ဧရာဝတီအစိုးရနဲ့ ဒေသခံ NGO တွေ ပုသိမ်မှာ ဆွေးနွေးကြပါပြီ

Monday, July 15, 2013


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆက်စပ်လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်စေမယ့်  ဒေသတွင်း NGO   ၅၂ ခု ရဲ့ ဆွေးနွေးပွဲတခု ပုသိမ်မြို့ မြို့တော်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက စတင်ကျင်းပပါတယ်။

၂ ရက်ကြာပြုလုပ်မယ့်  ဒီပွဲကို  ပြည်သူ့ရေးရာ တာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ လို့ အမည်ပေးထားတာပါ။

ဒီဆွေးနွေးပွဲမှာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စည်ပင်သာယာရေးဆိုင်ရာကိစ္စတွေကို  လူမှုအဖွဲ့အစည်းတွေက တိုင်းအစိုးရအဖွဲ့ကို မေးမြန်းကြမှာဖြစ်ပါတယ်။

မေးခွန်းတွေကို သက်ဆိုင်ရာ တိုင်းအဆင့်ဝန်ကြီးတွေက ပြန်လည် ဖြေကြားကြမှာဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အစိုးရနဲ့အပြန်အလှန် ဆွေးနွေးတာတွေပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။


ဒီဆွေးနွေးပွဲကို ဧရာဝတီတိုင်းထဲက မြို့နယ် ၁၉ ခုက လူမှုရေးအသင်းအဖွဲ့ ၅၂ ဖွဲ့ရဲ့ ကိုယ်စားလှယ် ၂၀၀ တက်ရောက်လာသလို သူတို့ရဲ့မေးမြန်းမှုကို
ဖြေကြားဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးအားလုံး စုံညီစွာ တက်ရောက်ခဲ့ကြတာပါ။ 
တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု ဥက္ကဋ္ဌတို့ပါ တက်ရောက်လာတာကိုလည်း တွေ့ရပါတယ်။

 ဒီဆွေးနွေးပွဲကို ဧရာဝတီတိုင်းထဲက လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့သမဂ္ဂတွေ၊ ကွန်ရက်တွေကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် အောက်ခြေရဲ့အသံကို ကြားကြရမယ်မဟုတ်ဘူး လို့ လယ်သမားအရေး ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီကွန်ရက် (NDN) အဖွဲ့ခေါင်းဆောင် ဦးသန်းဝင်းက ပြောပါတယ်။

“အောက်ခြေက ပြည်သူတွေရဲ့အခက်အခဲကို တကယ်ကူညီနေတဲ့ကွန်ရက်တွေ သမဂ္ဂ တွေရဲ့ အသံကိုနားထောင်ခြင်းအားဖြင့် ပြည်သူတွေ ဘယ်လိုခံစားနေရတယ်။ ဘာဒုက္ခတွေ ကြုံနေရတယ်ဆိုတာ အစိုးရပိုင်းကသိနိုင်မှာလေ။ ပြီးတော့ ဒီပြဿနာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကြမလဲ ဆိုတာကို ပူးပေါင်း အဖြေရှာရမှာ။ အခုတော့ တရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတာနဲ့ပဲ ကွန်ရက်တွေ၊ သမဂ္ဂတွေကို ပစ်ပယ်ထားရင်တော့ ပြည်သူတွေ၊ ပြည်သူ့အသံတွေကို ပစ်ပယ်ထားတာနဲ့ အတူတူပါပဲ” လို့   ဦးသန်းဝင်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိဘဲ လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးပိုင်းကိစ္စတွေ ကူညီပေးနေတဲ့ သမဂ္ဂနဲ့  ကွန်ရက်တွေ အများအပြား  ရှိနေပါတယ်။
အရေအတွက်က ၁၀ ဖွဲ့ထက်မနည်းပါဘူး။

လယ်သမားအရေးအတွက် ဆိုရင် ပန်းတနော်အခြေစိုက် တောင်သူလယ်သမားနှင့် ရေလုပ်သားဘ၀ ဖွံ့ဖြိုးရေးသမဂ္ဂနဲ့ ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂ ဆိုပြီး တိုင်းအဆင့်လှုပ်ရှားနေတဲ့ လယ်သမားသမဂ္ဂ ၂ ခုရှိပါတယ်။
ပုသိမ်၊ မြောင်းမြ၊  ဘိုကလေး စတဲ့ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ လယ်သမားသမဂ္ဂတွေလည်း ရှိနေပါသေးတယ်။

ကျောင်းသားအရေး ဆိုရင်လည်း
- ပုသိမ်ခရိုင်ကျောင်းသားသမဂ္ဂ၊
- ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊
- ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ
ဆိုပြီး ၃ ခု  ရှိပါတယ်။

ကွန်ရက်တွေကတော့ ပုသိမ်မြို့တခုတည်းမှာတင်
- လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်၊
- လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ရက်၊
- အမျိုးသားဒီမိုကရေစီကွန်ရက်၊
- အမေ့ရဲ့ကြယ်ပွင့်လေးများကွန်ရက်၊
- လူ့အခွင့်အရေးကွန်ရက်နဲ့ ၅၂၈ ကွန်ရက်
စသဖြင့် ၆ ခုထက်မနည်း ရှိနေကြောင်း သိရပါတယ်။

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved