အီးမေးသုံးနေသလား? ဟင့်အင်း .... Facebook

Sunday, July 7, 2013


 Facebook နဲ့  အီးမေး ဘယ်ဟာကို အသုံးများသလဲ။

လူငယ်တွေကို အဲ မေးလိုက်ရင် အီးမေးသိပ်မသုံး၊  Facebook ကိုပဲ ဦးစားပေးတယ်လို့ ဖြေတာ ပိုများနေပါတယ်။ 

- သူငယ်ချင်းဟောင်းတွေကို ပြန်တွေ့တဲ့နေရာက Facebook
- ချစ်သူအသစ် ရနိုင်တဲ့ နေရာက Facebook
- ကိုယ်ရေးချင်ရာရေးတာကို လူတွေ ဖတ်ကြ၊ like လုပ်ကြတာ Facebook

ဒီတော့ Facebook မှ Facebook  ဖြစ်နေကြပြီပေါ့။

     နာမည်ကြီးအနုပညာရှင်တွေရဲ့သတင်းတွေကိုလည်း Facebook မှာ အလွယ်တကူ တွေ့ရတာကြောင့် ဒီလို သတင်းမျိုး စိတ်ဝင်စားသူတွေအတွက် အဆင်ပြေပါတယ်။

Facebook မှာက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း ကြည့်လို့ရတယ်။ ကိုယ်တိုင်ကလည်း ကိုယ့်စိတ်ကြိုက်ဓာတ်ပုံ၊  ဗီဒီယိုကို တင်လို့ရတယ်။
Facebook သုံးတဲ့ လူငယ် အများစုက တော့ သူတို့ရဲ့နေ့စဉ်ခံစားမှုတွေကို Facebook ကနေ Post တွေ တင်ပြီး ရေးသားနေကြပါပြီ။

 “Dနေ့ စိတ်အချဉ်ပေါက်နေတယ်…”
“မိုးတွေရွာနေပြီသူငယ်ချင်းတို့”
“လကုန်ရင် စိမ်းလမ်းစိုပြေမှာ သွားစားကြမယ် ဘယ်သူလိုက်မလဲ…”
စတဲ့ နေ့စဉ်ခံစားမှုတွေကနေ အချိန်းအချက်လုပ်တာမျိုးတွေအထိ Facebook က လူငယ် အများအပြားကို အကျိုးပြုနေပါတယ်။ 
တစ်ချို့က သူတို့ရဲ့နံနက်စာကိုတောင် ဓာတ်ပုံရိုက်ပြီး တင်ထားတာ  တွေ့ရတတ်ပါတယ်။

    Facebook ချစ်သူ လူငယ်တစ်ယောက်ကို မေးကြည့်တော့ တစ်နေ့ကို ၃နာရီလောက်တော့ အနည်းဆုံး အသုံးပြုဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံးက Facebook သုံးကြတယ်။ ဒီတော့ ကျွန်တော်လည်း လိုက်သုံးဖြစ်ရာကနေ စွဲသွားတယ်၊
အခုနောက်ပိုင်း Gmail တောင် သိပ်မသုံးဖြစ်တော့ဘူး” လို့ သူက ပြောပါတယ်။


(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

Facebook ထဲမှာ ကြော်ငြာတာကလည်း အလုပ်ဖြစ်လာပါတယ်။
လုပ်ငန်း အတော်များများလည်း Facebook ပေါ် ရောက်နေပါပြီ။
ကား၊ အလှကုန်နဲ့ ဖက်ရှင်ပစ္စည်းတွေကို Facebook မှာ အများအပြား တွေ့ရမှာပါ။
Facebook ပေါ်မှာ သီးခြားမီဒီယာWebsite တွေပေါ်က သတင်းတွေကို မျှဝေနိုင်တာကြောင့် Facebook အသုံးပြုသူတွေက သတင်းစုံ ရနိုင်တယ်လို့ ပြောနိုင်ပါတယ်။

     “ကျွန်တော်တို့ဆိုင်မှာ လာသုံးတဲ့သူတွေ အတော်များများ   Facebook ကို မဖြစ်မနေ သုံးကြတာပါပဲ။
Gmail မသုံးတဲ့သူပဲ ရှိမယ်။ Facebook မသုံးတဲ့လူတော့ မရှိဘူး” လို့ ရန်ကုန်က  အင်တာနက်ဆိုင် ၀န်ထမ်းတစ်ဦးက ဆိုပါတယ်။

    Facebook ကို အခုနောက်ပိုင်းမှာ ဖုန်းနဲ့အသုံးပြုသူတွေလည်း ပိုများလာပါတယ်။
ကိုယ့်ရဲ့ စမတ်ဖုန်းကို အချိန်အတော်များများ  Facebook အတွက်ပဲ ဖွင့်သုံးကြတဲ့သူတွေ ရှိနေပါပြီ။

    Facebook မှာ လွတ်လပ်စွာ ရေးသားနိုင်တဲ့အချက်ကလည်း Facebook အသုံးပြုသူတွေ သဘောကျစရာ ဖြစ်နေတာပါ။

 “Gmail မှာကျတော့ ကိုယ်ပြောချင်တာကိုပြောလို့ရပေမယ့် သိပ်မထိရောက်ဘူးလို့ ထင်တယ်။ ကိုယ်နဲ့သိတဲ့လူလောက်ကိုပဲ မေးလ်က တစ်ဆင့်ပို့ရတာလေ…
Facebook ကတော့ ကိုယ်တင်လိုက်တဲ့ပုံတွေစာတွေကို ကြိုက်တဲ့လူက Share လုပ်၇င် အများကြီးရောက်သွားနိုင်တယ်” လို့ သူက ဆိုပါတယ်။

အသုံးဝင်တဲ့ Facebook ကို မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေနဲ့လည်း ဆက်စပ်ပြီး ပြောစရာ ဖြစ်နေပါပြီ။

 “ရေးချင်ရာ လျှောက်ရေးလို့ ရနေတော့ မစဉ်းစား မဆင်ခြင်ဘဲ ရေးကြတာတွေရှိတယ်။
တစ်ချို့က ရည်ရွယ်ချက်ရှိရှိနဲ့ ၀ါဒဖြန့်တာတွေ၊ သတင်းမှားတွေ တင်တာတွေကို နားမလည်တဲ့သူတွေက Share လုပ်ကြတော့ ပိုဆိုးကုန်တယ်။
အဲဒီကမှ တစ်ဆင့် Facebook ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်လာ တာမျိုးတွေဖြစ်နေကြတယ်၊ ဒါကို သတိထားပြီး ထိန်းသိမ်းကြဖို့တော့ လိုတယ်” လို့ တက္ကစီမောင်းသူတစ်ဦးက ပြောပါတယ်။

ချစ်စရာတွေ မုန်းစရာတွေ ပြောဆိုရေးသား ၀ါဒဖြန့်လို့ ကောင်းတဲ့ Facebook ဟာ ကြော်ငြာလိုသူများအတွက်လည်း မရှိမဖြစ်ပေါ့။

အခမ်းအနားပွဲ ကျင်းပဖို့ Facebook ကနေ တဆင့် ဖိတ်တာကလည်း ထိရောက်မှု ရှိလာပါတယ်။

 “စာအုပ်သစ်မိတ်ဆက်ပွဲ၊  ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေနဲ့ အခမ်း အနား တော်တော်များကို Facebook ပေါ်ကနေ ဖိတ်လာကြတာကို တွေ့ရပါတယ်။  ဒီနည်းက ကုန်ကျစရိတ်လည်း ပိုပြီး နည်းတယ်လေ ၊ ကျွန်တော်တို့ နောက်ပိုင်း ပွဲသတင်းလို ဟာမျိုးတွေကို Facebook သုံးမှပဲ တွေ့တာ များလာတယ်” လို့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။

ကဲ ... အီးမေးထက် ပိုပြီး အသုံးတည့်နေကြတဲ့ Facebook ထဲကို ဒီစာလည်း သေချာပေါက် ရောက်မှာပါ။

သင်လည်း ဒီစာကို    Facebook မှာ တွေ့လို့ ကလစ်ပြီး ဖတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ 

ရွက်စိမ်း ~



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved