးက အခမဲ့ သင်ကြားပေးနေကြောင်း သိရပါတယ်။

ဒီနှစ်မှာတော့ အနည်းဆုံး ကျောင်းသား ၅၀ ရာခိုင်နှုန်းအောင်မြင်အောင် ကြိုးစားသွားမယ်လို့ ပညာဒါနသင်ပေးနေတဲ့ ဆရာ၊  ဆရာမတွေက ပြောပါတယ်။

“ကျူရှင်ဆရာဆိုတာက အချိန်ရရင်ရသလို ကျောင်းသားတွေကို စာသင်ပြီး ငွေရှာကြတာပါ။
ဒါပေမယ့် ဒီပညာဒါနကျောင်းမှာ ဘာကြောင့်အချိန်ပေးပြီး အခမဲ့လာသင်ဖြစ်သလဲဆိုတော့ ကျနော်တို့တုန်းကလို ငွေမရှိလို့ ကျူရှင်မယူခဲ့ရတဲ့အဖြစ်မျိုးတွေ အခုခေတ်ကလေးတွေကို မကြုံစေချင်လို့ပါပဲ။
ကျနော်ဆို  ၁၀ တန်းကို ၁၅ နှစ်ဖြေပြီးမှ အောင်ခဲ့ရတယ်။ သူတို့ကို အဲ့လို မဖြစ်စေချင်ဘူးလေ” လို့ မြန်မာစာပြဆရာ ဦးတင်အောင်က ပြောပါတယ်။

သွပ်မိုးထားပေမယ့် ဓနိတွေကာထားပြီး ယိုင်နဲ့နဲ့ကြမ်းခင်းတွေနဲ့တည်ဆောက်ထားတဲ့ ဒီကျောင်းလေးမှာ တာဝန် ထမ်းဆောင်နေသူအားလုံး  ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးပြီး အခမဲ့ပရဟိတတာဝန်ထမ်းဆောင်နေသူတွေပါပဲ။

“ကျနော့်နယ်မြေမှာ ခုလိုမွန်မြတ်တဲ့ ပရဟိတစာသင်ကျောင်းလေးရှိတာ ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်ပြီး လိုအပ်တာတွေကို ကျနော်တို့အပိုင်းက  ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ အမှတ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။

ပုသိမ်မြို့မှာ အခမဲ့ပညာဒါနကျောင်းတွေ ၁၀ ကျောင်းထက်မနည်း ဖွင့်လှစ်ထားပြီး ကျောင်းသား ၃၀၀ ကျော်ကို အခမဲ့ပညာဒါန သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။








.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved